
အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှု ဆောင်ကော်မတီဝင်နှင့် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသဖြင့် ပြင်ပဆေးရုံသို့ ပို့ဆောင်ကာ အရေးပေါ်ကုသပေးနေရသည်ဟု ထောင်အာဏာပိုင်က အတည်ပြုသည်။
“ကိုယ်လက်ကိုက်ခဲတယ်ဆိုတာနဲ့ ဆရာဝန်က ပုံမှန်ဆေးကုတာ။ ကုရင်းနဲ့ အောက်စီဂျင်တိုင်းတော့ လျော့နေတာနဲ့ အကျဉ်းထောင်ဆေးရုံမှာ စစ်လိုက်တာ။ သူက အသက်ကြီးတာလည်းဖြစ်တယ်။ ဒီအပြင်ရောဂါလည်း ရှိတယ်။ စစ်လိုက်တော့ ပေါ့စ်စတစ်ဖြစ်တာ” ဟု အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်က Myanmar Now ကို ပြောသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ဖမ်းဆီးထားသည့် အင်းစိန်ထောင်ရောက် NLD ထိပ်ပိုင်းခေါင်းဆောင်များအနက် ဦးဉာဏ်ဝင်းတစ်ယောက်တွင်သာ ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်ကြောင်း၊ အားလုံးကို ဆေးစစ်ခြင်းမရှိဘဲ ကိုဗစ်လက္ခဏာပေါ်ပေါက်သူများကိုသာ ကျန်းမာရေးစစ်ဆေးပေးနေသည်ဟု ၎င်းက ဆိုသည်။
ဦးဉာဏ်ဝင်းနည်းတူ အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ရန်ကုန်ဆေးရုံကြီး၊ အရေးပေါ်ဌာနတာဝန်ခံ ဒေါက်တာမော်မော်ဦးကိုလည်း ပြင်ပဆေးရုံသို့ ပို့ဆောင်ကာ ကုသပေးနေရသည်ဟု ဦးဆန်းအေးကျော်က ပြောသည်။
အသက် ၇၈ နှစ်အရွယ် ဦးဉာဏ်ဝင်းကို ယမန်နေ့(ဇူလိုင် ၁၁)ညနေပိုင်းက ရန်ကုန်ဆေးရုံကြီးသို့လည်းကောင်း၊ ဒေါက်တာမော်မော်ဦးကို ဇူလိုင် ၆ ရက်က မြောက်ဥက္ကလာပဆေးရုံသို့လည်းကောင်း ပို့ဆောင်ခဲ့ကာ လက်ရှိအချိန်အထိ အထူးကြပ်မတ်ကုသဆောင် (ICU) များတွင် ကုသပေးနေရသည်ဟု သိရသည်။
၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ သွေးဝမ်းသွားရောဂါကြောင့် ဆေးကုသမှုခံယူရဖူးသူ ဦးဉာဏ်ဝင်း၏ လက်ရှိကျန်းမာရေးအခြေအနေ (ဇူလိုင်၁၂ နံနက်ပိုင်း)မှာ တည်ငြိမ်နေသည်ဟု ဦးဆန်းအေးကျော်ထံမှ သိရပြီး ဒေါက်တာမော်မော်ဦးနှင့်ပတ်သက်၍မူ အသေးစိတ် မသိရသေးပေ။
ဖေဖော်ဝါရီ ၂၁ကတည်းက ဖမ်းဆီးခံရသည့် ဦးဉာဏ်ဝင်းမှာ စစ်ကြောရေးတွင် တစ်လကျော်နေခဲ့ရပြီးမှ အင်းစိန်ထောင်သို့ ရောက်ရှိခဲ့သူဖြစ်ပြီး မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာပုဒ်မ ၅၀၅ (ခ)ဖြင့် အမှုဖွင့်ခံထားရသူဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားသည်။
စစ်တပ်အာဏာမသိမ်းမီအချိန်အထိ ကိုဗစ်နိုင်တင်းကပ်ရောဂါကုသရေးတွင် ရှေ့တန်းမှပါဝင်ခဲ့သူ ဒေါက်တာမော်မော်ဦး စွပ်စွဲခံရသည့် ပုဒ်မနှင့်ပတ်သက်၍မူ အတည်မပြုနိုင်သေးပေ။
လက်ရှိတွင် အင်းစိန်ထောင်ကို ဇူလိုင် ၈ မှ ၂၁ အထိ ရက်သတ္တပတ်နှစ်ပတ်ကြာ အသွားအလာကန့်သတ်ပိတ်ပင် (Simi-lockdown) ချထားကြောင်း ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအေးကျော်ထံမှ သိရသော်လည်း အသေးစိတ်ကိုမူ ၎င်းက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
လူနေထူထပ်သည့် ရန်ကုန်တွင် ကိုဗစ်ကူးစက်မှုဒဏ်အလူးအလဲခံနေရကြောင်း၊ စစ်ကောင်စီကလည်း အများပြည်သူသို့ အောက်ဆီဂျင်ဖြန့်ဖြူးပေးနေသည့် စက်ရုံများကို ကန့်သတ်တားမြစ်မှုများရှိနေကြောင်း၊ ဇူလိုင်လအစောပိုင်း ၁၀ ရက် အတွင်း၌ပင် သေဆုံးသူ ၁၀၅ ဦးခန့်၏ နာရေးကိစ္စကို ကူညီဆောင်ရွက်ပေးခဲ့ရကြောင်း လူမှုကူညီရေးအဖွဲ့များက ယမန်နေ့(ဇူလိုင်၁၁)တွင် Myanmar Now ကို အတည်ပြုထားသည်။