
နေပြည်တော်အချုပ်ထောင်၏ ကိုဗစ်နိုင်တင်းကပ်ရောဂါကာကွယ်မှုကို စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးစိုးထွဋ် “သွားရောက်၊ ကြည့်ရှု၊ အသေးစိတ်၊ စစ်ဆေး”ကြောင်း MRTV က သုံးနှုန်းထုတ်လွှင့်သည့် ဇူလိုင် ၂၅ ညပိုင်း ရုပ်သံသတင်းတွင် နှာခေါင်းစည်းမတပ်ဘဲ စုဝေး၍ လေ့ကျင့်ခန်းလုပ်နေသည့် လူပေါင်း ၅၀ ကျော်ကို တွေ့ရသည်။
အချုပ်ထောင်ရှိ မြေကွက်လပ်ကျယ်ပေါ်၌ ထိုသို့လေ့ကျင့်ခန်းလုပ်နေသူများကို အပေါ်ထပ် ဝရန်တာ တစ်နေရာမှ နေ၍ ကြည့်ရှုနေသည့် ဝန်ကြီး၏ လှုပ်ရှားမှုပုံရိပ်များနှင့်အတူ “နေ့စဉ် နံနက်ခင်းဆောင်ရွက်လျက်ရှိတဲ့ အကျဉ်းသူ၊ အကျဉ်းသားများ၏ ကိုယ်လက်ကြံ့ခိုင်မှု ပြုလုပ်နေမှုကို စစ်ဆေးခဲ့ကြောင်း” MRTV က ရုပ်သံသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“MRTV မှ ထုတ်လွှင့်နေသည့် ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့်အညီ လိုက်နာလေ့ကျင့်နိုင်ရေး ဝန်ကြီးက မှာကြားခဲ့ကြောင်း”ကြေညာချိန် သုံးစက္ကန့်ဝန်းကျင်အတွင်း နှာခေါင်းစည်းမတပ်ဘဲ လေ့ကျင့်ခန်းပြုလုပ်နေသူများ၏ လှုပ်ရှားမှုကို မြင်တွေ့ရခြင်းဖြစ်သည်။
အဆိုပါလူစု၏ လေ့ကျင့်ခန်းပြုလုပ်နေသည့် ပုံရိပ်များကို အထက်ပါအတိုင်း မကြေညာမီ နှစ်ကြိမ်ခန့် ရုပ်သံသတင်း၌ ပြသခဲ့သေးပြီး ထိုစဉ်က Mask တပ်ထားကြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနနှင့် နေပြည်တော်အချုပ်အာဏာပိုင်များထံ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။

ယင်းရုပ်သံထုတ်လွှင့်ချက်တွင် နိုင်ငံအနှံ့ အကျဉ်းထောင်များအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသည့် အကျဉ်းသားဦးရေ ၅၆၆ ဦးရှိပြီး ၉ဦး သေဆုံးခဲ့ရကြောင်း ဖော်ပြပါဝင်သည်။
ကိုဗစ်အတည်ပြုလူနာ စုစုပေါင်းအနက် ၂၃၄ ဦးမှာ ကုသပျောက်ကင်းသွားပြီး ကုသမှုခံယူနေသူ ၃၁၄ ဦး ရှိသည်ဟု စစ်ကောင်စီ၏ အထက်ပါသတင်းထုတ်ပြန်ချက်က ဆိုသည်။
သို့သော် အဆိုပါစာရင်းမှာ မည်သည့်ကာလမှ စတင်ရေတွက်သည်၊ မည်သည့်အကျဉ်းထောင်များတွင် မည်မျှတွေ့ရသည် စသဖြင့် တိကျစွာဖော်ပြခြင်းမရှိပေ။
ထို့အတူ အကျဉ်းထောင်အတွင်း ဆေးဝါးကုသမှုအခြေအနေ မည်သို့ရှိသည်ကိုလည်း ထုတ်ဖော်ပြောဆိုခြင်းမပြုဘဲ “ကုသဆဲလူနာများဟာ သာမန်အဆင့်သာရှိကာ စိုးရိမ်ရတဲ့လူနာများမရှိ”ဟု စစ်ကောင်စီက ဆိုထားသည်။
အကျဉ်းထောင်များအတွင်း ဆေးကုသခွင့်အခြေအနေအသေးစိတ်ကို သိနိုင်ရန် အကျဉ်းဦးစီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဒုတိယညွှန်ကြားရေးမှူး ဦးချမ်းအေးကျော်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။
“သူတို့(အကျဉ်းသား) အသက်တစ်ချောင်းသေသွားဖို့ မပြောနဲ့။ သာမန်နေမကောင်းဘူး။ ကျန်းမာရေးမကောင်းဘူး။ နာစေချောင်းဆိုးဖြစ်တာကအစ ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝပေးရပါတယ်။ ဒီတော့ လူသေတယ်ဘာညာဆိုတာတွေက ဒါတွေက ကောလာဟလတွေ။ လျှောက်ပြောတာပါ”ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် နိုင်ငံပိုင်သတင်းဌာနများသို့ ယမန်နေ့(ဇူလိုင် ၂၅)တွင် ဦးချမ်းအေးကျော်က ဖြေထားသည်။
