သတင်း

မန္တလေးဆရာဝန်နှစ်ဦး ရိုက်နှက်ဖမ်းဆီးခံရပြီး စစ်ကြောရေးရောက်

မန္တလေးမြို့တွင် ပရဟိတဆေးကုသပေးနေသော ဆရာဝန်နှစ်ဦးကို စစ်တပ်နှင့် ရဲက ရိုက်နှက်ဖမ်းဆီးသွားပြီး စစ်ကြောရေးတွင် ရောက်ရှိနေကြောင်း မန္တလေးဆရာဝန်အသိုင်းအဝိုင်းနှင့် မိသားစုထံမှ သိရသည်။ 

ဖမ်းဆီးခံရသူနှစ်ဦးမှာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြသည့် ၄၁ နှစ်အရွယ် ခွဲစိတ်အထူးကု ဒေါက်တာသက်ဌေး၊ ၂၇ နှစ်အရွယ် ဒေါက်တာကျော်ကျော်သက်တို့ ဖြစ်သည်။ 

ဇူလိုင် ၁၆၊ မွန်းလွဲ ၂ နာရီကျော်ခန့်က ပရဟိတဆေးရုံတစ်ခုတွင် လုပ်အားပေးပြီး အိမ်ပြန်လာသော ဒေါက်တာသက်ဌေး ချမ်းမြသာစည်မြို့နယ်၊ ၅၅ လမ်းနှင့် လမ်း ၃၀ အရောက်တွင် စစ်သားနှင့် ရဲများက ရိုက်နှက်ဖမ်းဆီးခဲ့သည်။

ည ၈ နာရီကျော်ခန့်တွင် ၎င်းလုပ်အားပေးနေသည့် ပရဟိတဆေးရုံတစ်ခုသို့ ဒေါက်တာသက်ဌေးကို ခေါ်လာပြီး ၎င်း၏ ကွန်ပျူတာအပါအဝင် ပစ္စည်းတချို့ကို သိမ်းဆည်းသွားသည်။

“ခေါ်လာပြီး ပစ္စည်းတွေသိမ်းချိန်မှာ မျက်နှာတွေမှာလည်း ရိုက်နှက်ထားတာ၊ ဖူးရောင်နေတယ်”ဟု CDM ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာစိုးသူရဇော်က မျက်မြင်သက်သေတစ်ဦးကို ကိုးကားပြီး Myanmar Now ကို ယနေ့ ပြောသည်။

မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် တာဝန်ကျသူ ဒေါက်တာသက်ဌေးသည် စစ်ကောင်စီက အာဏာသိမ်းအပြီး CDM ပြုလုပ်ကာ ပရဟိတဆေးရုံများတွင်သာ အခမဲ့ခွဲစိတ်ကုသပေးခဲ့သည်။  

နွေဦးတော်လှန်ရေးတွင် စစ်ကောင်စီတပ်များ၏လက်ချက်ကြောင့် ဒဏ်ရာရရှိသူများကို ကယ်တင်ကုသပေးသူဖြစ်သည်ဟု မန္တလေးဆရာဝန်များက ပြောသည်။ 

အလားတူပင် ဇူလိုင် ၁၃ ကလည်း ကိုဗစ်လူနာများကို အွန်လိုင်းမှတစ်ဆင့် ဆေးကုသပေးနေသည့် ဒေါက်တာကျော်ကျော်သက်ကို ရဲနှင့် စစ်သား အင်အား ၂၀ ခန့်က မဟာအောင်မြေမြို့နယ်ရှိ ၎င်း၏ နေအိမ်သို့ သွားရောက်ပြီး  ရိုက်နှက် ဖမ်းဆီးခဲ့သည်။ 

၎င်း၏ ညီကိုပါ ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့တွင် ညီဖြစ်သူကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ တစ်ပတ်ကြာသည်အထိ မိသားစုနှင့် အဆက်အသွယ်မရကြောင်း CDM ဆရာဝန်တစ်ဦးဖြစ်သူ ဒေါက်တာစိုးသူရဇော်က ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် ဆေးတက္ကသိုလ်ကျောင်းသားကျောင်းသူများသည် စစ်ကောင်စီယန္တရားတွင် မပါဝင်ဟုဆိုကာ ကျောင်းမတက်ကြတော့ဘဲ ထူးချွန်ဆရာဝန်များထံတွင် အွန်လိုင်းမှ သင်ယူနေကြသည်။ ဒေါက်တာကျော်ကျော်သက်ကလည်း အွန်လိုင်းမှ ပို့ချပေးနေသောကြောင့် စစ်ကောင်စီကို ခြေရာတိုင်းသည်ဟု ယူဆ၍ ဖမ်းဆီးခြင်းဖြစ်နိုင်သည်ဟု ၎င်း CDM ဆရာဝန်က သုံးသပ်သည်။

အဆိုပါဆရာဝန်နှစ်ဦး အကျဉ်းထောင်သို့ မရောက်သေးဘဲ စစ်ကြောရေးစခန်းတစ်ခုတွင်သာ ရှိသေးသည်ဟု နားလည်ထားကြောင်း၊ အဆက်အသွယ်တစ်စုံတစ်ရာ မရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

