သတင်း

ဖားကန့်တွင် KIA နှင့် စစ်တပ်တိုက်ပွဲပြင်းထန်၊ ပြည်သူများထိခိုက်မှုရှိနေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အနီးတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တို့ ယနေ့(ဇူလိုင် ၁၅)မနက်ပိုင်းကတည်းက တိုက်ပွဲပြင်းထန်နေသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ယမန်နေ့ ညနေပိုင်းက ဖားကန့်မြို့မှထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို ဂေါ့လိုယန်ကျေးရွာအနီးတွင် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကာ စစ်ရေးအရှိန် ဆက်လက်မြင့်တက်လာနိုင်ကြောင်း KIA က ခန့်မှန်းထားသည်။

“သေနတ်သံတွေကတော့ ပြန်ငြိမ်သွားပြီလို့ပြောတယ်။ အကုန်လုံးငြိမ်သွားတာတော့ မဟုတ်လောက်ပါဘူး။ အခြေအနေကတော့ ဆက်လက်တင်းမာနေတဲ့အနေအထားဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက မွန်းလွဲ ၁ နာရီခန့်တွင် ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် အသေးစိတ်အခြေအနေနှင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေများကို အတိအကျ မသိရသေးသော်လည်း အရပ်ဘက်ပစ်မှတ်အချို့ လက်နက်ကြီးထိ၍ ဒေသခံများ ထိခိုက်ဒဏ်ရာရကာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

တိုက်ပွဲဖြစ်ပွားရာအနီးသို့ နန့်ယားကျေးရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီစခန်းက ပစ်ခတ်နေ၍ ဆိုင်းဖရာရွာနှင့် ခွမ်ဆိုင်ဇွပ်ရွာများအတွင်း လက်နက်ကြီးကျည်များကျရောက်ခဲ့ပြီး ဒေသခံ ၆ ဦး ဒဏ်ရာရထားသည်ဟု ဒေသတွင်းမီဒီယာများကလည်း အတည်ပြုရေးသားထားသည်။

ထို့အတူ ရဟတ်ယာဉ်ဖြင့် လာရောက်ပစ်ခတ်မည်ကို စိုးရိမ်ရသည့် ခွမ်ဆိုင်ဇွပ်ရွာ ဒေသခံတို့ ဆိုင်းဖရာရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း တိမ်းရှောင်နေသည်ဟုသိရသည်။

“စစ်ကောင်စီဘက်မှ လက်နက်ကြီးတွေရမ်းပစ်ခတ်နေလို့ ပြည်သူလူထုတော်တော်များများက ကြောက်လန့်ပြီးတော့မှ ရှောင်တိမ်းထွက်ပြေးနေတယ်ဆိုတဲ့ သတင်းလည်း ရထားပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

လက်ရှိတိုက်ပွဲဖြစ်နေသည့် နေရာမှာ KIA ၏ တပ်မဟာ ၉ ထိန်းချုပ်နယ်မြေဖြစ်ပြီး အဆိုပါတပ်မဟာ၏ လက်အောက်ခံ တပ်ရင်း ၄၄ က စစ်ကောင်စီတပ်များကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်ကလည်း ဖားကန့်မြို့နယ် ယူမာကျေးရွာတွင် အင်အား ၁၀ ဦးခန့် လိုက်ပါလာသည့် ရဲကားတစ်စီးကို KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သလို ယင်းမတိုင်မီတစ်ရက်ကလည်း ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်စခန်းတစ်ခုကို KIA က ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်များသိမ်းဆည်းခဲ့သည်။

ယနေ့ ကချင်ပြည်နယ်အတွင်း တိုက်ပွဲအခြေအနေများနှင့် စပ်လျဉ်း၍ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

Show More

Related Articles

Back to top button