ကိုဗစ်နိုင်တင်းတတိယလှိုင်းနှင့် ကြုံနေရချိန်တွင် ဆေးကုသခွင့်အခြေအနေများတိုးမြှင့်ပေးရန် ထည့်သွင်းတောင်းဆိုသည့် အင်းစိန်ထောင်အတွင်း နိုင်ငံရေးလှုပ်ရှားမှုတစ်ခု ဇူလိုင် ၂၃ ရက်တွင် ပေါ်ပေါက်ခဲ့ပြီးဖြစ်သည်။
အကျဉ်းထောင်များအတွင်း ကိုဗစ်ကူးစက်ခံရမှုမြင့်မားနေခြင်း၊ ဆေးကုသခွင့်အပေါ် စိုးရိမ်ပူပန်မှုဖြစ်ရသည့် အကြောင်းရင်းမှာ အကျဉ်းထောင်များအတွင်း ဝင်ဆံ့သည့် ဦးရေထက်ပို၍ ချုပ်နှောင်ထားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်းတို့ကြောင့်ဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။
နမူနာအားဖြင့် ဦးရေ ၅၀၀၀ ခန့်သာ ဝင်ဆံ့သည့် ရန်ကုန်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်၌ လက်ရှိတွင် လူ ၁၂၀၀၀ ခန့်ကို စစ်ကောင်စီက ထားရှိချုပ်နှောင်ထားကြောင်း AAPP က ခန့်မှန်းသည်။
“အကျဉ်းထောင်တာဝန်ရှိသူတွေအနေနဲ့ အခုထက်ပိုပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုအပ်တယ်။ စစ်ကောင်စီကတော့ ဘာမှလုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဖမ်းထားတဲ့ နိုင်ကျဉ်းတွေအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အရေးတကြီးလိုအပ်တယ်”ဟု အထက်ပါ AAPP တာဝန်ရှိသူက ပြောသည်။
ကိုဗစ်နိုင်တင်းကပ်ရောဂါကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် ဇူလိုင် ၂၁ မှစ၍ လေးရက်အတွင်း အချုပ်သား ၄၀၀၀ ကျော်ကို နိုင်ငံအနှံ့ အကျဉ်းထောင်နှင့် အချုပ်ခန်းများမှ စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ယင်းမှာ ဖေဖော်ဝါရီ ၁ အာဏာမသိမ်းမီ ချုပ်နှောင်၊ တရားစွဲဆိုခံရသည့် ရာဇဝတ်ပြစ်မှု ၁၁ မျိုးနှင့်သာ သက်ဆိုင်သည်။
နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းခံထားရသူတို့ကိုမူ အကျဉ်းထောင်အတွင်း ကိုဗစ်နိုင်တင်းကူးစက်မှုများ ရှိနေလျက်ဖြင့်ပင် စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားပြီး အချို့မှာ ကိုဗစ်ကြောင့် အသက်ပင်ဆုံးခဲ့ရသည်။
ယင်းတို့အနက် ဇူလိုင် ၂၀ တွင် ကွယ်လွန်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ဗဟိုအလုပ်အမှုဆောင်၊ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ အထင်ရှားဆုံးပုဂ္ဂိုလ်ဖြစ်သည်။
အဆိုပါ အခြေအနေတွင် ကိုဗစ်ကို အကြောင်းပြ၍ ရာဇဝတ်သားများကို ရွေးလွှတ်၍ ထောင်ခါပြီးနောက်တွင် နိုင်ငံရေးတက်ကြွသူများကို နယ်မြို့များ၌ပင် ပိုက်စိပ်တိုက်၍ ဆက်လက်ဖမ်းဆီးနေဆဲ ဖြစ်သည်။
AAPP ၏ စာရင်းအရ ဖေဖော်ဝါရီ ၁မှ ဇူလိုင် ၂၄အထိ နိုင်ငံရေးအရ စစ်ကောင်စီဖမ်းထားသူ ၅၀၀၀ ဦးကျော်ရှိကြောင်း သိရသည်။ AAPP ကို တရားမဝင်ကြေညာထားသည့် စစ်ကောင်စီကမူ အာဏာသိမ်းမှုဆန့်ကျင်သူများကို ဖမ်းဆီးသည့်ကိစ္စနှင့် စပ်လျဉ်း၍ အသေးစိတ်သတင်းထုတ်ပြန်လေ့မရှိပေ။