ရွေးကောက်ပွဲ

ရွေး‌ကောက်ပွဲပြန်လုပ်ရန် နှစ်နှစ်ခွဲကြာမည်ဟု အာဏာသိမ်းခေါင်းဆောင်ပြော

ရွေးကောက်ပွဲအတွက် ပြင်ဆင်စရာရှိသည့်ကိစ္စများ ၂၀၂၃ ဩဂုတ်တွင် ပြီးစီးမည်ဟု အာဏာသိမ်းမှု ခြောက်လပြည့်သည့် ယနေ့(ဩဂုတ်၁)တွင်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုပ်သံမှတစ်ဆင့် အသိပေးသည်။

၂၀၀၈ အခြေခံဥပဒေပါ အရေးပေါ်ကာလပြဋ္ဌာန်းချက်များအရ ပထမတစ်နှစ်နှင့် နောက်ထပ် ခြောက်လနှစ်ကြိမ် (စုစုပေါင်း ၂နှစ်)သာ အာဏာရယူထားနိုင်သည့် သတ်မှတ်ချက်အပေါ် စစ်ကောင်စီက လိုက်နာမည်ဖြစ်ပြီး ထိုကာလကျော်လွန်ပါက ရွေးကောက်ပွဲအတွက် နောက်ထပ်ခြောက်လ အချိန်ယူဦးမည်ဟု ၎င်းက ဆိုသည်။

“ဒီကာလများကို တွက်ကြည့်ရင် (ရွေးကောက်ပွဲဆိုင်ရာ) လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်းပြီးစီးရမယ် ဆိုတာပါပဲ” ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောသည်။

ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေးတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အဓိကလိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ပြောသည်။ ထိုအကြောင်းပြချက်များကြောင့် ရွေးကောက်ပွဲထပ်ရွှေ့ရန် ရှိမရှိကိုမူ ၎င်းက ရှင်းလင်းစွာ မပြောခဲ့ပေ။

သို့သော် ရွေးကောက်ပွဲပြန်ကျင်းပ၍ အနိုင်ရပါတီကို နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်မည်ဆိုသည့် အကြောင်းကို ယနေ့မိန့်ခွန်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နှစ်ကြိမ်ထက်မနည်း ပြောခဲ့သည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တစ်ရက်တွင် ပြုလုပ်သည့် စစ်ကောင်စီအစည်းအဝေး၌ တစ်နှစ်အတွင်း ရွေးကောက်ပွဲဆိုင်ရာကိစ္စများကို ဦးစားပေးဆောင်ရွက်မည်ဟု ဆိုခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နောက်ခြောက်လအကြာတွင် ထိုသို့လေသံပြောင်းသွားခြင်းဖြစ်သည်။ ယင်းနှင့် စပ်လျဉ်း၍ ယခုမိန့်ခွန်းတွင် စစ်ခေါင်းဆောင်က ထည့်သွင်းရှင်းပြခဲ့ခြင်း မရှိပါ။

သို့သော် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရက ဝင်ရောက်စွက်ဖက်၊ မလျော်ဩဇာသုံး၍ အာဏာကို အဓမ္မရယူရန် ကြံစည်ခဲ့သဖြင့် အာဏာသိမ်းရခြင်းဖြစ်သည်ဆိုသော စစ်ကောင်စီ၏ ဖန်တရာထေအကြောင်းပြချက်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့မိန့်ခွန်းတွင် ထပ်မံထည့်သွင်းပြောဆိုသည်။

“မသမာမှုတွေ့ရှိတဲ့ ရွေးကောက်ပွဲခေါင်းစဉ်နဲ့ လွှတ်တော်ကို အတင်းခေါ်ယူပြီး နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ယူဖို့ ဆောင်ရွက်လာတဲ့အတွက် အရေးပေါ်အခြေအနေကြေညာပြီး နိုင်ငံတော်တာဝန်ကို အခြေခံဥပဒေနဲ့အညီ ထိန်းသိမ်းခဲ့ရတာဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲမသမာမှုပေါင်း ၁၁ သန်းကျော်ရှိသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့ပြီး မကြာမီရက်ပိုင်းအတွင်း နိုင်ငံတကာကိုယ်စားလှယ်များကို မျက်မြင်ရှင်းပြရန် ရှိသည်ဟု ဆိုသည်။

