သတင်း

စစ်တပ်အတွင်း ကိုဗစ်ကူးစက်ဖြစ်ပွားမှု မြင့်မားနေ

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များကြောင့် ကိုဗစ်နိုင်တင်း (Covid-19) ကပ်ရောဂါ တတိယလှိုင်းတွင် နိုင်ငံအနှံ့ ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်းမြင့်တက်လျက်ရှိရာ တပ်မတော် တပ်ရင်းတပ်ဖွဲ့အသီးသီးအတွင်း၌လည်း ကူးစက်မှုများပြားနေကြောင်း သိရသည်။

စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန၏ နေ့စဉ်ထုတ်ပြန်ချက်များတွင် တပ်တွင်းကူးစက်မှုအကြောင်း တစ်စွန်းတပါဒမျှ မပါဝင်သော်လည်း Myanmar Now က စုံစမ်းသိရှိရသလောက် မန္တလေး၊ နေပြည်တော်၊ ရန်ကုန်နှင့် မော်လမြိုင်ရှိ တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များတွင် ကိုဗစ်ဖြစ်ပွားလျက်ရှိသည်။

တပ်မိသားစုဝင်များနှင့် တပ်ရင်းများရှိ အရာရှိနှင့် စစ်သည်များအပါအဝင် နေပြည်တော်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နှင့် စစ်တိုင်းမှူးများအထိ ကိုဗစ်ကူးစက်ခံထားရကြောင်း သိရသည်။ 

စစ်ကောင်စီခန့် ပြည်ထဲရေးဒုတိယဝန်ကြီးနှင့် ရဲချုပ်ဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်၊ ဇနီးဖြစ်သူ ဒေါ်ခင်သီတာဝမ်းတို့ ကိုဗစ်ဖြစ်ပွားသဖြင့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်ရှိ ကာကွယ်ရေးနှင့် ရောဂါနှိမ်နင်းရေးတပ်၊ ခုတင် ၃၀၀ စစ်ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

“ရဲချုပ်နဲ့ သူ့အမျိုးသမီး ဒီရက်ပိုင်းမှာ ဆေးရုံတက်လိုက်ရတာ။ သူ့အမျိုးသမီးက အခု ICU (အထူးကြပ်မတ်ကုသဆောင်) ထဲမှာ” ဟု ကိုဗစ်ကူးစက်ခံရပြီးနောက် အဆိုပါစစ်ဆေးရုံတက်ရောက်ခဲ့သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

အဆိုပါစစ်ဆေးရုံ၌ပင် ရဲချုပ်ဇနီးမောင်နှံရောက်မလာမီ ကိုဗစ်ဖြစ်ပြီး ကုသမှုခံယူခဲ့ရသူမှာ ဒုတိယစစ်ရေးချုပ် ဇင်မင်းထက်တို့ ဇနီးမောင်နှံဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ 

မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တွင်လည်း ကိုဗစ်ကူးစက်မှုကြောင့် တပ်ရင်းတပ်ဖွဲ့များ အသွားအလာ ကန့်သတ်ပိတ်ပင်ထားရသည်ဟု တိုင်းစစ်ဌာနချုပ်နှင့် နီးစပ်သူများက Myanmar Now ကို အတည်ပြုထားသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ကိုကိုမောင်သည်ပင်လျှင် ကိုဗစ်ဖြစ်ပြီး ကုသမှုခံယူနေရသည်မှာ တစ်ပတ်ကျော်ရှိပြီဖြစ်ကြောင်း မွန်ပြည်နယ်အခြေစိုက် တပ်မ ၄၄ မှ အရာရှိကတော်တစ်ဦးက ပြောသည်။

