
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ အုန်းပင်ခြံကျေးရွာသားတချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ထိုအထဲမှ အသက်မပြည့်သေးသူ နှစ်ဦးကို ဖောက်ခွဲရေးပုဒ်မတို့ဖြင့် စဉ့်ကိုင်ရဲစခန်းအချုပ်တွင် အမှုဖွင့်ထိန်းသိမ်းထားသည်ဟု စဉ့်ကိုင်မြို့ခံများထံမှ သိရသည်။
တံတားဦးလေဆိပ်အနီး ပစ်ခတ်မှုနှင့်ပတ်သက်၍ အုန်းပင်ခြံရှိ “ရွှေကြယ်စင်” လက်ဖက်ရည်ဆိုင်ပိုင်ရှင်အပါအဝင် ၇ ဦး ဇူလိုင် ၆ တွင် အဖမ်းခံရရာ ဆိုင်ရှင်၏ သားဖြစ်သူ အသက် ၁၂ နှစ်အရွယ် မောင်အောင်စွမ်းပြည့်နှင့် အသက် ၁၅ နှစ်အရွယ် စားပွဲထိုးတစ်ဦး ပါဝင်နေသည်။
၎င်းတို့ကို ဖောက်ခွဲရေးဆိုင်ရာ ပုဒ်မ ၅၊ ၆ တို့ဖြင့် ဇူလိုင် ၁၂ တွင် ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
“ပြီးခဲ့တဲ့ ရုံးချိန်းမှာ ကလေးတွေက အကူအညီတောင်းတယ်။ သူတို့ မလုပ်ပါဘူး၊ မဆိုင်ပါဘူး၊ ကူညီပါပေါ့။ ကျန်းကျန်းမာမာတော့ ရှိကြပါတယ်”ဟု ရှေ့နေများကို ကိုးကား၍ မိသားစုနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
မနက်ဖြန် (ဇူလိုင် ၁၆) တွင် ထိုကလေးနှစ်ဦးကိုသာ ရုံးထုတ်ရမန်ယူမည်ဟု စဉ့်ကိုင်မြို့ရှေ့နေအသိုင်းအဝိုင်းထံမှ သိရသည်။
ဇူလိုင် ၆ နံနက်အစောပိုင်းတွင် တံတားဦးလေဆိပ်အနီး ပစ်ခတ်မှုဖြစ်ပွားစဉ် စစ်ကောင်စီဘက်မှ စစ်သား ၁ ဦး သေဆုံးပြီး စဉ့်ကိုင်မြို့ပြည်သူ့ကာကွယ်ရေး (PDF) တပ်ဖွဲ့ဝင် ၁ ဦး အဖမ်းခံခဲ့ရကာ နာရီပိုင်းအတွင်း အဆိုပါ လက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခြင်း ဖြစ်သည်။
စစ်ကောင်စီက အဆိုပါလက်ဖက်ရည်ဆိုင်အနီးရှိ တဲတစ်လုံးအား ရှာဖွေရာ လက်လုပ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများ တွေ့သည်ဟု သိရကြောင်း လက်ဖက်ရည်ဆိုင်အနီးနေထိုင်သူတစ်ဦးက ဆိုသည်။
“မဆိုင်ဘဲ ကလေးတွေကိုပါ ဖမ်းတာဗျာ ၊ တစ်မိသားစုလုံး မတရားခံရတာပါ” ဟု ၎င်းမြင်တွေ့ရပုံကို ပြောသည်။
၎င်းကပင် “အခု အစ်ကို (ဆိုင်ရှင်) ကို စစ်ကြောရေးမှာ နှိပ်စက်တာ အခြေအနေမကောင်းဘူးလို့ ကြားတယ်၊ ဆုံးသွားပြီလည်း ကြားနေတယ်” ဟု ဆက်ပြောသည်။
ရှာဖွေတွေ့ရှိခဲ့သည့် လက်လုပ်ဗုံးနှင့် ဆက်စပ်ပစ္စည်းများသည် လက်ဖက်ရည်ဆိုင်မိသားစုနှင့် မပတ်သက်ဘဲ မိမိတို့အဖွဲ့၏ ပစ္စည်းများသာဖြစ်ကြောင်း စဉ့်ကိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက Myanmar Now ကို ဇူလိုင် ၈ ၌ ဖုန်းဖြင့် ဆက်သွယ်ပြောခဲ့သည်။
“အဖွဲ့ထဲက တစ်ယောက်ကို လေဆိပ်နားမှာမိရာက ပစ္စည်းထားတဲ့နေရာကို သူတို့ (စစ်တပ်) သိသွားတာ။ မဆိုင်ဘဲ ကလေးတွေရော၊ မိန်းမရော အကုန်လုံးဖမ်းထားတာတော့ စိတ်မကောင်းဖြစ်မိတယ်” ဟု ၎င်းက ပြောသည်။
စဉ့်ကိုင်မြို့ရဲစခန်းကို Myanmar Now က မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရသေးပေ။
မြို့အများအပြား၌ စစ်ကောင်စီတပ်က ဒေသခံတို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိမရှိ သံသယဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိရာ အဖမ်းခံရသူများတွင် ကလေးများလည်း ပါဝင်နေတတ်သည်။ ထိုကလေးသူငယ်များကိုမည်သည့်အတွက်ဖမ်းဆီးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိပေ။
မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ဆန္ဒပြခေါင်းဆောင်တစ်ဦးကို ဖမ်းမမိ၍ ဓားစာခံအဖြစ် ခေါ်သွားသည့် ဇနီးနှင့် သမီးနှစ်ဦးအနက် ၅ နှစ်အရွယ် ကလေးကို နှစ်ပတ်အကြာတွင် ပြန်လွှတ်လိုက်သော်လည်း ဇနီးနှင့် အသက် ၁၈ နှစ်အရွယ် သမီးကို စစ်ကောင်စီက ဆူပူရန်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ် ၅၀၅-ကဖြင့် ဇူလိုင် ၁၃ တွင် ထောင်သုံးနှစ်ချခဲ့သည်။
စစ်ကောင်စီက ၎င်းတို့အား တိုက်ခိုက်နေသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား အကြမ်းဖက်သမားများဟု ပြောဆိုနေပြီး မြို့နယ်တချို့၌ အကြမ်းဖက်မှုလုပ်ရပ်များတွင် အသုံးပြုမည့် လက်နက်၊ ပစ္စည်း၊ ကိရိယာများနှင့် သိုဝှက်သိမ်းဆည်းထားရှိသူများအား ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်မှုများရှိနေသည်။
ပေါက်ကွဲစေတတ်သောပစ္စည်းပြုလုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်းပြုပါက ဖောက်ခွဲရေးဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅ ဖြင့် တရားစွဲဆိုပြီး ပြစ်မှုထင်ရှားပါက ၁၄ နှစ်အထိ တစ်ကျွန်းပို့ဒဏ်ဖြစ်စေ၊ ထောင် ၅ နှစ် အထိဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ ပုဒ်မ ၆ သည် အားပေးကူညီသော ပုဒ်မဖြစ်ပြီး အလားတူပြစ်ဒဏ်ကျခံစေရန် ပြဋ္ဌာန်းထားသည်။
ဖောက်ခွဲရေးဆိုင်ရာပုဒ်မဖြင့် အများအပြားကို ထောင်ဒဏ် ၅ နှစ် ချမှတ်နေပြီး ထိုသို့ ထောင်ချခံရသူများတွင် နိုင်ငံရေးသမားများလည်း ပါဝင်နေသည်။