အိမ်အကူမိန်းကလေးကို ခွေးနဲ့ရှုးတိုက် နှိပ်စက်တာတွေလုပ်လို့ ရဲစခန်းမှာ အမှုဖွင့်ထား

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)
အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)

ရန်ကုန်မြို့က အသက်မပြည့်သေးတဲ့ အိမ်အကူမိန်းကလေးတစ်ဦးကို အိမ်ရှင်ဖြစ်သူက အိမ်မှာမွေးထားတဲ့ခွေးနဲ့ ရှူးတိုက်ခြင်း၊ အညိုအမည်း စွဲလောက်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့တာကြောင့် ရပ်ကွက်ရာအိမ်မှူးက နယ်မြေ ရဲစခန်းမှာ ယခုလ ၃ ရက်နေ့က အမှုဖွင့်ခဲ့ကြောင်း သိရပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ ကြီးပွားရေးရပ်ကွက် အောင်မေတ္တာလမ်း၊ တိုက်အမှတ် (၄)၊ အခန်း ၂၂ မှာနေသူ မနီလာဝင်း (ခေါ်) မသဲသဲချိုရဲ့နေအိမ်မှာ အိမ်အကူလုပ်နေတဲ့ အသက် ၁၂ နှစ်အရွယ် မသန္တာလှိုင်ဟာ ယခုလ ၃ ရက်နေ့က အညိုအမည်း ဒဏ်ရာနဲ့ထွက်ပြေးလာတဲ့အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ခေါ်ယူမေးမြန်းခဲ့ကြောင်း၊ အိမ်ရှင်က နှိပ်စက်ညှဉ်းပန်းထားကြောင်း သိရတဲ့အတွက် အမှုဖွင့်တိုင်ကြားခဲ့ရတာဖြစ်ကြောင်း အဆိုပါရပ်ကွက်ရဲ့ ရာအိမ်မှူး ဦးအောင်ကြည်ဝင်းရဲ့ တိုင်ကြားစာအရ သိရပါတယ်။

အဲဒီနေ့က အိမ်အကူဖြစ်သူကို လက်ဖက်ရည် တစ်ခွက် ဝယ်ခိုင်းရာမှာ နှစ်ခွက်ဝယ်လာတဲ့အတွက် အိမ်ရှင် မနီလာဝင်းက ကြက်တောင်မွေး၊ တံမြက်စည်း၊ ဖိနပ်တို့်နဲ့ရိုက်၊ လည်ပင်းညှစ်၊ ဦးခေါင်းကို နံရံနဲ့ဆောင့်တာတွေ လုပ်တယ်လို့ တိုင်ကြားစာထဲမှာ ဖော်ပြထားပါတယ်။

မသန္တာလှိုင်ကို သင်္ဃန်းကျွန်း စံပြဆေးရုံကြီး ပို့ပြီး ဆေးစစ်စေရာမှာတော့ သူ့ရဲ့ခြေထောက်တွေမှာ ခွေးကိုက်တဲ့ဒဏ်ရာတွေ အများကြီးတွေ့ရှိကြောင်း၊ လတ်တလောရရှိထားတဲ့ ဒဏ်ရာမျိုးမဟုတ်ဘဲ အမာရွတ်တွေဖြစ်ကြောင်း၊ လတ်တလောဒဏ်ရာတွေကတော့ မျက်နှာမှာ ဖူးယောင်တာ၊ ခေါင်းမှာဘုထွက် နေတာတွေ ဖြစ်ကြောင်း အဲဒီဆေးရုံက ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန်းလှက Myanmar Now ကို အတည်ပြုပါတယ်။

“ဆေးမှတ်တမ်းယူဖို့ ကျွန်မတို့ဝန်ထမ်းအဆင့်ဆင့်ရှေ့မှာ ကာယကံရှင် ကလေးမလေးကိုယ်တိုင် သူ့ကို ခွေးနဲ့ရှူးတိုက်တယ် လို့ ပြောတယ်။ သူ့လည်ပင်းကိုညှစ်တယ်ပြောတယ်။ ဖိနပ်နဲ့ရိုက်တယ်ပြောတယ်။ ကျိုးတာ၊ ပဲ့တာတော့ မတွေ့ဘူး။ ညိုမည်းဖူးယောင် ပွန်းပဲ့တာပဲရှိတာ။ နာရွက်တွေ၊ ခြေထောက်တွေမှာတော့ အမာရွတ်တွေရှိတယ်” လို့ ဆရာဝန်ကြီးက ဆိုပါတယ်။