“ဆေးရုံကို လာလှူပြီး ပြန်တော့ ဖျားတာကနေ စဖြစ်တယ်။ (မော်လမြိုင်) ခုတင် ၅၀၀ ဆေးတပ်မှူး ဗိုလ်မှူးကြီးပါ ဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်အတွင်း ဆေးတပ်ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် မော်လမြိုင် ခုတင် ၅၀၀ စစ်ဆေးရုံမှ စစ်ဘက်ဆိုင်ရာ ဆရာဝန်၊ သူနာပြု အားလုံးနီးပါး ကူးစက်ခံထားရပြီး ဗိုလ်ချုပ်ကိုကိုမောင်၏ ကိုယ်ရေးအရာရှိနှင့် အခြားတပ်မိသားစုဝင်များ ကူးစက်ခံထားရခြင်း ရှိမရှိကိုမူ စုံစမ်းနေဆဲဖြစ်သည်။ 

ထိုသို့ ကိုဗစ်ကူးစက်ခံရပြီးနောက် မော်လမြိုင်စစ်ဆေးရုံကို အသွားအလာ ကန့်သတ်ပိတ်ပင်ထားကာ ပြင်ပလူနာဌာနကို ဇူလိုင် ၁၈ ထိ ဖွင့်လှစ်ထားသည်ဟု သိရသည်။  

“တိုင်းမှူးက တိုင်းရုံးထဲမှာနေတယ်။ ဆေးရုံမှာ လာပြလို့သိရတာ။ မော်လမြိုင်စစ်ဆေးရုံ တစ်ခုလုံးကလည်း ဆရာဝန်တွေ အကုန်လုံးကူးတယ်။ ဆရာဝန်နှစ်ယောက်ပဲလွတ်တယ်” ဟု အထက်ပါအရာရှိကတော်က ပြောသည်။ 

အလားတူ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မြတ်သက်ဦးနှင့် ၎င်း၏ကိုယ်ရေးအရာအရှိအပါအဝင် စစ်ဘက်အရာရှိများ ကိုဗစ်ကူးစက်ခံထားရသဖြင့် ကုသမှုခံယူနေရသည်ဟု Mizzima သတင်းဌာနက ဇူလိုင် ၅ တွင် ရေးသားခဲ့သည်။

ပြည်မြို့တစ်ဖက်ကမ်းရှိ ကာကွယ်ရေးဝန်ကြီးလက်အောက်ရှိ အမှတ် (၃) ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင်လည်း ကိုဗစ်ကူးစက်ခံထားရသူ ၃၀၀ ကျော်ရှိပြီး သေဆုံးသူ ၉ ဦးရှိကြောင်း စက်ရုံဝန်ထမ်းတစ်ဦးကို ကိုးကားလျက် ဇူလိုင် ၂၀ ရက်နေ့ DVB သတင်းက ဆိုသည်။

အဆိုပါ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံတွင် ကိုဗစ်ကူးစက်မှု မြင့်မားနေသော်လည်း ဆေးကုသခွင့်မပေးဘဲ အလုပ်ဆက်လုပ်ခိုင်းနေကြောင်း၊ သေဆုံးသူနှစ်ဦးကိုသာ စာရင်းပြထားပြီး အရက်နာကျသေဆုံးခြင်းဖြစ်သည်ဟု စက်ရုံအာဏာပိုင်များက အကြောင်းပြထားသည်ကို သိရသည်။

တပ်တွင်း၌ ကိုဗစ်ကပ်ရောဂါကူးစက်မှု နေ့စဉ်နှင့်အမျှ မြင့်မားနေပြီး ကိုရိုနားဗိုင်းရပ်စ်ပိုးရှိမရှိ စစ်ဆေးခြင်းကိုပင် မလုပ်နိုင်တော့ဘဲ တပ်ရင်းတပ်ဖွဲ့များကို အဝင်အထွက် ပိတ်ထားရသည်ဟု သိရသည်။ 

ဇူလိုင်လလယ်ပိုင်းက ကိုဗစ်ကြောင့် သေဆုံးသူတို့၏ ရုပ်အလောင်းတချို့ကို သင်္ဂြိုဟ်ရန် ပြင်ဆင်နေကြသော မန္တလေးမှ မြင်ကွင်းတစ်ခု

