အောက်စီဂျင်ပြတ်လပ်မှုကြောင့် ကိုဗစ်နိုင်တင်း (COVID-19) လူနာ သေဆုံးမှုမြင့်မားနေချိန်တွင် စစ်ဆေးရုံများလည်း အလားတူကြုံတွေ့နေရကြောင်း စစ်တပ်အသိုင်းအဝိုင်းက Myanmar Now ကို အတည်ပြုသည်။
မန္တလေးတိုင်း တပ်စခန်းတစ်ခုမှ အရာရှိကတော်တစ်ဦးက သူ၏ ဖခင် တက်ရောက်ကုသနေသည့် တိုင်းအတွင်းရှိ စစ်ဆေးရုံတစ်ခုတွင် အောက်စီဂျင်မလုံလောက်မှုကြောင့် သေဆုံးရသည့် စစ်တပ်မိသားစုဝင်များကို မြင်တွေ့ခဲ့ရပြီး လူနာရှင်များက အောက်စီဂျင်ရရှိရန် သွားရောက်ရှာဖွေပေးနေရသည်ဟု Myanmar Now ကို ပြောသည်။
“ကိုဗစ်ကြောင့် ရောက်လာကြတာ။ အောက်စီဂျင်မရတာပေါ့။ ကျွန်မတို့ ရောက်တဲ့နေ့က ၄ ယောက်၊ မနေ့က ၂ ယောက်၊ ဒီနေ့မနက်မှာလည်း ၂ ယောက် သေတယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ထိုအမျိုးသမီးက ပြောသည်။
ကိုဗစ်ကာလ အရပ်သားများကုသခွင့်မရှိသည့် စစ်ဆေးရုံများတွင် တပ်မိသားစုဝင် ကိုဗစ်လူနာများနှင့် ပြည့်နှက်နေသည်ဟု ၎င်းက ပြောသည်။
“အရာရှိကိုယ်တိုင်တောင်မှ ဒုတိယဗိုလ်မှူးကြီးအဆင့်တောင် ဆေးရုံတက်ကုသရဖို့ မလွယ်ဘူး။ တော်တော်ဖြစ်နေမှသာပေါ့။ မဟုတ်လို့ရှိရင် သူတို့ အိမ်မှာပဲ နေခိုင်းတာပေါ့” ဟု ၎င်းက ပြောသည်။
ကိုဗစ်နိုင်တင်းကူးစက်ခံထားရသူ ၂၆၉,၅၂၅ ဦး၊ သေဆုံးသူ ၇,၁၁၁ ဦးထိရှိနေပြီ ဖြစ်သည်ဟု စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ တွင် ထုတ်ပြန်ထားသည်။ မြေပြင်အခြေအနေနှင့် များစွာကွာဟနေသော ထုတ်ပြန်ချက်ဖြစ်သည်ဟု ပရဟိတအဖွဲ့များက သုံးသပ်နေကြသည်။
ပြည်ထဲရေးဒုဝန်ကြီး ဒုဗိုလ်ချုပ်ကြီးသန်းလှိုင်နှင့် ဇနီး ဒေါ်ခင်သီတာဝမ်း၊ ဒုတိယစစ်ရေးချုပ် ဇင်မင်းထက်နှင့် ဇနီး၊ မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့မှာ ကိုဗစ်နိုင်တင်းကြောင့် ကုသမှုခံယူနေရသည်ဟု တပ်တွင်းသတင်းရင်းမြစ်များက Myanmar Now ကို ပြီးခဲ့သည့်အပတ်က အတည်ပြုထားသည်။
မန္တလေးတိုင်းအတွင်းရှိ စစ်ဆေးရုံတစ်ခုတွင် အောက်စီဂျင်မလုံလောက်မှု၊ ဆရာဝန်မလုံလောက်မှု စသည့် ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း၊ တပ်မိသားစုဝင် နေ့စဉ် ၁၀ ဦးထက်မနည်း သေဆုံးနေကြောင်း အဆိုပါ စစ်ဆေးရုံမှ တာဝန်ကျဆေးမှူးဖြစ်သူ ဗိုလ်ကြီးအဆင့်အရာရှိတစ်ဦးက ပြောသည်။
“အောက်စီဂျင်ကို မဲနှိုက်ပြီး ရှူရမယ့်ကိန်းဖြစ်နေတယ်။ တပ်ထဲမှာ ဒုက္ခရောက်နေတယ်။ လူတိုင်းကို ဆေးရုံတင်မပေးနိုင်ဘူး။ ကောင်းရင် အိမ်မှာသွားနေ၊ အောက်စီဂျင်ကျမှ လာခဲ့၊ အဲ့လို့ ပုံစံမျိုးတွေ ဖြစ်နေတယ်။ အဓိကကတော့ လူနာ တအားများတာ။ အောက်စီဂျင်ခက်ခဲတာပေါ့” ဟု ၎င်းက ပြောသည်။
၎င်းတာဝန်ကျရာ စစ်ဆေးရုံတွင် အောက်စီဂျင် အလုံး ၂၀၀ ကျော် လိုအပ်နေသော်လည်း အလုံး ၃၀ သာ ရှိသည်ဟု ဆိုသည်။
ရန်ကုန် မင်္ဂလာဒုံမြို့နယ်ရှိ ခုတင် ၁၀၀၀ စစ်ဆေးရုံနှင့် အခြားသော စစ်ဆေးရုံများတွင်လည်း အောက်စီဂျင်မလုံလောက်မှုကြောင့် ကိုဗစ်လူနာအများအပြား သေဆုံးနေသည်ဟု သတင်းထွက်ပေါ်နေပြီး Myanmar Now က အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ဗိုလ်ကြီးဟောင်းမြင့်ဦးကလည်း မင်္ဂလာဒုံစစ်ဆေးရုံသို့ ၂ ရက်ဆက်တိုက် သွားရောက်သော်လည်း ဆေးကုသခွင့် မရရှိခဲ့ကြောင်း သူမသေခင်ရက်ပိုင်းအလိုက လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
