သတင်း

ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်ရုံးနှင့် စစ်တပ်ကင်းစခန်းတွင် ပေါက်ကွဲမှုဖြစ်

ပဲခူးမြို့ပေါ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ခုနှင့် အထက်တန်းကျောင်းဝင်းအနီးရှိ စစ်တပ်ကင်းစခန်းတစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၁၃) ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။

ပဲခူးမြို့၊ ရွှေသာလျောင်းဘုရားအနီးရှိ မဇင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယမန်နေ့ည ၈ နာရီဝန်းကျင်က ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဗုံးခွဲတိုက်ခိုက်မှုဟု ယူဆရကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

“ရပ်ကွက်ရုံးမှာတင်ပဲ နှစ်လုံး ဆက်တိုက်ပေါက်တာ။ ထိတယ်လို့တော့ ပြောတယ်။ ဒါပေမယ့် အတိအကျမသိဘူး” ဟု အသက် ၃၀ အရွယ် အဆိုပါဒေသခံက ဆက်ပြောသည်။ 

ထိုနေ့ညပိုင်းက မဇင်းရပ်ကွက်နှင့် ကပ်လျက်ရှိ ကလျဏီရပ်ကွက်၊ အထက ၇ ကျောင်းအနီးရှိ စစ်တပ်ကင်းစခန်းတစ်ခုတွင်လည်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ 

“အဲဒီနားက စစ်တပ်နဲ့ရဲ လုံခြုံရေးတွေ ယူထားတဲ့နေရာမှာ။ ကင်းကတော့ စစ်တပ်စောင့်တဲ့ကင်းပဲ။ ပုံမှန် ၆ ယောက် ၊ ၇ ယောက်လောက်ရှိတယ်။ မနက်ဘက်တော့ မစောင့်ဘူး။ ညဘက်တော့ စောင့်တယ်” ဟု အထက်ပါ ဒေသခံက ဆိုသည်။ 

ထိုသို့ နှစ်နေရာဆက်တိုက် ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်တပ်က ရပ်ကွက်အတွင်း ဆိုင်ကယ်ဖြင့် သွားလာနေသည့် အမျိုးသားနှစ်ဦးကို ပစ်ခတ်ဖမ်းဆီးခဲ့ပြီး အခြားအမျိုးသားတစ်ဦးကိုလည်း ကားဖြင့်တိုက်၍ ဖမ်းဆီးခဲ့သည်ဟု ဆိုသော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။  

ယမန်နေ့ညပိုင်းက ပဲခူးမြို့ပေါ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုများနှင့် ပတ်သက်၍ ၎င်းတို့လက်ချက်ဖြစ်ကြောင်း၊ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ယနေ့ (ဇူလိုင် ၁၄) တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောကြားသည်။ 

“စစ်ကောင်စီယန္တရားရဲ့လည်ပတ်မှုတွေကို ဟန့်တားဖို့၊ စစ်ကောင်စီအုပ်ချုပ်လို့မရအောင် လိုက်လုပ်နေတာဖြစ်တယ်။ ဗုံးနဲ့တိုက်ခိုက်လိုက်တာပါ။ (စစ်တပ်ဘက်က) အသေအပျောက်ရှိတယ်လို့တော့ ကြားတယ်။ အတည်ပြုနေဆဲ ဖြစ်ပါတယ်” ဟု အဆိုပါ ပဲခူး PDF အဖွဲ့ဝင်က ပြောသည်။ 

လက်ရှိတွင် ကိုဗစ်နိုင်တင်း(Covid-19) ကပ်ရောဂါ ကူးစက်မှုများမြင့်တက်လျက်ရှိသော်လည်း စစ်ကောင်စီသည် ကျန်းမာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ခြင်းမရှိဘဲ ကပ်ရောဂါ ပိုမိုကြီးထွားအောင် လုပ်နေသည်ဟုလည်း ၎င်းက ဝေဖန်သည်။

“ပြည်သူတွေကို ပြည့်စုံတဲ့ ကျန်းမာရေးအစီအမံတွေကို မလုပ်ပေးဘဲနဲ့ တော်လှန်ရေးကို အားပျော့အောင်လို့ ကပ်ရောဂါကို ကြီးမားအောင်လုပ်နေတယ်” ဟု ပဲခူး PDF အဖွဲ့ဝင်က ဆိုသည်။ 

ပဲခူး PDF အနေဖြင့် စစ်အာဏာရှင်တော်လှန်ရေးကို မူလရည်ရွယ်ချက်အတိုင်း အရှိန်အဟုန်ဖြင့် ဆက်လုပ်ဆောင်သွားမည်ဟု မေလ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သည့် ပဲခူး PDF အဖွဲ့က ဆိုသည်။ 

ပြီးခဲ့သည့် ဇူလိုင် ၄ တွင် ပဲခူးမြို့၊ ဟံသာဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်လျှပ်စစ်ရုံးတို့ ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရကာ ပဲခူးတိုင်းအတွင်း စစ်ကောင်စီသတင်းပေးများနှင့် အုပ်ချုပ်ရေးဆိုင်ရာများ တိုက်ခိုက်ခံရမှုများလည်း ရှိခဲ့သည်။ 

ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက် မွန်စံပြ ၇ လမ်း ရာအိမ်မှူး ဦးသောင်းငွေသည်လည်း ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်၌ ပစ်သတ်ခံရသည်။ 

ပဲခူး​​​​​​မြို့ရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ၏ အဓိကခံတပ်များကို စစ်ကောင်စီက ဧပြီလ ၉ ရက် တွင် အင်အားအလုံးအရင်းဖြင့် အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခဲ့ရာ သေဆုံးသူများပြားခဲ့သည်။

Show More

Related Articles

Back to top button