မသန္တာလှိုင်ရဲ့ခြေဖမိုးနှစ်ဖက်ရှိ ခွေးကိုက်ဒဏ်ရာတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံများကိုလည်း ဆရာဝန်ကြီးက ပြသပါတယ်။

ဒီဖြစ်စဉ်ကို သုဝဏ္ဏရဲစခန်းမှာ ပုဒ်မ ၃၂၅ (တုံးသောလက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု) နဲ့ အမှုဖွင့် ဆောင်ရွက်လျက်ရှိပါတယ်။

ရာအိမ်မှူး ဦးအောင်ကြည်ဝင်းကတော့ အခင်းဖြစ်ရာနေ့မှာပဲ အိမ်အကူ ကလေးကို စံပြဆေးရုံ တင်ပို့ပြီး ဆေးစစ်ချက်ယူတယ်၊ ယခုလ ၄ ရက်နေ့ည နေပိုင်းမှာ လူတစ်စုက ဆေးရုံတာဝန်ကျသူများကို ခွင့်တောင်း အသိပေးခြင်းမပြုဘဲနဲ့ အိမ်အကူကလေးကို မနီလာဝင်းတို့ရဲ့နေအိမ်ကို တိတ်တဆိတ် ပြန်လည် ခေါ်ဆောင်သွားတယ်လို့ ရှင်းပြပါတယ်။

ဒီဖြစ်ရပ်ကို သိရတဲ့အတွက် ရာအိမ်မှူးနဲ့ ရဲတပ်ဖွဲ့က အဆိုပါမိန်းကလေးကို ဆေးရုံ ပြန်ပို့ပေးခဲ့ရတယ်လို့ ပြောပါတယ်။

“ကောင်မလေးက ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်က။ သူဒီအိမ်ကိုရောက်လာတာ လွန်ခဲ့တဲ့ ၇ လ လောက်ကမှ။ သူ့အမေကိုယ်တိုင် လာအပ်ထားတာ။ လုပ်အားခ မပေးတာမျိုး၊ မိသားစုနဲ့ အဆက်သွယ်ဖြတ်ထားတာမျိုးတော့ မရှိဘူးလို့ သိရတယ်”လို့ ရာအိမ်မှူးက ပြောပါတယ်။

မိန်းကလေးရဲ့ မိခင် အသက် ၃၂ နှစ်အရွယ် ဒေါ်ခင်လှိုင်မြင့်က ဒီအမှုကို ကြားသိရတဲ့အတွက် လပွတ္တာကနေ ရန်ကုန်မြို့ကို ရောက်နေတယ်၊ ညှဉ်းပန်းမှု ကျူးလွန်တယ်လို့ စွပ်စွဲခံနေရတဲ့ မနီလာဝင်းရဲ့ နေအိမ်မှာ ရှိနေတယ်ဆိုတာ သိရတဲ့အတွက် Myanmar Now က ဇွန်လ ၇ ရက်နေ့မှာ သွားရောက် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

သူတို့ဟာ ဆွေမျိုးသားချင်းဖြစ်တာကြောင့် အမှုဖွင့်ဖို့ အစီအစဉ်မရှိဘူးလို့ ဒေါ်ခင်လှိုင်မြင့်က ပြောပါတယ်။ မနီလာဝင်းနှင့် ဒေါ်ခင်လှိုင်မြင့်တို့ဟာ တူအရီးဝမ်းကွဲတော်စပ်တယ်လို့ အဲဒီအိမ်ကနေ သိရပေမယ့် သီးခြား အတည်မပြုနိုင်သေးပါဘူး။

ညှဉ်းပန်းမှု ကျူးလွန်တယ်လို့ စွပ်စွဲခံထားရသူ မနီလာဝင်းက ညှဉ်းပန်းနှိပ်စက်တာ၊ ခွေးနဲ့ရှူးတိုက်တာတွေ မလုပ်ဘူးလို့ ငြင်းဆိုပါတယ်။