ထို့အတူ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)၏ ဧပြီ ၂၄ ထိပ်သီးအစည်းအဝေးက ချမှတ်ခဲ့သည့် မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးရပ်ကိုလည်း လိုက်နာဆောင်ရွက်နေသည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

“အာဆီယံရဲ့ အထူးကိုယ်စားလှယ်အဖြစ် ထားရှိဖို့ မူလအဆိုပြုထားတဲ့ သုံးဦးအနက် ထိုင်းနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း Mr Virasakdi Futrakul ကို သဘောတူထားပြီးဖြစ်ပါတယ်။ သို့သော် အကြောင်းအမျိုးမျိုးနဲ့ အဆိုပြုမှု အသစ်တွေထပ်လာခဲ့လို့ ရှေ့မတိုးနိုင်ဘူးဖြစ်နေတာပါ”ဟု ၎င်းက ပြောသည်။

“ကျွန်တော့်အနေနဲ့ အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်ပြီး တွေ့ဆုံဆွေးနွေးရေးအပါအဝင် အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံမူဘောင်အတွင်းက ဆောင်ရွက်ဖို့ရှိကြောင်း ပြောကြားလိုပါတယ်”ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ပြောသည်။

NLD အစိုးရခေါင်းဆောင်များ၊ ပါတီခေါင်းဆောင်များကို ဖမ်းဆီးကာ စစ်တပ်က အာဏာသိမ်းယူပြီးနောက် စစ်ကောင်စီကို နိုင်ငံတကာက တရစပ်ဖိအားပေးနေချိန်တွင် အာဆီယံက မြန်မာ့အကျပ်အတည်းတွင် ကြားဝင်ဖြေရှင်းပေးရန် ကြိုးပမ်းလာခြင်းဖြစ်သည်။

သို့သော် အာဆီယံဘုံသဘောတူညီချက် ငါးရပ်နှင့် အကျုံးဝင်သည့် အကြမ်းဖက်မှုများချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ညှိနှိုင်းဆွေးနွေးရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများ ခွင့်ပြုပေးရန်ကိစ္စများ မည်သို့ဆောင်ရွက်နေသည်ကိုမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့မိန့်ခွန်းတွင် ထည့်မပြောခဲ့ပေ။

ထို့အတူ အာဏာသိမ်းမှုကြောင့် ခြောက်လဆိုသည့် ကာလတိုအတွင်း မြန်မာနိုင်ငံရင်ဆိုင်နေရသည့် လူမှု၊ စီးပွား အကြီးအကျယ်ပျက်ယွင်းနေမှုများနှင့် ပတ်သက်၍လည်း စစ်ခေါင်းဆောင်က တစ်လုံးတစ်ပါဒမျှ ပြောဆိုခြင်းမရှိခဲ့ပါ။

ကိုဗစ်နိုင်တင်းကပ်ရောဂါ တတိယလှိုင်းနှင့် ကြုံရချိန် ဇူလိုင်လဆန်းမှစ၍ ရန်ကုန်ကဲ့သို့သော လူနေအလွန်ထပ်သည့် မြို့၌ နေ့စဉ် လူထောင်ချီသေဆုံးမှုများအကြောင်းကိုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းမရှင်းပြပါ။

သို့သော် လူအများစု တက်ရောက်ကုသနိုင်ခြင်းမရှိသည့် အစိုးရဆေးရုံနှင့် ကိုဗစ်စင်တာများ မည်သို့၊ မည်ပုံ ပြင်ဆင်ထားကြောင်းကိုမူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်ပြောခဲ့သည်။

၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ဇူလိုင်၂၆ ညပိုင်းတွင် ကြေညာခဲ့သည်။

ထိုလုပ်ရပ်သည် မဲဆန္ဒရှင်ပြည်သူများကို စော်ကားခြင်းပင်ဖြစ်ကြောင်း အနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တုံ့ပြန်ထားသည်။

Related Articles

Back to top button