
တိုက်ပွဲဖြစ်ပွားရာ ဒေသများတွင် စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ တိုး၍ ပြုလုပ်လာကြောင်း လတ်တလော၌ ကချင်၊ ကရင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် လက်တွေ့ကြုံတွေ့ခဲ့ရသည့် ဒေသခံများက ပြောသည်။
အဆိုပါဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲဖြစ်ပွားရာ၌ စစ်တပ်က ဒေသခံပြည်သူများနေထိုင်ရာ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ရှိခဲ့သည်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် တံတားညီညောင်ကျေးရွာအနီး ဇူလိုင် ၁၄ ရက်က တိုက်ပွဲဖြစ်ပွားရာ ယင်းဒေသအခြေစိုက် နမ့်ယားစစ်ကောင်စီတပ်စခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဆိုင်းဖရာကျေးရွာမှ ဒေသခံ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ထို့နောက် ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင် ဆိုင်းဖရာအပါအဝင် ယင်းအနီးတဝိုက်ရှိ ကျေးရွာများမှ ရွာလူကြီးများကို စစ်ကောင်စီတပ်က နမ့်ယားတပ်စခန်းသို့ ခေါ်ဆောင်ပြီး KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဝင်ရောက်လာသည်ကို သတင်းမပေးပါက ရွာကို မီးရှို့မည့်အပြင် လက်နက်ကြီးဖြင့်ပါ ပစ်ခတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
“သူတို့ ပြောတာက KIA လာတဲ့အချိန်မှာ သူတို့ကို သတင်းမပို့ဘူးပေါ့။ နောက်နောင်ကျရင် သူတို့ဆီမှာ တိုက်ပွဲပြန်ဖြစ်ရင် ရွာကို မီးရှို့မယ်ဆိုတာရယ်၊ အဲဒါခေါ်ပြောတာပါ။ ခြိမ်းခြောက်တဲ့သဘောဆိုပေမယ့် သူတို့ တကယ်လည်း လုပ်လည်း လုပ်ပါတယ်။ အရင်ကလည်းလုပ်နေကြ” ဟု အထက်ပါ ဖားကန့်ဒေသခံက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် တက်တူရွာနှင့် ပလိုင်းကျေးရွာကြားတွင် ယမန်နေ့ (ဇူလိုင် ၁၈) က ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ လက်လုပ်သေနတ်အားကိုးဖြင့် ခုခံသည့် ဒေသခံများမှာ အင်အားချင်းမမျှသဖြင့် ဆုတ်ခွာခဲ့ရသည်။
စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အပြင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အနီးဝန်းကျင်ရှိ ကျေးရွာနှစ်ခုမှ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
“မီးရှို့ခံရတဲ့အိမ်ကြီးကတော့ စပါးရိတ်စက်နှစ်လုံးနဲ့ စက်ကြီးကတစ်လုံး၊ ပြီးတော့ စပါးတိုက် (စပါးထားရာဂိုဒေါင်) ပါသွားတာ။ သိန်းထောင်ချီပါသွားတာ။ သူတို့ (စစ်တပ်)က ရွေးပြီးရှို့သွားတာ။ အဲဒါက ပလိုင်းရွာက။ ပလိုင်းနားက ကံသာမှာလည်း ရှို့ခံရတယ်။ ကံသာက တစ်အိမ်ရှို့တာ စပါးတိုက်တစ်ခုလည်း ပါသွားတယ်။ မီးကူးပြီးလောင်တာကလည်း တစ်လုံးလို့ ပြောတယ်” ဟု တက်တူရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့ပြင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပလိုင်းရွာမှ ဘုန်းတော်ကြီးတစ်ပါး လန့်ပြီး ပျံလွန်တော်မှုခဲ့ကြောင်းလည်း သိရသည်။
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းရှိ ဆိပ်ခွန်ရွာကို စစ်ကောင်စီတပ်များ ဇူလိုင် ၁၇ ရက် ညပိုင်းတွင် ဝင်ရောက်စီးနင်းပြီးနောက် ရွာသားလေးဦးကို ပစ်သတ်ခဲ့သည်။ ထိုသို့ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းနေသောကြောင့် ပလိုင်း၊ ကံသာ၊ တက်တူ၊ ဂုဏ်တန်ကျေးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
ကရင်ပြည်နယ်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်မဟာ(၁) နှင့် တပ်မဟာ(၅) ထိန်းချုပ်ရာနယ်မြေများ၌ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီက ကျေးရွာများသို့ ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့်အပြင် နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။
ဖာပွန် (မူတြော်)ခရိုင်တွင် ဇူလိုင် ၁၆ ရက်က တပ်မဟာ(၅)နှင့် စစ်ကောင်စီလက်အောက်ခံတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ တိုက်ပွဲအပြီးတွင် အနီးရှိ ကူးဆိပ်ရွာမှ နေအိမ်ငါးလုံးကို စစ်ကောင်စီတပ်က မီးရှို့သွားကြောင်း တပ်မဟာ(၅) က သတင်းထုတ်ပြန်ထားသည်။
အလားတူ KNU တပ်မဟာ(၁) နယ်မြေဖြစ်သည့် ကျိုက်ထိုမြို့နယ် ဘိုက်ကားကျေးရွာတွင်လည်း ဇူလိုင် ၁၆ ရက်ကပင် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဒေသခံငါးဦး ဒဏ်ရာရရှိခဲ့သည်။ အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ခုက စစ်ကောင်စီတပ်စခန်းကို သွားရောက်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာကို လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု တပ်မဟာ(၁)က ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်များအနေဖြင့် ချင်းပြည်နယ်နှင့် ကယားပြည်နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင်လည်း အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့သည်။