“အဲ့ဒီနေ့က ဈေးသုံးတာ ဝယ်ပြီး ပိုတာပြန်မပေးဘူး။ မေးမေးရင်းနဲ့ သူ (မုန့်)စားလိုက်တာကို ပေါ်လာတာ။ ကျွန်မလည်း အိမ်မှာ ဒီလောက် စားနေရတဲ့ကြားကနေ ဘာလို့ ဒီလောက် စားရသလဲ ဆိုပြီး ဒေါသစိတ်နဲ့ ရိုက်ခဲ့မိတာ။ နည်းနည်းတော့ လက်လွန်သွားတယ်။ ခွေးနဲ့ရှူးတိုက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ညှဉ်းပန်းနှိပ်စက်တာလည်း မလုပ်ပါဘူး”လို့ မနီလာဝင်းက ဆိုပါတယ်။

ကာယကံရှင် အိမ်အကူမိန်းကလေးကိုယ်တိုင်က ဆေးရုံရဲ့ ဆေးမှတ်တမ်းမှာ ခွေးနဲ့ရှူးတိုက် ကိုက်ခိုင်းတယ်ဆိုပြီး ထွက်ဆိုထားပေမယ့် Myanmar Now က သူ့ကို ဆေးရုံမှာ တွေ့ဆုံမေးမြန်းစဉ် သူ့ ပြောပြချက်တချို့ကတော့ အဲဒီထွက်ဆိုချက်နဲ့ ကွဲလွဲနေပါတယ်။

“ခွေးကိုက်တယ်ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် ရှူးတိုက်ပြီး ကိုက်ခိုင်းတာ မဟုတ်ပါဘူး။ ကျွန်မက ခွေးအစာခွက်ကို သန့်ရှင်းဖို့ သွားသွားယူတဲ့အခါမှာ ကျွန်မကို ကိုက်တာ။

ရိုက်တာက အခုတစ်ကြိမ်ပဲ ရိုက်တာ။ အကြိမ်ကြိမ်ရိုက်နှက်နေတာ မဟုတ်ပါဘူး” လို့ မသန္တာလှိုင်က ဆေးရုံကို ဒုတိယအကြိမ် ပြန်ရောက်အပြီးမှာ ပြောပြပါတယ်။

သူ့ရဲ့ခြေနှစ်ဘက်မှာ အမာရွတ်တွေ၊ လက်မောင်း၊ မျက်နှာ၊ ရင်ဘတ်တို့မှာလည်း အညိုအမည်းဒဏ်ရာတွေ ရှိနေတာ Myanmar Now က တွေ့ရှိခဲ့ပါတယ်။

ခွေးနဲ့ရႈးတိုက်ပြီး နှိပ်စက်တာ ဟုတ်မဟုတ် ကွဲလွဲချက်နဲ့ ပတ်သက်ပြီး စံပြဆေးရုံကို ဇွန်လ ၇ ရက်နေ့ ညနေပိုင်းက ထပ်မံ ဆက်သွယ်ရာမှာတော့ ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သန်းလှက ကာယကံရှင် မိန်းကလေးကိုယ်တိုင် ဆေးရုံစတက်ကတည်းက ဆရာဝန်များကို ထွက်ဆိုခဲ့တာဖြစ်တယ်လို့ ထပ်မံ အတည်ပြုပါတယ်။

ရာအိမ်မှူး ဦးအောင်ကြည်ဝင်းကတော့ အိမ်အကူမိန်းကလေးရဲ့မိခင်က ဘယ်လိုပဲ အမှုမဖွင့်ချင်ဘူးဆိုဆို၊ ကာယကံရှင် မိန်းကလေးက ဘယ်လိုပဲ စကားကို ပြန်ပြင်သည်ဖြစ်စေ သူ့အနေနဲ့ အမှုကို မရုပ်သိမ်းဘူးလို့ ပြောပါတယ်။

