မြန်မာ – တရုတ်နယ်စပ်မြို့ မူဆယ်နှင့် ကွတ်ခိုင်မြို့အကြားရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ယနေ့ (ဇူလိုင် ၂၉) နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
မူဆယ်နှင့် နမ့်ဖက်ကာအကြားရှိ နမ့်ပေါ်ချောင်းတံတားတပ်စခန်းနှင့် နမ့်ဖက်ကာနှင့် ကွတ်ခိုင်ကြားရှိ နမ့်ခိုင်တံတားတပ်စခန်းကို KIA က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နမ့်ခိုင်တံတားတိုက်ခိုက်မှုတွင် လက်နက်ကြီး၊ လက်ငယ်ငယ် ပစ်ခတ်သံများကြားရကြောင်း နမ့်ဖက်ကာရွာခံတစ်ဦးက ပြောသည်။
“နမ့်ခိုင်မှာက ပူးပေါင်းအဖွဲ့ရှိတယ်။ ရဲနဲ့ တပ်နဲ့ပဲ။ ဒီနေ့တော့ အကြီးတွေလည်းကြား အသေးတွေလည်း ကြားနေရတာပဲ” ဟု ၎င်းက ပြောသည်။
နမ့်ပေါ်တံတားတပ်စခန်းကိုလည်း KIA က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။
“သူတို့ဘက်မှာ ထိုးစစ်ပိုပြီးတော့ လျော့ကျအောင်လို့ ဒီဘက်မှာ နည်းနည်း တိုက်ပွဲဖော်တဲ့သဘောမျိုးလို့ ယူဆတာပေါ့။ သူတိုက်တဲ့ပုံစံမျိုးက စခန်းဝင်သိမ်းမယ်ဆိုတဲ့ ပုံစံမျိုး ရှမ်းမြောက်မှာ မတွေ့ရဘူး။ လက်နက်ကြီးနဲ့ လှမ်းထုလိုက်တယ်။ ပစ်ပြီး ပြန်ဆုတ်တယ် အဲဒီလိုပုံစံမျိုး။ အခုလည်း အဲဒီလိုပုံစံမျိုးပဲ တပ်စခန်းရှိတဲ့နေရာကို လက်နက်ကြီးနဲ့ လှမ်းထုလိုက်တယ် တပ်ဘက်က ပြန်ပစ်တယ်” ဟု အဆိုပါဒေသခံက ပြောသည်။
ရှမ်းမြောက်ရှိ KIA တပ်မဟာ(၆)၊ တပ်ရင်း(၉)နယ်မြေတွင် ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။
KIA တပ်မဟာ(၆)၊ တပ်ရင်း(၃၆)နယ်မြေ မုံးကိုးဒေသ၌ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖော်ဆောင်သည်ဟု သုံးသပ်၍ ရနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။
အဆိုပါဒေသတွင် ကိုးကန့်လက်နက်ကိုင်အဖွဲ့( MNDAA) နှင့် စစ်ကောင်စီအကြားလည်း ယခုလအတွင်း တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
“အခုက မုံးကိုးဒေသမှာလည်း MNDAA နဲ့ တိုက်ပွဲက နေ့တိုင်းလိုဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကလည်း အဲဒီဘက်မှာ ထိုးစစ်ဆင်တာရှိသလို ဒီ MNDAA ဘက်ကနေလည်း ခုခံတိုက်ပွဲတွေရှိတယ်။ ရှိတော့ ပြည်ထောင်စုလမ်းမဘက်မှာလည်း ဒီနေ့ကတော့ KIA နဲ့ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေဖြစ်တယ်။ ရှမ်းမြောက်ဘက်မှာ တိုက်ပွဲကတော့ ဆက်တိုက်ဆိုသလို ဖြစ်မယ့်အနေအထား ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ကချင်ပြည်နယ်ရှိ မြို့နယ်များ၌လည်း စစ်ကောင်စီနှင့် KIA ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်ရှိ အင်အားဖြည့်တင်းလျက်ရှိသည်ဟု သိရသည်။
စစ်အာဏာသိမ်းပြီး မတ်လမှစ၍ စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများကို KIA က တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ထို့ပြင် KIA က ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းရှိ မြို့နယ်အချို့တွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်ခြင်းများရှိသည်။



