ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ် နန္ဒာဝန်ဈေးအနီးရှိ ရွှေအိုးဆေးဆိုင်တွင် ကိုဗစ်လူနာများကို ကုသရာတွင်သုံးသည့် သွေးကျဲဆေး (Enoxaparin Injection) ဝယ်ယူရန် တန်းစီနေသူများကို ဇူလိုင် ၃၁၊ နံနက်ပိုင်း၌ ရဲက အင်အားသုံး၍ နှစ်ကြိမ်တိုင် လူစုခွဲနှင်ထုတ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။
“ကျွန်တော် မနက် ၅ နာရီကျော်ကျော်လောက်မှာ ရောက်တယ်။ အဲလိုနဲ့ မိုးလင်းတာနဲ့ လူအုပ်ကြီး(ခန့်မှန်း ရာချီ) က နန္ဒာဝန်ဈေးကျော်ပြီး ထောင်ကျော်လောက်ဖြစ်သွားမယ် ထင်တယ်။ သူက (ရဲတွေ) ကိုဗစ်စည်းကမ်း ဘာညာပြောမယ်ထင်ပါတယ်။ လူစုလူဝေးကို မကြိုက်ချင်ပုံရတယ်” ဟု ဖခင်ဖြစ်သူအတွက် ဆေးရရန် တန်းစီခဲ့သူ အထက်ပါပုဂ္ဂိုလ်က ပြောသည်။
ယင်းဆေးမှာ ကိုဗစ်ရောဂါပိုးတိုက်ခိုက်ခံရမှုကြောင့် အဆုတ်သွေးခဲသူများကို ထိုးနှံပေးလေ့ရှိသည့် အမျိုးအစားဖြစ်ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် ကပ်ရောဂါတတိယလှိုင်းကြုံရချိန်တွင် ဈေးကွက်အတွင်း ရှားပါးခြင်း၊ ဈေးနှုန်းအဆမတန်တက်နေခြင်းတို့ကြောင့် သင့်တင့်သည့်နှုန်းဖြင့် ရောင်းချပေးသည့် နေရာများတွင် တန်းစီဝယ်ယူနေရခြင်းဖြစ်သည်။
ရွှေအိုးဆေးဆိုင်က ၎င်း၏ Facebook တွင် တောင်ဥက္ကလာပဆိုင်ခွဲ၌ Enoxaparin များကို တစ်ချောင်းလျှင် ၁၁၀၀၀ ကျပ်နှုန်းဖြင့် ယနေ့(ဇူလိုင် ၃၁)တွင် ရောင်းချပေးမည်ဟု ယခင်တစ်ရက်တွင် ကြေညာခဲ့သည်။
ယနေ့(ဇူလိုင် ၃၁) နံနက်တွင် တန်းစီနေသူများကို ဆေးဆိုင်က စာရင်းလိုက်ကောက်ကာ တစ်ဦးလျှင် ဆေးနှစ်ချောင်းနှုန်းဖြင့် ၂၇၅ ဦးရောင်းချပေးရန် စီစဉ်ပြီးဖြစ်သော်လည်း နံနက် ၇ နာရီခန့်တွင် ရဲကားတစ်စီးရောက်ရှိလာကာ လူအုပ်ကို ခပ်ကျဲကျဲတန်းစီရန် ညွှန်ကြားသည်ဟု အထက်ပါ ကိုယ်တွေ့ကြုံရသူက ပြောသည်။
ထို့နောက် လူ ၁၀၀ ခန့် ရောင်းချပြီးချိန် ဆေးဆိုင်ပိုင်ရှင်ဟု ယူဆရသူ အမျိုးသမီးရောက်ရှိလာပြီး ဆက်လက်ရောင်းချရန် မဖြစ်နိုင်တော့ကြောင်း တန်းစီစောင့်ဆိုင်းနေသူများကို အသိပေးခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
ဆေးဆိုင်က မရောင်းချနိုင်တော့ကြောင်းပြောပြီး နံနက် ၈နာရီခွဲခန့်တွင် လက်နက်၊ ဒိုင်းကာ စသည်တို့ အပြည့်အစုံတပ်ဆင်ထားသည့် ရဲကားကြီးတစ်စီး၊ ကားလေးနှစ်စီး၊ ပေါင်းသုံးစီးရောက်ရှိလာသဖြင့် ဆေးရရန် တန်းစီစောင့်ဆိုင်းနေကြသည့် ပြည်သူများ လူစုခွဲလိုက်ရသည်ဟု အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
“နောက်ဆုံး ကျွန်တော်ရှိနေတဲ့အချိန်(နံနက် ၈နာရီခွဲ)အထိ လူ ၅၀ ဝန်းကျင်လောက်ပဲ ရှိတော့မယ်။ တချို့ကလည်း ရနိုးနိုးနေရာတွေကို သွားရှာကုန်ကြတာပေါ့။ တချို့လည်း ငိုပြီးတော့ ပြန်သွားတာရှိတယ်” ဟု သူက ဆိုသည်။
နံနက် ၅ နာရီခန့်ကတည်းက ဖခင်အတွက် သွားရောက်တန်းစီခဲ့သည့် ၎င်းသည်ပင်လျှင် ရဲက လာရောက်မတားမြစ်မီ ဆေးဆိုင်က ရောင်းချပြီးသည့် လူ ၁၀၀ နီးပါးစာရင်းတွင် မပါဝင်ခဲ့၍ လက်ဗလာဖြင့် ပြန်ခဲ့ရကြောင်း သိရသည်။
“သူတို့မလာရင် ကျန်တဲ့ ၁၇၅ ယောက်ကို ဆက်ရောင်းမှာ စာရင်းကောက်သွားပြီ။ ဆေးဆိုင်မှာ ဆေးရှိမယ်ဗျာ တစ်ယောက်နှစ်ချောင်းနှုန်းနဲ့ သူတို့တွက်ပြီးသား။ တွက်လို့လည်း သူတို့စာရင်းကောက်ထားတာ” ဟု ၎င်းက ပြောသည်။
ထိုဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရွှေအိုးဆေးဆိုင်တာဝန်ရှိသူများထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပါ။
သို့သော် ရွှေအိုးဆေးဆိုင်၏ Facebook တွင် ယနေ့ နံနက် ၉ နာရီ ခန့်က အများပြည်သူထံ မေတ္တာရပ်ခံချက်တစ်ခု ရေးသားဖော်ပြထားပြီး အကြောင်းခြင်းရာမျိုးစုံ စဉ်းစားချင့်ချိန်နေရသဖြင့် နားလည်ခွင့်လွှတ်ပေးပါရန် ပန်ကြားထားသည်။
အဆိုပါကိစ္စအပေါ် စစ်ကောင်စီဘက်မှ မှတ်ချက်တစ်စုံတစ်ရာ တောင်းခံနိုင်ခြင်း မရှိသေးပါ။