“ကျွန်တော်တို့ တိုင်တယ်ဆိုတာလည်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေ အဆင့်ဆင့်ကို တင်ပြပြီးမှ တိုင်တာ။ ကာယကံရှင်နဲ့ ကျူးလွန်သူတွေက ဆွေမျိုးနီးစပ်တော်ကြတယ်။ ဒီလိုနှိပ်စက်တာကို လက်မခံနိုင်လို့ အသိစိတ်ရှိရှိနဲ့ တိုင်တာ။ ကျွန်တော့်ဘက်ကတော့ ဒီအမှုကို ဘယ်လိုအကြောင်းနဲ့မှ ရုပ်သိမ်းဖို့ အစီအစဉ်မရှိဘူး” လို့ သူက ဆိုပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၃၂၅ မှာ အပြင်းအထန် နာကျင်စေမှုအတွက် ပြစ်ဒဏ်အဖြစ် ခုနစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်လို့ ဖော်ပြထားသည်။ ပုဒ်မ ၃၂၆ မှာတော့ တိရစ္ဆာန် တစ်ကောင်ကောင်ဖြင့် အပြင်းအထန် နာကျင်စေလျှင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိဖြစ်စေ၊ ဆယ်နှစ်အထိဖြစ်စေ ချမှတ်နိုင်သည်လို့ ဖော်ပြထားပါတယ်။
 

အိမ်အကူအဖြစ်လုပ်ကိုင်စဉ် နှိပ်စက်ခံခဲ့ရတဲ့ မသန္တာလှိုင်ကို ရန်ကုန်မြို့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှာ တွေ့ရစဉ်။ (ဓာတ်ပုံ- ပြည့်ပြည့် / Myanmar Now)

ထက်ခေါင်လင်းသည် Myanmar Now သတင်းဌာန၏ အကြီးတန်းသတင်းထောက်ဖြစ်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံ သမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။...

Published on Mar 19, 2021
ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၁၆ က အာဏာသိမ်းစစ်ကောင်စီ လက်နက်ကိုင်များကို ဆန္ဒပြသူအချို့က ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသနေစဉ်။ 

ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် သပိတ် ကော်မတီဝင်များနှင့် ဆွေးနွေးနေမှုသည် ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) တင် ရွေးကောက်ခံအမတ်တစ်ဦးဖြစ်သူ ဒေါ်ဇင်မာအောင်က ပြောကြားလိုက်သည်။ 

“အခုလို အခြေနေမျိုးမှာ ဘယ်လိုမျိုး စုစုစည်းစည်းနဲ့ ဆောင်ရွက်လို့ရမလဲဆိုတာ ဆွေးနွေးနေပါတယ်။ ကျွန်မတို့ စုစည်းညီညွှတ်တဲ့အသံတစ်ခု ထွက်လာအောင် ကြိုးစားနေပါတယ်။ ၈၀ ရာခိုင်နှုန်းလောက် ပြီးစီးနေပါပြီ" ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားသည့် ခေတ္တ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ ဒေါ်ဇင်မာအောင်က ဆိုသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည်  အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား ၁၀ နှင့် ဆွေးနွေးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများနှင့်လည်း တစ်ဖွဲ့ချင်းဖြစ်စေ၊ အစုအဖွဲ့အလိုက်ဖြစ်စေ ဆွေးနွေးလျက်ရှိသည်ဟု ဒေါ်ဇင်မာအောင်က ပြောသည်။ 

“အတိတ်ကာလ အတွေ့အကြုံအားဖြင့် သံသယတွေ ကျန်တာရှိတယ်။ အဲဒီသံသယတွေကိုလည်း ကျွန်မ တို့တွေ ချေဖျက်ရတာရှိတယ်။ အလုပ်လုပ်ရင်းနဲ့ ယုံကြည်မှုတွေ တည်ဆောက်နေရတာရှိတယ်။ တဖြည်းဖြည်းနဲ့တော့ ကျွန်မတို့ကြားမှာ Common Ground ကလည်း ရနေပြီ။ ၁၀၀ ရာခိုင်နှုန်း တစ်စုတစ်စီးတည်းဖြစ်ဖို့၊ သဘောတွေ တူညီဖို့၊ အပ်ကျမတ်ကျဖြစ်ဖို့ဆိုတာကတော့ သဘာဝ မကျပါဘူး။ သို့သော် ဒီကြားထဲက  ကျွန်မတို့ ဘယ်လိုပေါင်း စပ်ညှိနှိုင်းပြီးတော့ အတူတူ အလုပ်လုပ်သွားကြမလဲဆိုတဲ့အပေါ်မှာကတော့ ကျွန်မတို့ ကြိုးစားပမ်းစားတည်ဆောက်နေပါတယ်” ဟု ၎င်းက ပြောသည်။

တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ လက်နက်ကိုင်အဖွဲ့များနှင့် သပိတ်ကော်မတီတို့နှင့် ဆွေးနွေး၍ ထွက်ပေါ်လာမည့် သဘောတူညီချက်များ၊ တာဝန်ခွဲဝေမှုများသည် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရန် အခြေခံကောင်းများဖြစ်လာမည်ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ထို့ပြင် CRPH အနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖက်ဒရယ်တပ်မတော် တည်ထောင်ရန် တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးပါတီများနှင့် ပွင့်ပွင့်လင်းလင်းဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

လွန်ခဲ့သည် ၅ နှစ်က NLD အစိုးရလက်ထက်၌ ကျင်းပခဲ့သည့် ၂၁ ရာစုပင်လုံတွင်မူ ဖက်ဒရယ်နှင့်ပတ်သက်၍ ကိစ္စများသည် စစ်တပ်၏ ကန့်ကွက်မှုကြောင့် ဆွေးနွေးခွင့်မရခဲ့ကြောင်း၊ လက်ရှိတွင် ဖက်ဒရယ် ဒီမိုကရေစီထူထောင်ချိန်တွင် ဖက်ဒရယ်တပ်မတော်ကိုပါ တည်ထောင်ရမည်ဖြစ်သောကြောင့် ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်လာရေးကိုလည်း ဆွေးနွေးလျက်ရှိသည်ဟု ဆိုသည်။

“ဖက်ရယ်တပ်မတော်လို့ ပြောတာက ငါတို့သည် ဖက်ဒရယ်ပြည်ထောင်စုကို သွားတော့မယ်။ ဖက်ဒရယ် တပ်မတော်ကြီးအတွက်ဆိုရင် အခင်းအကျင်းတွေလိုအပ်တယ်။ တကယ့် professional ဖြစ်တဲ့၊ လက်နက် ကိုင်ထားတာဖြစ်တဲ့အတွက် ပိုပြီးတော့ ကျင့်ဝတ်တွေ စောင့်ထိန်းရတယ်။ ဒီကျင့်ဝတ်တွေနဲ့ သွားရမယ်။ ဒါတွေကို အကြမ်းဖက်မှုတွေ၊ မတည်မငြိမ်မှုတွေ၊ Chaos တွေနဲ့ ပုံဖျက်လာနိုင်ပါတယ်။ ဒါတွေကို သတိထားဖို့ လိုတယ်။  တကယ့် professional တပ်မတော်သည် ဘယ်တော့မှ မရမ်းကားဘူး ”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။

ဖက်ဒရယ်တပ်မတော်ရန် ကြိုးပမ်းခြင်းသည် ပြည်သူလူထုနှင့် တိုင်းပြည်ကို အကာအကွယ်ပေးမည့် တပ်မတော်ကိုထူထောင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး အကြမ်းဖက်မှုများကို ဖန်တီးလာမည့်သူများ၏ အန္တရာယ်ကို သတိထားရန် လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။ 

“ပြည်သူတွေရဲ့ မလုံခြုံမှု၊ ဖိနှိပ်ခံတာတွေ ပိုတိုးလာတယ်။ ဒါက ဘာလဲဆိုရင် ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး သစ္စာဆိုခဲ့ကြတဲ့၊ ငါတို့သည် နိုင်ငံတော်နဲ့ နိုင်ငံသားတို့အပေါ်မှာ သစ္စာစောင့်သိရိုသေပါ မည်ဆိုပြီး မိုးလင်းတိုင်း တပ်ထဲမှာ သစ္စာဆိုထားရတဲ့သူတွေက သစ္စာမတည်တော့ဘူး။ သူတို့ကျင့်ဝတ်တွေကို လိုက်နာရမယ့်အစား ပြည်သူကို ခြောက်လှန့်တယ်။ အိပ်ကောင်းချင်းမအိပ်ရ၊ စားကောင်းချင်း မစားရဖြစ်အောင်လုပ်တယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် တစ်ဦးတစ်ယောက်အကျိုးစီးပွားအတွက် အသုံးချမခံတော့ဘဲ ပြည်သူများနှင့်အတူ ပူးပေါင်းရန် စစ်သားများကိုလည်း ၎င်းက တိုက်တွန်းဖိတ်ခေါ်လိုက်သည်။

