စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သာယာအေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ယမန်နေ့ (ဇူလိုင်၂၉) မနက်၌ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့၍ ဒေသခံ ၃၀၀၀ ခန့် ထွက်ပြေးနေရသည်။
မနက် ၈ နာရီခွဲအချိန်၊ ရွှေဘိုမြို့အရှေ့ဘက် ၉ မိုင်အကွာ အိမ်ခြေ ၅၀ ဝန်းကျင်ရှိသော သာယာအေးရွာအတွင်း စစ်ကားသုံးစီး၊ ရဲကားနှစ်စီး၊ ဆိုင်ကယ်ခြောက်စီးတို့ဖြင့် စစ်ကောင်စီတပ် ရောက်ရှိလာခြင်းဖြစ်သည်။
သာယာအေးရွာမှ ဒလန်ဟု ယူဆရသူတစ်ဦး ဇူလိုင်၂၈ ညပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရပြီးနောက် ထိုသို့ စစ်ကောင်စီတပ်များ ရောက်ရှိလာခြင်းဖြစ်ကြောင်း ရွှေဘိုဒေသခံလူငယ်တစ်ဦးက ပြောသည်။
“(အသတ်ခံရတဲ့)ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ နောက်နေ့မနက်ကို နယ်မြေရှင်းလင်းရေးလုပ်သွားတာ။ စကစသတင်းပေးတစ်ယောက်က ရွာကို ခြိမ်းလားခြောက်လားလုပ်တဲ့အတွက် အဲဒီလူကိုရှင်းလိုက်တဲ့ ဖြစ်စဉ်ပါ။ သူက သာယာအေးရွာကပဲ ပျူစောထီးအဖွဲ့ဝင်ပါ” ဟု ၎င်းလူငယ်က ရွာခံများကို ကိုးကား၍ ပြောသည်။
စစ်ကောင်စီတပ်သည် ရွာအတွင်း ဝင်ရောက်လာသည်နှင့် ရွာဘုန်းကြီးကျောင်းကို ပစ်ခတ်စီးနင်းလိုက်ကြောင်း၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (PDF) ၏ အဖွဲ့ဝင်များဖြစ်သည်ဟူသော သံသယဖြင့် ရွာမှ လူငယ်လေးဦး ဖမ်းဆီးခံရသည်ဟု ကြားသိရကြောင်း သာယာအေးရွာမှ ၂ မိုင်အကွာ ကိုးပင်ကျေးရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“လက်နက်ကြီးနဲ့ထုတယ်။ ကျွန်တော်တို့ဘက်က ကြားလိုက်တယ်။ ဘယ်နှချက်ရယ်လို့ အတိအကျမပြောနိုင်ဘူး။ အခု ဖမ်းသွားတာက လေးယောက်ဖမ်းသွားတယ်။ တစ်ယောက်က ပစ်ခံရတယ်။ သေလား၊ ရှင်လားတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။
“နှစ်ဖက်အပြန်အလှန်မျိုး ပစ်ချိန်မရလိုက်ဘူး။ သူလျှို(စစ်တပ်သတင်းပေး)က လုပ်တာနဲ့ အမှတ်မထင် (စစ်တပ်) က ရောက်လာတာ ပြင်ဆင်ချိန်မရလိုက်ဘူး။ ခေါင်းဆောင်တွေကို မေးပြီး ပေါ်ပြီဆိုမှ (ဖမ်းခံရသူတွေ) ပြန်လွှတ်မှာပေါ့။ ဆိုင်တယ်ဆိုရင်လည်း ပြန်မလွှတ်ဘူးပေါ့” ဟု အထက်ပါအမျိုးသားက ပြောသည်။
အထက်ပါဒေသခံများ၏အဆိုအရ သာယာအေးရွာအပါအဝင် အနီးအနားရှိ ချပ်သင်း၊ ဘိုးတော်တော၊ ပေါက်ကန်၊ မြို့သစ်ရွာတို့မှ ဒေသခံ ၃၀၀၀ ဝန်းကျင်သည် စစ်တပ်ရန်ကို ကြောက်လန့်ပြီး နီးစပ်ရာ တောတောင်များ၊ ကျေးရွာများသို့ တိမ်းရှောင်နေကြရသည်။