မန္တလေးတိုင်းအတွင်းရှိ စစ်ဆေးရုံတစ်ခုတွင် တပ်မိသားစုဝင် နေ့စဉ် ၁၀ ဦးထက်မနည်း သေဆုံးနေသည်ဟု အဆိုပါစစ်ဆေးရုံတွင် တာဝန်ကျဆေးမှူးဖြစ်သူ ဗိုလ်ကြီးအဆင့် အရာရှိတစ်ဦးက ပြောသည်။ လုံခြုံရေးအရ ၎င်း၏အမည်ကိုမူ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိပေ။ 

“အပြင်မှာပဲ အလောင်းတွေ ထပ်နေတာလို့ မထင်နဲ့။ တပ်ရင်းထဲမှာလည်း တစ်အိမ်လုံး ပြုတ်သွားတဲ့ဟာတွေလည်း ရှိတယ်” ဟု တပ်တွင်း ကိုဗစ်ဖြစ်ပွားမှုအခြေအနေအပေါ် ၎င်းက ပြောသည်။

အဆိုပါစစ်ဆေးရုံတွင် ကုသရန်ခက်ခဲလာသည့် အရေးပေါ် ကိုဗစ်လူနာများကို မိတ္ထီလာနှင့် ပြင်ဦးလွင်စစ်ဆေးရုံများသို့ လွှဲပြောင်းပေးနေရပြီး အသက်ရှင်သည့် အရေအတွက် အလွန်နည်းသည်ဟုလည်း ၎င်းက ပြောသည်။ 

“တပ်ထဲမှာက ပိုးစိုးပက်စက်ဖြစ်နေတာ။ မစစ်နိုင်တော့ဘူး။ လူငယ်တွေက ခံနိုင်ရည်ရှိပေမဲ့ စစ်သည်တွေရဲ့ အဖေ၊ အမေတွေက မစစ်နိုင်တာ အများကြီးပဲ” ဟု အဆိုပါဆေးမှူးအရာရှိက ဆိုသည်။ 

အရပ်သားအစိုးရတာဝန်ယူချိန်က ပြည်သူတို့လှူဒါန်းသည့် ဆေးဝါးအကူအညီများကို စစ်ဆေးရုံများလည်း ရရှိခဲ့ပြီး အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင် ဆိုးရွားသည့် စီမံခန့်ခွဲမှုဒဏ်ကို စစ်တပ်တွင်း၌လည်း ရင်ဆိုင်နေရသည်။ 

စီမံခန့်ခွဲမှုညံ့ဖျင်းသောကြောင့် ကိုဗစ်တတိယလှိုင်းတွင် မသေသင့်ဘဲ သေဆုံးနေရခြင်းဖြစ်သည်ဟုလည်း အဆိုပါ စစ်ဆေးရုံဆရာဝန်အရာရှိက ဆိုသည်။

“တပ်ထဲမှာ ပွဲပျက်နေတယ်။ လူတိုင်းကို ဆေးရုံတင်မပေးနိုင်ဘူး။ ကောင်းရင် အိမ်မှာသွားနေ၊ အောက်စီဂျင်ကျမှလာခဲ့၊ အဲ့ဒီလိုပုံစံမျိုးတွေဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာအဝေးပြေးကားဝင်းအနီးရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၌လည်း တပ်မှူး ဗိုလ်မှူးချုပ်ဇော်မင်းအေးအပါအဝင် ၈၀ နီးပါး ကိုဗစ်ကူးစက်ခံထားရကြောင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးတက္ကသိုလ်ကို ပိတ်ထားရကာ ဗိုလ်လောင်းများနှင့် အထက်အဆင့်အရာရှိများတွင်လည်း ကူးစက်မှုမြင့်မားနေကြောင်း တပ်မ ၄၄ မှ အရာရှိကတော်က ပြောသည်။ 

“ခုတင် ၁၀၀၀ ဆေးရုံတွေပို့တာလည်း မရကြတော့ဘူး။ ကိုယ့်တပ်ထဲမှာလည်း ကိုယ်ဟာကိုယ်ပေါ့။ အရာရှိတွေဆိုလည်း ဘားတိုက်တွေထဲမှာ ကွာရန်တင်းထားကြတာပေါ့။ ၁၀ ရက်ပေါ့နော်။ အနံ့ပြန်ရရင် ၃ ရက်ပေါ့။ ပြီးရင် ကိုယ့်အိမ်ကိုယ်ပြန်ပြီးတော့ ကွာရန်တင်းဝင်ကြပေါ့။ အဲ့ဒီလိုမျိုးထားတယ်” ဟု ၎င်းက ပြောသည်။ 