“တပ်မတော်ထဲမှာ ပြည်သူလူထု အကျိုးစီးပွားကို အကာအကွယ်ပေးချင်တဲ့ တပ်မတော်သားတွေ ရှိလိမ့်မယ်လို့ ကျွန်မယုံကြည်ချင်ပါတယ်။ သက်သေပြကြပါ။ လူတစ်စု၊ တစ်ဖွဲ့၊ တစ်ယောက်ရဲ့ အသုံးချခံသမိုင်းအစဉ်လာကြီးကို အခုချိန်မှာ ချိုးဖောက်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းပါ။ ပြည်သူလူထုအကျိုး စီးပွားကို ကာကွယ်မယ်ဆိုရင် ပြည်သူလူထုက ဂုဏ်ယူဝမ်းမြောက်စွာနဲ့ကြိုဆိုနေမှာပါလို့ တပ်မတော်သားကောင်းတွေကို ပြောချင်ပါတယ်” ဟု ဒေါ်ဇင်မာအောင်က ပြောသည်။

 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ကျည်အစစ်ဖြင့် ပစ်ခတ်ခံရသဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည် 

Published on Mar 19, 2021

တောင်ဒဂုံမြို့နယ်တွင် ယနေ့ (မတ် ၁၉) ညနေပိုင်းက စစ်ကောင်စီ၏ လက်နက်ကိုင်များက ရပ်ကွက် အတွင်းအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့်  အရပ်သားတစ်ဦးကျဆုံးခဲ့ကြောင်း မျက်မြင်များက ပြောသည်။

တောင်ဒဂုံမြို့နယ် ၂၂ ရပ်ကွက်ထိပ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးအထိုင်သပိတ်ကို စစ်ကောင်စီ၏ လက်နက်ကိုင်များက အကြမ်းဖက်ဖြိုခွင်းရာတွင် ရပ်ကွက်အတွင်းလမ်းထဲ အထိဝင်ကာ ကျည်အစစ်ဖြင့် ပစ်ခတ်သဖြင့် အသက် ၂၀  အရွယ် ကိုမျိုးလေးဆိုသူမှာ မျက်လုံးမှတဆင့် ဦးခေါင်းပွင့်ထွက်သည်အထိ ကျည်ထိမှန်သဖြင့် သေဆုံးခဲ့သည်ဟု မျက်မြင်များက ဆိုသည်။

“ဒိန်ချဉ်သည်အဖွားရဲ့ မြေးပါ။ သူ့အမေက နှလုံးရောဂါရှိတယ်။ ဖြစ်ဖြစ်ချင်းအချိန်တုန်းက သူက အဲ့ဒီနေရာမှာ မရှိဘူး။ ထကြွတဲ့အချိန်မှာ လူငယ်တွေနဲ့အတူတူလိုက်သွားတယ်။ ဝိုင်းရန်ပေးမယ်ဆိုတဲ့ စိတ်နဲ့သွားတယ်။ တကယ့်တကယ်နောက်ပြန်ဆုတ်တဲ့အချိန်မှာ ဖြစ်သွားတာ။ မျက်လုံးပါကျွတ်ထွက်သွား တယ် ” ဟု မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

ယနေ့ ညနေ ၄ နာရီခန့်က စစ်ကောင်စီလက်နက်ကိုင်အင်အား ၅၀ ခန့်သည် အသံဗုံး၊ ရော်ဘာကျည်များ အပြင် ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ကာ အထိုင်သပိတ်ကို စတင်ဖြိုခွင်းပြီး ထို့နောက်တွင် လက်နက်ကိုင်အင်အားတိုးမြင့်ကာ ရပ်ကွက်အတွင်းရှိနေအိမ်များကို အကြမ်းဖက်ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။