မတ်လ ၃ ရက်နေ့က ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပရဟိတလုပ်အားပေးများကို ထောင်သို့ မပို့မီ စစ်ကောင်စီတပ်သားများက အကြမ်းဖက် ထိုးကြိတ်ကန်ကျောက်ကာ၊ သေနတ်ဒင်၊ နံပါတ်တုတ်များဖြင့် ရိုက်နှက်နေသည့် မှတ်တမ်းပုံ။ 

လူနာသေဆုံးမှုများပြားလာပြီး ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်း ဖရိုဖရဲဖြစ်နေသည့် ကိုဗစ်နိုင်တင်းတတိယလှိုင်းတွင် စစ်ကောင်စီက ကျန်းမာရေးဝန်ထမ်းများ၊ လုပ်အားပေးများအပေါ်တွင် ဆက်ဆံရေး ဆိုးရွားနေဆဲဖြစ်သည်။  စစ်ကောင်စီတပ်သားတို့က ဆရာဝန်များကို ဖမ်းဆီးသည့်အခါ လူနာယောင်ဆောင်ပြီးလည်း ထောင်ချောက်ဆင် ဖမ်းတတ်သည်။ 

ယမန်နေ့ (ဇူလိုင် ၁၉)၌ ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်တွင် CDM ဆရာဝန် ၃ ဦးကို ကိုဗစ်လူနာဟန်ဆောင်၍ ဖုန်းဆက်ချိန်းဆိုပြီး ထောင်ချောက်ဆင် ဖမ်းဆီးခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများကို ဖမ်းဆီးနှိပ်စက်မှုနှင့် ပတ်သက်ပြီး မေးမြန်းရန် ကြိုးစားသော်လည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူတို့ကို ဆက်သွယ်နိုင်ခြင်း မရှိသေးပေ။

ယင်းသို့ စစ်ကောင်စီက ဆရာဝန်များအပေါ် ဖိနှိပ်နေသည့်အခြေအနေတွင် CDM ဆရာဝန်များကြောင့် ကိုဗစ်လူနာများ အသက်ဆုံးရှုံးနေသည်ဟု ဝါဒဖြန့်နေကြောင်း မန္တလေးဆရာဝန်များက ဆိုသည်။

“အောက်စီဂျင်စက်ရုံတွေကို စီးတယ်။ ဆရာဝန်တွေကို ဖမ်းတယ်။ ပြီးတော့ ဆရာဝန်တွေ CDM လုပ်လို့ လူနာတွေသေရတာမျိုး ဝါဒဖြန့်တာတွေဟာ လုံးဝအဓိပ္ပာယ်မရှိဘူး။ ဆရာဝန်တွေက ရရာနည်းနဲ့ ပရဟိတတွေလုပ်၊ အသက်တွေ ကယ်နေကြတယ်။ လူတွေကို တကယ်သတ်နေတာက သူတို့ စစ်ကောင်စီပါ” ဟု ဒေါက်တာစိုးသူရဇော်က တုံ့ပြန်ပြောဆိုသည်။

မြန်မာပြည်သူများ ကိုဗစ်ကပ်ရောဂါကြောင့် ဒုက္ခရောက်နေရချိန်တွင် ဆရာဝန်များကို ဖမ်းဆီးနေခြင်းများအား ကန့်ကွက်ရှုတ်ချကြောင်း၊ အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း မန္တလေးကျန်းမာရေးမိသားစုက ယမန်နေ့ (ဇူလိုင် ၁၉) က ကြေညာချက်ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် မေလမှစ၍ ကိုဗစ်တစ်ကျော့ပြန်လာစဉ် သန္ဓေပြောင်းဗိုင်းရပ်စ်ပိုးကြောင့် ကိုဗစ်လူနာအများအပြား အသက်ရှူကျပ်ပြီး အောက်စီဂျင်လိုအပ်မှု မြင့်တက်ချိန်၌ စစ်ကောင်စီက အောက်စီဂျင်ကို ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပြီး ဆေးရုံများတွင်လည်း လူနာတချို့သာ ကိုယ့်အစီအစဉ်ဖြင့် တက်‌ရောက်ခွင့်ပြုထားသည်။

ကိုဗစ်ကူးစက်နှုန်းမြင့်တက်နေသော ရန်ကုန်မြို့တွင် ဇူလိုင်ဒုတိယပတ်အတွင်း တစ်နေ့လျှင် လူတစ်ထောင်ခန့် သေဆုံးနေသောကြောင့် မီး​​​​သင်္ဂြိုဟ်ရာ၌ အလျဉ်မမီဖြစ်နေသည်။ 

ထို့ကြောင့် CDM ဆရာဝန် ၉၀၀ ခန့်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) အစီအစဉ်ဖြင့် ကိုဗစ်လူနာများကို တယ်လီဖုန်းမှတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး ဆေးတက္ကသိုလ်များမှ နောက်ဆုံးနှစ်ကျောင်းသား ၂,၀၀၀ ခန့်သည် ပြည်သူနှင့် အနီးဆုံးနေရာများတွင် ပါဝင်ကုသပေးနေကြောင်း NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောထားသည်။

Show More

Related Articles

Back to top button