အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ်နှင့် သမီးနှစ်ဦး ဖမ်းဆီးခံရ 

​​သံလွင်သွေးချင်းသတင်းဌာန အယ်ဒီတာချုပ်ဖြစ်သူ ဒေါ်မြဝန်းရံနှင့် သမီးများဖြစ်ကြသည့် နန်းခင်ဘုန်းသွယ်နှင့် မဆုမြတ်နိုးကို တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်ရှိ နေအိမ်တွင် ဇူလိုင် ၂၀ ရက်၊ ည ၇ နာရီ အချိန်ခန့်၌ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးခဲ့ကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦးက အတည်ပြုသည်။ 

ဖမ်းဆီးခံရသူများနှင့် ပတ်သက်၍ “ရှေ့နေတွေနဲ့ စုံစမ်းမေးကြည့်ရမှာပေါ့။ လိုက်လုပ်ပေးမယ်ဆိုတဲ့ အဖွဲ့တစ်ဖွဲ့ရှိတယ်။ ကျွန်တော်တို့တောင် သူတို့ဆီမှာ စုံစမ်းရမှာ” ဟု ဒေါ်မြဝန်းရံမိသားစုနှင့် ရင်းနှီးသူ အထက်ပါအမျိုးသားက ပြောသည်။ 

သံလွင်သွေးချင်းသတင်းဌာနသည် ရှမ်းပြည်နယ်သတင်းများကို ဖော်ပြနေသော သတင်းဌာနတစ်ခုဖြစ်ပြီး အယ်ဒီတာချုပ် ဒေါ်မြဝန်းရံနှင့် သမီးများကို ဖမ်းဆီးစဉ် ကင်မရာနှစ်လုံး၊ ကွန်ပျူတာနှင့် ဖုန်းလေးလုံးကိုပါ သိမ်းဆည်းသွားကြောင်း ဒေသအခြေစိုက် ကမ္ဘောဇတိုင်းမီဒီယာ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ဒေါ်မြဝန်းရံနှင့် သမီးများ ဖမ်းဆီးခံရသည့်​ အကြောင်းရင်းကို သေချာမသိရသေးသော်လည်း ယင်းမတိုင်မီက ဖမ်းဆီးခံရသူများနှင့် ဆက်စပ်နိုင်ကြောင်းလည်း သိရသည်။

တောင်ကြီးမြို့၊ ကျောင်းစုရပ်ကွက်နေထိုင်သူ ရွှေတြိဂံသတင်းလွှာမှ သတင်းထောက်ဟောင်း ရွှေအလင်းသစ်နှင့် ဇနီးကို ဇူလိုင် ၁၂ ရက်တွင် စစ်တပ်က ဖမ်းဆီးခဲ့ရာ ထိုကွင်းဆက်အားဖြင့် ဒေါ်မြဝန်းရံတို့ကို ဖမ်းဆီးသည်ဟု ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ရှမ်းပြည်နယ်အခြေစိုက်သတင်းသမားတစ်ဦးက Myanmar Now ကို ပြောသည်။ 

ဖမ်းဆီးခံရသည့် ဒေါ်မြဝန်းရံနှင့် သမီးများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသော်လည်း အာဏာသိမ်းပြီးနောက် ဖမ်းခံရသူအများစုထားရှိရာ တောင်လေးလုံးအကျဉ်းထောင်၌ ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း မိသားစုနှင့် ရင်းနှီးသူ အမျိုးသားက ဆိုသည်။ 

ဒေါ်မြဝန်းရံနှင့် သမီးများအပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း ရှမ်းပြည်နယ်၌ ဖမ်းဆီးခံထားရသည့် သတင်းသမား ရှစ်ဦးရှိလာပြီဖြစ်ကြောင်း ဒေသအခြေစိုက်မီဒီယာများထံမှ သိရသည်။

ဖမ်းဆီးထိန်းသိမ်းခံရထားရသည့် ဒေသအခြေစိုက် သတင်းသမားများမှာ ကမ္ဘောဇတိုင်းသတင်းဌာနမှ နန်းနန်းတိုင်း၊ နန်းဝင်းရီ၊ စိုင်းစည်သူနှင့် ဦးတင်အောင်၊ ရှမ်းအရှေ့အခြေစိုက် တာချီလိတ်သတင်းဌာနတွင် အလုပ်သင်သတင်းထောက်လုပ်ခဲ့ဖူးသူ ကိုကျော်ဇင်ဟိန်းဖြစ်သည်။ 

စစ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ရှိ သတင်းမီဒီယာတိုက်များ ဝင်ရောက်စီးနင်းခံခဲ့ရသည့်အပြင် Myanmar Now အပါအဝင် သတင်းဌာန ၇ ခုကိုလည်း စစ်ကောင်စီက ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့သည်။ ဖမ်းဆီးခံသတင်းသမားဆိုင်ရာ အချက်အလက်စုစည်းသည့် အဖွဲ့တစ်ခု၏ ဇွန် ၃၀ ရက်နေ့အထိ စာရင်းအရ နိုင်ငံအနှံ့တွင် ဖမ်းဆီးခံရပြီး အမှုရင်ဆိုင်နေရသူ သတင်းသမား ၃၀ ကျော်ရှိသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button