ဒလန်များ၏ သတင်းပေးမှုဖြင့် လက်နက်ကိုင်များသည် ရပ်ကွက်အတွင်းရှိ လူနာမည်နှင့် လိပ်စာ အတိအကျဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ဆန္ဒထုတ်‌ဖော်ပွဲတွင် ပါဝင်သည်ဟုဆိုကာ ပေါင်ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟုလည်း အထက်ပါ မျက်မြင်သက်သေက ပြောသည်။ 

လက်နက်ကိုင်များအ‌နေဖြင့် အထိုင်သပိတ်စစ်ကြောင်းမှ လူ ၂၀၊ ရက်ကွက်အတွင်းမှ ၁၀ ဦး စုစုပေါင်း အရပ်သား ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟုလည်း ၎င်းက ပြောသည်။ 

စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားခြင်းကြောင့် သပိတ်စစ်ကြောင်းများအနေဖြင့် လက်နက်ကိုင်များ လာရောက်ဖြိုခွင်းမည့်အခြေအနေကို မသိရသည့်အပြင် ဒလန်များ၊ သတင်းပေးများကြောင့် အိမ်လိပ်စာအတိအကျဖြင့် လာရောက်ဖမ်းဆီးခံနေရသည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများ က ဆိုသည်။

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading

ဒီပဲယင်းမြို့နယ်တွင် ရဲနှစ်ဦးသေဆုံးပြီးနောက် အခင်းဖြစ်ရာအနီးဝန်းကျင်ရှိ သပြေကုန်းနှင့် တည်တော ရွာတွင် စစ်တပ်က တပ်စွဲထားရာ ရွာ ၅ ရွာမှဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်

Published on Mar 19, 2021
ဒီပဲယင်းမြို့နယ် တည်တောကျေးရွာတွင် ပြီးခဲ့သည့်လအတွင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြစဉ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်ရှိ သပြေကုန်းနှင့် တည်တောကျေးရွာတွင် စစ်တပ်က တပ်စွဲ ထားသဖြင့် ရွာခံများအနေဖြင့် အနီးအနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ယမန်နေ့ (မတ် ၁၈) ရဲနှင့် ရပ်ရွာ လူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်များက တပ်စွဲလာခြင်းဖြစ်သည်။ 

သပြေကုန်း၊ တည်တောအပြင် ရွာနီးချုပ်စပ်ဖြစ်သည့် အုဌ်ဆည်၊ သရက်ကန်နှင့် ချောင်းနီးတိုရွာမှ ဒေသခံများသည်လည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ရွာခံများနှင့် ဒီပဲယင်းမြို့ခံများက သတင်းပေးပို့လာ သည်။ 

ယမန်နေ့ ညဉ့်ဦးပိုင်း ၁ နာရီခန့်တွင် သပြေကုန်းရွာသို့ အင်အား ၁၈၀ ခန့်သည် စစ်ကား ၁၃ စီးဖြင့် ဝင်ရောက်လာပြီး ဘုန်းကြီးကျောင်းနှင့် မူလတန်းစာသင်ကျောင်းအတွင်း တပ်စွဲခဲ့ခြင်းကြောင့် နံနက် ၄ နာရီခန့်တွင် ရွာခံများထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံက ပြောသည်။ 

“တကယ့် စစ်မြေပြင်ကြီးလိုပဲ။ မနက် ၄ နာရီမှာ ကိုယ့်အထုပ်ကလေးတွေ၊ နွားလေးတွေ ဆွဲပြီး သွားကြတယ်” ဟု ထွက်ပြေးတိမ်းရှောင်သူများတွင်ပါဝင်သူ ဒေသခံ ပြောသည်။ 

စစ်သားများက အန္တရာယ်မပြုကြောင်း ပြော၍ အေးအေးဆေးဆေးနေရန် ပြောသော်လည်း ရွာသားများက ပြောင်းရွေ့ခြင်းဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။ 