ကိုဗစ်နိုင်တင်းတတိယလှိုင်းတွင် တပ်တွင်းကူးစက်မှုအခြေအနေများနှင့် ပတ်သက်၍ စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ်များထံ Myanmar Now က ဆက်သွယ်မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းလက်ခံဖြေကြားကြခြင်း မရှိပေ။ 

မန္တလေးမြို့စက်မှုဇုန်တွင် အောက်စီဂျင်ရရှိရေး စောင့်ဆိုင်းနေသူများ

အန်တုမှုများကို ချေမှုန်းရေး ဦးစားပေးနေသည့် စစ်ကောင်စီ၏ ညံ့ဖျင်းသည့် စီမံခန့်ခွဲမှုများကြောင့် တပ်တွင်း၌ ကိုဗစ်ကပ်ရောဂါကူးစက်မှု မြင့်မားလာမည်ကို စိုးရိမ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG) ၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောသည်။ 

“ဒီခေါင်းမပါတဲ့ လူတွေရဲ့ အုပ်ချုပ်မှုတွေ၊ ကုသမှုတွေနဲ့ ဒီတပ်ထဲက လူတွေလည်း တော်တော်များများ ဒုက္ခရောက်မယ်လို့ ကျွန်တော်ထင်တယ်” ဟု ၎င်းက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် နေ့စဉ် ရာနှင့်ချီကာ သေဆုံးသည်အထိ ကိုဗစ်ဖြစ်ပွားမှု အဆမတန်မြင့်မားနေပြီး၊ သေဆုံးမှုများ၏ အဓိကအကြောင်းရင်းမှာ အောက်စီဂျင်ပြတ်လပ်မှုဖြစ်သည်ဟု ရန်ကုန်အခြေစိုက် လူမှုကူညီရေးအသင်းအဖွဲ့များက ထုတ်ဖော်ပြောကြားထားသည်။

ကိုဗစ်ကူးစက်ခံထားရသူများအတွက် အောက်စီဂျင်လိုအပ်ချက် မြင့်မားနေချိန်တွင် စစ်ကောင်စီက အောက်စီဂျင်စက်ရုံများကို ပိတ်ပင်ကန့်သတ်ခဲ့အပြင် အောက်စီဂျင်နှင့် ပတ်သက်၍ နိုင်ငံရေးအရ အမြတ်မထုတ်ရန်ပင် အာဏာသိမ်းစစ်ခေါင်းဆောင်က ပြောကြားခဲ့သည်။ 

စစ်ကောင်စီက တပ်တွင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် Containment Strategy (ကန့်သတ်ထိန်းချုပ်ရေးဗျူဟာ) ကိုသာ အသုံးပြုလိမ့်မည်ဖြစ်ကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် စစ်ဆရာဝန် ဗိုလ်ကြီးမင်းမောင်မောင်က သုံးသပ်သည်။

ထို့ပြင် စစ်တပ်ပိုင်မီဒီယာများမှတစ်ဆင့် ဝါဒဖြန့်သတင်းများထုတ်လွှင့်နေပြီး တပ်တွင်းကူးစက်မှုများကို ဖုံးကွယ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသည်ဟုလည်း ၎င်းက ပြောသည်။

“စကစအနေနဲ့ စိုးရိမ်တာတွေရှိမှာပေါ့။ တပ်တွင်းမှာ ကိုဗစ်ဖြစ်လာရင် မထိန်းချုပ်နိုင်ဘူးဆိုတာကို လက်အောက်ငယ်သားတွေကို မမြင်စေချင်တဲ့ သဘောထားမျိုးတွေလည်း တွေ့ရတာပေါ့” ဟု ဗိုလ်ကြီးမင်းမောင်မောင်က ပြောလိုက်သည်။ 

Show More

Related Articles

Back to top button