
ရန်ကုန်၊ တောင်ဒဂုံမြို့နယ် ၅၃ ရပ်ကွက်အတွင်း အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူတစ်ဦး ယမန်နေ့(ဇူလိုင် ၁၄) ညနေပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားလျက် ဒေသခံနှစ်ဦးက အတည်ပြုသည်။
အသက် ၅၀ အရွယ် ဦးတင်ထွန်းအောင် သုခမြိုင်လမ်း နေအိမ်အနီးတွင်ရှိနေစဉ် အမျိုးသားတစ်ဦးက လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သေနတ် နဲ့ နှစ်ချက် အပစ်ခံရတာခင်ဗျ၊ နေအိမ်နားမှာပဲခင်ဗျ၊ ရင်ဘတ်ကို။ ဆေးရုံရောက်တော့ သေသွားတယ်” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်များက ရပ်ကွက်အတွင်း ပိတ်ဆို့ရှာဖွေခဲ့သည်ဟု သိရသော်လည်း ဖမ်းဆီးခံရသူရှိမရှိကိုမူ အတည်မပြုနိုင်သေးပေ။
ဦးတင်ထွန်းအောင်မှာ စစ်တပ်ထောက်ခံသူ၊ အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူဖြစ်သလို ဝံသပါလပရဟိတ အသင်းဥက္ကဋ္ဌလည်းဖြစ်သည်ဟု သိရကြောင်း အထက်ပါတောင်ဒဂုံဒေသခံက ပြောသည်။
“အာဏာသိမ်းပြီးနောက်ပိုင်း သူက ဒလန်လုပ်နေတာ။ ရပ်ကွက်ထဲက သတင်းတွေကို စစ်ကောင်စီကို ပေးနေတာ”ဟု ၎င်းက ဆက်ပြောသည်။
ဦးတင်ထွန်းအောင်သည် စစ်တပ်ကျောထောက်နောက်ခံပြုထားသည့် အကြမ်းဖက်အဖွဲ့အဖြစ် နာမည်ကျော်သည့် ပျူစောထီးအဖွဲ့ဝင်ဖြစ်သည်ဟု ယူဆကြောင်း တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ အခြားအမျိုးသားတစ်ဦးက ပြောသည်။
ဦးတင်ထွန်းအောင် ပစ်သတ်ခံရသည်မှာ ဟုတ်မှန်ကြောင်း နာမည်ကျော် အမျိုးသားရေးအမည်ခံ တက်ကြွလှုပ်ရှားသူ နောင်တော်လေးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်ကို တွေ့ရပြီး စစ်ကောင်စီကမူ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် တောင်ဒဂုံမြို့နယ်တွင် ဇွန် ၂၈ ရက်က ( ၇၂ ) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးမ ဒေါ်မြတ်မြတ်ထွေး ပစ်သတ်ခံခဲ့ရသည်။
ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် ဆန့်ကျင်သည့် တောင်ဒဂုံမြို့နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးပင်သုံး၍ ပစ်ခတ်ဖြိုခွင်းခဲ့ဖူးသဖြင့် အရပ်သားအများအပြား သေကျေဒဏ်ရာရဖူးသည်။