“မိုးထဲလေထဲ သွားဆက်သွယ်တယ်၊ ဆက်သွယ်ရတာ အတော်ခက်ခဲပြီး တာဝန်ထက်ပိုတဲ့ ရင့်သီးမှုတချို့ ကြုံရတယ်၊ ၁၉.၈.၂၀၂၁ နေ့မှာ နှာခေါင်းတို့ဖတ် (Swap) ယူရတယ်၊ အတော် အကြိမ်းအမောင်းတွေ ကြုံရပြန်ပါတယ်” ဟု ကိုဗစ်နိုင်တင်းရောဂါဖြင့် ဇူလိုင် ၂၄ တွင် ကွယ်လွန်ခဲ့သူ ဗိုလ်ကြီးဟောင်းမြင့်ဦးက ရေးသားခဲ့သည်။
ဗိုလ်ကြီးမြင့်ဦးသည် ၁၉၈၉ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဧရာဝတီတိုင်းသို့ ရောက်ရှိစဉ် ခရီးမဆက်နိုင်ရန် သေနတ်ဖြင့် ချိန်ပြီး တားမြစ်ခဲ့သူဖြစ်သည်။
တပ်တွင်း သေဆုံးမှုစာရင်းနှင့် ကူးစက်မှုနှုန်းများ သိရှိနိုင်ရန် စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူသို့ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်လက်ခံဖြေကြားခြင်း မရှိပေ။
အောက်စီဂျင်ပြတ်လပ်မှုကြောင့် အရပ်ဘက်တွင်သာမက စစ်တပ်မိသားစုများတွင်ပါ သေဆုံးမှုများမြင့်တက်နေသော်လည်း အောက်စီဂျင်ပေးဝေသည့် စက်ရုံများကို အရပ်ဘက်သို့ ပေးဝေမှုကို ရပ်တန့်ထားရန် စစ်ကောင်စီက ညွှန်ကြားထားသည်။
အောက်စီဂျင်တင်သွင်းမှုများ၊ အောက်စီဂျင်စက်ရုံများကိုလည်း စစ်တပ်က လိုက်လံပိတ်ပင်နေပြီး ၎င်းတို့ ဖွဲ့စည်းမည့် မြို့နယ်အောက်စီဂျင်ဖြန့်ဝေရေးအထောက်အကူပြုအဖွဲ့မှတစ်ဆင့် အောက်စီဂျင်ဝေငှရန် ထုတ်ပြန်ထားသည့် စာမှာ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာများတွင် ယခုရက်ပိုင်းအတွင်း ပျံ့နှံ့နေသည်။
သိမ်းဆည်းထားသည့် အောက်စီဂျင်ကို စစ်ကောင်စီက ပြန်လည်ဖြန့်ဝေရန် အစီအစဉ်ရေးဆွဲနေသည်ဟု ယူဆကြောင်း မန္တလေးတိုင်းအတွင်းရှိ စစ်ဆေးရုံတွင် တာဝန်ကျနေသည့် စစ်ဆရာဝန်က သုံးသပ်သည်။
“အဲဒါတွေကို စုပြီးတော့ ပြန်ချပေးမယ့် အနေအထားမှာပဲ ရှိမယ်ထင်တယ်။ အဲဒါတွေကို ပြန်ချမပေးတဲ့အချိန်မှာ ဒီမှာ တော်တော်ဒုက္ခရောက်နေတာပေါ့” ဟု ထို စစ်ဆရာဝန်က ပြောသည်။
ဒေသတချို့တွင် အောက်စီဂျင်လိုအပ်သူသည် ရပ်ကျေး သို့မဟုတ် မြို့နယ်အဆင့် အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်ပြသနေရသည်ဟု သိရသည်။
ရန်ကုန်အခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ဝင်တစ်ဦးက စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရားအသက်ဝင်နိုင်ရန် ကြိုးပမ်းရာတွင် ပြည်သူလူထု၏ အောက်စီဂျင်လိုအပ်ချက်ကို အသုံးချနေသည်ဟု သုံးသပ်သည်။
“အလုံးစုံသော ဘုံရန်သူကို မြင်အောင်ကြည့်ဖို့နဲ့ ကိုဗစ်ကိုရော၊ စစ်ကောင်စီကိုရော အတူတကွတိုက်ထုတ်ဖို့ တိုက်တွန်းလိုပါတယ်။ မဟုတ်ရင် စစ်ကောင်စီအကြမ်းဖက်တွေက ကိုဗစ်နဲ့ အောက်စီဂျင်လိုအပ်ချက်အပေါ် အမြတ်ထုတ်ပြီး အုပ်ချုပ်ရေးယန္တရားတည်တာရော၊ သွေးခွဲတာကိုပါ အလွယ်တကူလုပ်ဆောင်လို့ ရသွားပါလိမ့်မယ်” ဟု ပြောက်ကျားအဖွဲ့ဝင်က ပြောလိုက်သည်။



