
ကရင်ပြည်နယ် ဘားအံမြို့တွင် ကိုဗစ်ကာလအတွက် လိုအပ်နေသော အောက်စီဂျင်အိုးဝယ်ရန် ငွေပေးချေခြင်းကို ကရင်ပြည်နယ်စစ်ကောင်စီထံ ငွေလှူဒါန်းသည်ဟု သတင်းမှားဖြန့်ဝေနေခြင်းအတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ဘားအံဒေသခံများက ပြောသည်။
ဒေသခံတို့က စစ်ကောင်စီ၏ ကိုဗစ်ဆိုင်ရာစီမံကိန်းတစ်ခုကို ငွေလှူကြသယောင် ဦးစွာဖော်ပြသည့် အင်တာနက်စာမျက်နှာများထဲတွင် We Love Kayin အမည်ရှိ Facebook စာမျက်နှာလည်း ပါဝင်သည်။
ပြည်နစ်စစ်ကောင်စီက “ဦးစီးတည်ဆောက်မည့် အောက်စီဂျင်စက်ရုံအတွက် ယခုကဲ့သို့ ဝိုင်းဝန်းပူးပေါင်းပြီး လှူဒါန်းပေးပါသော ဘားအံမြို့သူ၊မြို့သား၊ ရပ်မိရပ်ဖ၊ စေတနာရှင်ပြည်သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်း” ကောင်စီဥက္ကဋ္ဌက ပြောသည်ဟု ထိုစာမျက်နှာတွင် ယမန်နေ့ (ဇူလိုင် ၁၆) ရက်စွဲဖြင့် ရေးသားထားသည်။
ငွေလှူကြောင်းကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
မြို့မိမြို့ဖများက အလှူသွားပေးခြင်းမဟုတ်ဟု ဘားအံမြို့ ကမ်းနားလမ်းတွင် နေထိုင်သော အသ် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက ပြောသည်။
ဘားအံဒေသခံများ လိုအပ်လာချိန်တွင် အသုံးပြုနိုင်ရေးအတွက် အောင်စီဂျင်အိုးများကို နယ်စပ်မှ ဝယ်ယူတင်သွင်းနိုင်ရန် ဝိုင်းဝန်းကြိုးပမ်းကြသော်လည်း ကပ်ဘေးကာလ နယ်စပ်ပိတ်ထားသဖြင့် အခက်တွေ့နေစဉ် ယခုပြဿနာတက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း လုံခြုံရေးအရအမည်မဖော်လိုသည့် အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
“မြို့မိမြို့ဖဆီကို သူတို့က ကိုဗစ်ထိန်းချုပ်ရေးကော်မတီက ဆက်သွယ်လာတာလို့ သိရပါတယ်။ သူတို့ အောက်စီဂျင်အိုး ခွဲပေးမယ်၊ တစ်လုံးကို သုံးသိန်းကျမယ်၊ လိုရင် ငွေကြိုသွင်းဆိုလို့ သိန်း ၄၅၀ သွားပေးလိုက်တာပါ။ အလုံး ၁၅၀ အတွက် ပိုက်ဆံပါ။ ငွေကြိုသွင်းတာပါ” ဟု အောက်စီဂျင်အိုးရရှိရေး ကြိုးပမ်းနေကြသူများနှင့် နီးစပ်သည့် ထိုအမျိုးသမီးက ရှင်းပြသည်။
ငွေလာသွင်းစဉ် ထိုသို့ ဓာတ်ပုံရိုက်ထားခြင်းဖြစ်သည်ဟု ဆိုသည်။
မြို့မိမြို့ဖများသည် အာဏာသိမ်းမှုကို သဘောကျသူများမဟုတ်သဖြင့် ငွေလှူသည်ဟူသော ရေးသားချက်ကို မယုံကြည်ကြောင်း၊ သို့သော်လည်း ထိုအရေးအသားဖတ်ရပြီး စိတ်မသက်မသာဖြစ်ရကြောင်း ဘားအံနာရီစင်အနီး နေထိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။
“သူတို့ကို သွားလှူတယ်ဆိုတာကို ဖတ်ရတာ အဆင်မပြေဘူး။ လူကြီးတွေက အများသဘောမကျတဲ့ဟာကို လုပ်မှာမဟုတ်ဘူးဆိုတာတော့ ယုံတယ်၊ ဒါပေမယ့် အဲဒီလိုအရေးခံရတာကိုတော့ မကျေနပ်ဘူး” ဟု သူက ဆက်ပြောသည်။
ထိုသို့ ရေးသားပြောဆိုမှုများနှင့် ပတ်သက်ပြီး ပိုမိုသိရှိရန် ပြည်နယ်စစ်ကောင်စီ၊ မြို့မိမြို့ဖတာဝန်ရှိသူတို့ကို မေးမြန်းလိုသော်လည်း ဆက်သွယ်၍ မရသေးပေ။
ဘားအံမှ ပရဟိတသမားများသည် အောက်စီဂျင်ဖြည့်သည့်စက် ဝယ်ယူတပ်ဆင်လည်ပတ်ရန် ကြိုးစားလျက်ရှိသည်။
လိုအပ်သည့် စရိတ်ကို ဒေသခံတို့ ဝိုင်းဝန်းလှူဒါန်းထားကြကြောင်း၊ ရန်ကုန်ကုမ္ပဏီတစ်ခုကို သွင်းရမည့် စက်ဖိုး ၇၅၀ ရှိရာ စရန် သိန်း၃၀၀ ပေးချေပြီးဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းတစ်ခုတွင် လုပ်ကိုင်ခဲ့ဖူးသည့် အသက် ၅၀ ကျော်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“မြို့မိမြိုဖအလှူငွေနဲ့ပဲ မူလလုပ်ငန်းစဉ် ဆက်လုပ်မယ်၊ အောက်စီဂျင်စက်ရုံတည်ဆောက်တာ၊ အောင်စီဂျင်ဝေငှတာတွေကို နှောင်ကြိုးကင်းကင်းနဲ့ ဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု အောက်စီဂျင်သွင်းစက်ရုံ ဖြစ်မြောက်ရေးအတွက် လုပ်အားပေးနေသူများနှင့် ရင်းနှီးသည့် ဘားအံမှ အဆိုပါ အမျိုးသားက ပြောသည်။
ဘားအံတွင်လည်း ကိုဗစ်နှင့် ရင်ဆိုင်နေရသူ အများအပြားရှိရာ လိုအပ်သည့် အောက်စီဂျင်ကို အခမဲ့ဖြည့်နိုင်ကြောင်း ဆေးရုံတက်၊ ဆေးရုံဆင်းသူများကို လူနာတင်ယာဉ်များဖြင့် သယ်ပို့ပေးနေသည့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ဘားအံ) က ကြေညာထားသည်။