ရွာသားများပြောင်းရွေ့ပြီးနောက် စစ်သားများသည် လူမနေသည့် နေအိမ်အလွတ်များတွင် နေရာယူနေထိုင်ကြပြီး အိမ်ခြေ ၁၃၀၊ ခန့်မှန်း လူဦးရေ ၁၈၀ ရှိသော သပြေကုန်းရွာတွင် သက်ကြီးရွာအိုနှင့် မရွေ့ပြောင်းနိုင်သည့် ခန့်မှန်း လူ ၈ ဦးခန့်သာကျန်ရှိခဲ့ကြောင်း အဆိုပါရွာခံက ပြောသည်။  

သပြေကုန်းကျေးရွာ၌ တပ်စွဲထားသော လက်နက်ကိုင်တပ်ဖွဲ့များသည် ရွာအတွင်း ထွက်ပြေးတိမ်းရှောင် ခြင်းမရှိသေးဘဲ ကျန်ရစ်သည့် ကုန်စုံဆိုင်မှ ပစ္စည်များလုယက်ခဲ့သည့်အပြင် ရွာအနေဖြင့် ၎င်းတို့အတွက် ဝက်တစ်ကောင်ပေးရမည်ဟု တောင်းဆိုခဲ့ကြောင်း ယနေ့ည ၇ နာရီခွဲခန့်တွင် ရွာခံများက ဆက်သွယ်ပြော ကြားလာသည်။ 

တည်တောရွာတွင် ယမန်နေ့ညနေပိုင်းကတည်းက စစ်ကား ၁၅ စီးသည် သေနတ် တစ်ဒိုင်းဒိုင်းပစ်ဖောက် ဝင်ရောက်လာသဖြင့် ရွာသားများ ညတွင်းချင်းဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရကြောင်း တည်တောဒေသခံတစ်ဦးက ပြောသည်။ 

ရွာသားများက  အကာအကွယ်ယူ၍ ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေချိန်တွင် စစ်ကားငါးစီး ရွာဂိတ်သို့ ရောက်၍ သေနတ်တရစပ် ပစ်ဖောက်နေသဖြင့် နောက်ထပ် စစ်ကား ၁၀ စီးရောက်ရှိကာ ရွာထဲဝင်လာချိန်တွင်တော့ ညတွင်းချင်းရွေ့ပြောင်းရကြောင်း အထက်ပါတည်တောရွာခံက ဆိုသည်။ 

“တစ်ချို့လည်း ကလေးပိုက်၊ တစ်ချို့လည်း ဆန်ထုတ်ထမ်းပြီး ပြေးရတာ။ အဝတ်အစားထုတ်တွေနဲ့ နီးစပ်ရာ နီးစပ်ရာပေါ့။ မီးတောင် မထိုးရဲဘူး။ ဆိုင်ကယ်မီးလေးတောင် ဟိုတစ်စုဒီတစ်စုလေးပဲ ထိုးပြီးသွားရတာ၊ အသက်ဘေးလုပြေးရတဲ့သဘောမျိုး” ဟု ၎င်းက ဆိုသည်။ 

ယနေ့ (မတ် ၁၉) တွင် စစ်တပ်က တည်တောရွာ အနောက်ဘက်တွင် တပ်စွဲထားပြီး အိမ်ခြေ ၆၀၀ ခန့်ရှိသည့် အဆိုပါရွာတွင် ရွာခံတစ်ဦးမျှ မရှိတော့ကြောင်း အဆိုပါတည်တောရွာခံက ဆိုသည်။ 

ယမန်နေ့တွင် ဒီပဲယင်း၊ မူးကမ်းကြီးရွာ ရဲစခန်းတာဝန်ခံနှင့် တပ်ဖွဲ့ဝင် နှစ်ဦးသည် မြို့နယ်တရားရုံးသို့ ရဲလုပ်ငန်းဆောင်ရွက်ရန် သွားစဉ် ဖုတ်ထန်းတောရွာအနီး လူ ၁၀၀ ခန့်က လူစုလူဝေးဖြင့် အကြမ်းဖက်၍ တပ်ဖွဲ့ဝင်နှစ်ဦး ပွဲချင်းပြီးသေဆုံးပြီး တာဝန်ခံတစ်ဦး ဓားဒဏ်ရာ ၇ ချက်ဖြင့် ဆေးကုသမှု ခံယူနေရကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ 

Myanmar Now is an independent news service providing free, accurate and unbiased news to the people of Myanmar in Burmese and English.

Continue Reading