သာယာအေးရွာဘက်မှ နံနက် ၉ နာရီခွဲ နှင့်၊ ၁၁ နာရီတို့တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံကြားလိုက်ရသည်ဟု အဆိုပါရွာမှ ၃ မိုင်အကွာ ဘိုးတော်တောရွာမှ အမျိုးသားတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ အတိအကျမသိဘူး။ စစ်တပ်လာလို့ ရွာသူရွာသားတွေပြေးလာတာကို ကျွန်တော် လှမ်းမြင်လိုက်တာပဲ။ အကုန်ပြေးတာ၊ အကုန်ပြေးပဲ” ဟု ၎င်းက ဆိုသည်။
၎င်းကိုယ်တိုင်လည်း ယမန်နေ့ မနက် ၉ နာရီခွဲ အချိန်ကတည်းက ရွာအနီးအနားရှိ တောတောင်ထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဆက်ပြောသည်။
တယ်လီဖုန်းလိုင်းမမိသော နေရာများတွင် တိမ်းရှောင်နေသဖြင့် ဖြစ်စဉ်အသေးစိတ်ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာများအား ဧပြီလအတွင်းမှစ၍ ဝင်ရောက်စီးနင်းနေပြီး ရွာသူရွာသားများအား ပစ်ခတ်ဖမ်းဆီးခြင်း၊ နေအိမ်များမှ ပစ္စည်းများကို ယူဆောင်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။
အထူးသဖြင့် လက်နက်ကိုင်ပြန်ခုခံသည့် ကနီ၊ ယင်းမာပင်၊ မင်းကင်းနယ်တို့တွင် စစ်တပ်က ဖိနှိပ်နေပြီး ၎င်းတို့၏ သတင်းပေးများ၊ အုပ်ချုပ်ရေးမှူးများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ သတ်ဖြတ်ခံရပါက ကျေးရွာများအတွင်း ဝင်ရောက်ပစ်ခတ်နေသည်။
သာယာအေးရွာဘုန်းကြီးကျောင်းနည်းတူ ဧပြီလအတွင်းက ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာဘုန်းကြီးကျောင်း၊ ဇွန်လအတွင်း ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာဘုန်းကြီးကျောင်းတို့ကို PDF နှင့် အဆက်စပ်ရှိသည်ဟူသော သံသယဖြင့် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ကြသည်။
စစ်ကောင်စီတပ်သည် PDF အဖွဲ့ဝင်ဟု ယူဆရသူများကို စစ်ကိုင်းတိုင်းအတွင်း ကျေးရွာများတွင် လိုက်လံရှာဖွေ ဖမ်းဆီးနေပြီး ဖမ်းမမိပါက မိသားစုဝင်တစ်ဦးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတတ်ကြောင်း ဒေသခံတို့က ပြောသည်။
ဇူလိုင် ၁၇ တွင် ရွှေဘိုမြို့အနောက်ဘက် ၇ မိုင်အကွာ ဆိပ်ခွန်ကျေးရွာမှ ကင်းသမား လူငယ် ၄ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ပြီး ဇူလိုင် ၁၈ တွင် အနီးအနားရွာဖြစ်သည့် ပလိုင်းရွာတွင် တပ်စွဲကာ လူအရိပ်အယောင်မြင်သည်နှင့် ပစ်ခတ်နေ၍ ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးနေရသည်။
ဇွန် ၁၄ ကလည်း စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာအုပ်ချုပ်ရေးမှူး၏ သမီးနှစ်ဦး အသတ်ခံရပြီးနောက် အနီးအနားရှိ ကျေးရွာများကို စစ်တပ်က ဝင်ရောက်ပစ်ခတ်ခဲ့၍ ဒေသခံ ရွာသားတစ်ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာပြင်းထန်စွာ ရသွားသည်။



