သတင်း

မင်းကင်းမြို့ဒေသခံ ၃ ဦးကို စစ်တပ်က ပစ်သတ်

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းအနောက်ဘက်ကျေးရွာများကို ဝင်မွှေနေသည့် စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့်တစ်ပတ်အတွင်း ကိုးတန်းကျောင်းသားတစ်ဦးအပါအဝင် ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့သည်။ 

ဇူလိုင် ၁၁ မှ ၁၆ အတွင်း ကျေးရွာ ၃ ရွာမှ အရပ်သား ၃ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

မင်းကင်းမြို့နယ်၊ အင်ပင်လှကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ်များသည် ဇူလိုင် ၁၆ က ဝင်ရောက် စီးနင်းစဉ် အသက် ၁၉ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်ဇွဲကိုကိုသည် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်။ 

“(စစ်တပ်က) ရွာထဲကို ဝင်လာတော့ ပုန်းနေရာကနေ ထွက်ပြေးတာ၊ ကလေးတွေ၊ ပြေးတဲ့သူတွေ မှန်သမျှကို ပစ်တာဗျာ။ အဲ့ဒီမှာ အဲဒီကလေးကို မှန်သွားတာ။ ပစ်တာကတော့ အကုန်လုံးကို ပစ်တာ။ ဒီအတိုင်း စက်သေနတ်နဲ့ ပစ်ဝင်တာပဲ” ဟု စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော် သူရိယက ပြောသည်။ 

ထို့နောက် နေအိမ်တစ်လုံးကို မီးရှို့ကြောင်း၊ အိမ်တချို့ကိုလည်း ဖျက်ဆီးဝင်ရောက်ပြီး အဖိုးတန်ပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက ဆိုသည်။ 

ဇူလိုင် ၁၃ ကလည်း သံပေါက်ရွာမှ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ အသက် ၆၀ အရွယ် ဦးမြင့်ဆွေကို စစ်ကောင်စီတပ်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ 

ပြည်ခိုင်ဖြိုးထောက်ခံသူ ဦးဆန်းဝင်းဆိုသူသည် စစ်ရှောင်နေရာမှ သူ၏နေရပ် ဇင်ကလဲရွာသို့ စားနပ်ရိက္ခာပြန်ယူစဉ် ၎င်းရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်သတ်ခဲ့သည်။

“သူက ပြည်ခိုင်ဖြိုးအားပေးတဲ့သူတစ်ယောက်၊ တောထဲမှာ ရှောင်နေရင်းက ဆန်သွားယူတာ။ ဆန်မရှိလို့နေမှာပေါ့ဗျာ။ ခေါင်းကိုပစ်လိုက်တာ။ စစ်ကောင်စီကတော့ လူမျိုးမရွေး၊ ဘာသာမရွေး၊ ပါတီမရွေး ပစ်သတ်နေတယ်” ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်သားများကို ပစ်သတ်ခြင်း၊ အိမ်မီးရှို့ခြင်း၊ အိမ်ထဲတင်ပြီး ပစ္စည်းများယူဆောင်ခြင်း စသည့် အမှုများ ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ရရှိရန် ကြိုးစားသော်လည်း စစ်ကောင်စီပြောခွင့်ရသူတို့နှင့် ဖုန်းအဆက်အသွယ်မရသေးပေ။

ချင်းတွင်းမြစ်ဘေးတည်ရှိသည့် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်စပ်မှ ကျေးရွာများကို စစ်တပ်က ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းမှစ၍ ဝင်ရောက်မွှေနှောက်နေသည့်အတွက် ဒေသခံထောင်နှင့်ချီပြီး ထွက်ပြေးတိမ်းရှောင်နေရသည်။ 

ထိုသို့ တိမ်းရှောင်နေသော စစ်ရှောင်အရပ်သားများကိုလည်း စစ်ကောင်စီက ချမ်းသာမပေးခဲ့ပေ။ 

ကနီမြို့နယ် ၊ ယင်းရွာ ဒေသခံများသည် တောထဲတွင် တိမ်းရှောင်နေရာ စစ်ကောင်စီတပ်က ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့၌ တောထဲထိ လိုက်လံပစ်ခတ်ခဲ့သည်။ 

ထို့နောက် လက်ပြန်ကြိုးတုပ်ကာ နှိပ်စက်ညှဉ်းပန်းဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားရသည့် အရပ်သား ၁၆ ဦး၏ ရုပ်အလောင်းများကို ယင်းရွာအနီးတဝိုက်တွင် ဒေသခံများက ရှာဖွေတွေ့ရှိခဲ့သည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများအားကောင်းခဲ့သည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်၊ ကနီ စသည့် မြို့နယ်များကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်က မကြာခဏဝင်ရောက်လေ့ရှိသလို ဒေသခံများကလည်း လက်နက်ကိုင် ပြန်ခုခံနေသည်။ 

စစ်ကိုင်းတိုင်းအတွင်း ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေး၊ ကန့်ဘလူ၊ တန့်ဆည်နှင့် ပုလဲမြို့နယ်တို့တွင် ဧပြီလမှ ဇူလိုင်အထိ ၅၈ ကြိမ် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၆၇ ဦး သေဆုံးကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၆၀ သေဆုံးကြောင်း စစ်ကိုင်းတိုင်းဒေသကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က ကောက်ယူထားသည့် အချက်အလက်များအရ သိရသည်။ 

စစ်ကိုင်းတိုင်းမှ မြို့နယ်များတွင် အပြန်အလှန်ပစ်ခတ်မှုများကြောင့် သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအတွက်နှင့် ပတ်သက်ပြီး Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါ။ 

စစ်ကိုင်းတိုင်းအပါအဝင် စစ်ကောင်စီတပ်ကို ရရာလက်နက်စွဲကိုင်ပြီး ခုခံတော်လှန်နေသည့် မြို့နယ်များတွင် အပြန်အလှန်ပစ်ခတ်မှုများတွင် သေဆုံးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်လေ့မရှိပေ။ 

စစ်ကောင်စီတပ်များသည် လက်နက်အင်အား၊ လူအင်အားသာလွန်သည်။ ဒေသခံများဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက်အကျအဆုံး နည်းပါးရခြင်းမှာ နယ်မြေကျွမ်းကျင်မှုရှိခြင်း၊​ ပြောက်ကျားတိုက်ခိုက်ရေးစနစ်ကျင့်သုံးခြင်းတို့ကြောင့် ဖြစ်သည်ဟု သူကဆိုသည်။ 

ယင်းမာပင်၊ ကနီနှင့် မင်းကင်းမြို့နယ်များတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များက မကြာခဏ မိုင်းဆွဲတိုက်ခိုက်လေ့ရှိသဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ ထိခိုက်သေဆုံးခဲ့သည်။ 

“ပြည်သူတွေက ကိုယ့်ဒေသကို ကျွမ်းကျင်ကြတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် ပြန်ခုခံတယ်ဆိုတဲ့ဟာမျိုးဖြစ်တယ်။ သူတို့ကကျတော့ အထက်ကခိုင်းတာကို လုပ်တယ်။ သူတို့က တာဝန်ဆိုတဲ့ဟာပေါ့။ မတူတော့တာပေါ့” ဟု ရဲဘော်သူရိယက ဆိုသည်။ 

Show More

Related Articles

Back to top button