သတင်း

ပဲခူး ရာအိမ်မှူးနှင့် အခြားတစ်ဦး ပစ်သတ်ခံရ

ပဲခူးမြို့၊ ဟင်္သာကုန်းရပ်ကွက် မွန်စံပြ ၇ လမ်း ရာအိမ်မှူး ဦးသောင်းငွေ ခေါ် သကြားလုံးမှာ ယနေ့(ဇူလိုင် ၁၀)  နံနက် ၆ နာရီကျော်ခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားသည်ဟု မျက်မြင်တွေ့ရှိသူများကို ကိုးကား၍ ဒေသခံတစ်ဦးက အတည်ပြုသည်။

မွန်စံပြ ၄လမ်းရှိ ရပ်ကွက်လက်ဖက်ရည်ဆိုင်တွင် ဦးသောင်းငွေနှင့် အခြားနှစ်ဦး အတူထိုင်နေစဉ် အရေအတွက်အတိအကျမသိရသော လူတစ်စုရောက်လာ၍ ပစ်ခတ်ခဲ့ကြောင်း။ ဦးထွန်းဦးဆိုသူလည်း သေဆုံးကာ၊ နောက်တစ်ဦးမှာ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

သုံးချက်ပစ်ခံရသည့် အသက်(၅၆)နှစ်ခန့်ရှိ ဦးသောင်းငွေမှာ ခေါင်းကို ထိမှန်ခဲ့သည်ဟု အထက်ပါ ဒေသခံက ပြောသော်လည်း အသေးစိတ်အခြေအနေများကိုမူ အတည်မပြုနိုင်သေးပါ။

“သူက(ရာအိမ်မှူး) ဒီမှာကတည်းက ပွဲချင်းပြီးဆုံးတယ်။ ထွန်းဦးဆိုတဲ့ တစ်ယောက်က ဆေးရုံမှာ သေတယ်။ နောက်တစ်ယောက်က ဒဏ်ရာပဲရတယ်”ဟု ၎င်းက ပြောသည်။

ယနေ့ပစ်ခတ်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ရဲစခန်းကို မေးမြန်းရန် ကြိုးပမ်းသော်လည်း တယ်လီဖုန်းအဆက်အသွယ် မရသေးပေ။

မီးပြင်ဆရာအဖြစ် အသက်မွေးသူ ဦးသောင်းငွေ(ခ) သကြားလုံးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်ကတည်းက မွန်စံပြ (၇)လမ်းတွင် ရာအိမ်မှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်သည်ဟု အထက်ပါဒေသခံကပင် ဆက်ပြောသည်။

သို့သော် ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ဆန့်ကျင်သူများကို ရပ်ကွက်အတွင်း လိုက်လံဖမ်းဆီးလေ့ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ မကြာခဏတွေ့ရသည်ဟု ၎င်းက ဆိုသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူက ဒလန်သဘောပဲ။ ဒီဘက်ရပ်ကွက်တွေထဲမှာ ညဝင်ရှာတာတို့ ဘာတို့ဆိုရင် သူပါလာတယ်။ ရဲကားတွေဘာတွေ ရပ်ကွက်ထဲလာလို့ရှိရင် ဆိုင်ကယ်နဲ့ လိုက်ပို့ပေးတာတွေရှိတယ် သူက”ဟု ထိုသူကပင် ပြောသည်။

ယခုကဲ့သို့ ပစ်သတ်မခံရမီ တစ်လခန့်က အိမ်ကို ဗုံးဖြင့် တိုက်ခိုက်ခံရဖူးသော်လည်း နေအိမ်တွင် မရှိသည့် ဦးသောင်းငွေမှာ အသက်ဘေးက လွတ်ခဲ့သည်ဟု ၎င်းက ဆက်ပြောသော်လည်း အသေးစိတ်ကိုမူ စုံစမ်း၍ မရသေးပါ။

ပဲခူးမြို့ ဆိုရှယ်လစ်ရပ်ကွက်တွင် ဇူလိုင် ၄ ကပင် ဒလန်ဟု နာမည်ကျော်သူ ဦးကျော်ကျော်(ခ) ကျော်စိုးထွဋ် သတ်ဖြတ်ခံခဲ့ရပြီး ဌာနဆိုင်ရာရုံးနှစ်ခုတွင် ပေါက်ကွဲမှုများ ဖြစ်ခဲ့သေးသည်။

လူအသေအပျောက်များလွန်း၍ မည်မျှသေဆုံးသည်ကို အတည်ပြုရန်ပင် ယနေ့တိုင်ခက်ခဲနေသည့် ဧပြီ ၉ ပဲခူးမြို့၊ မဂ္ဂတစ်ခံတပ်ဖြိုခွင်းမှုတွင် ဦးကျော်ကျော်သည် စစ်ကောင်စီသတင်းပေးအဖြစ် တက်ကြွစွာပါဝင်ခဲ့ကြောင်း ဒေသခံအချို့၏ သတ်မှတ်ခံရသူဖြစ်သည်။

စစ်တပ်က အာဏာသိမ်းချိန် ငါးလကျော်ရှိလာချိန်တွင် ၎င်းတို့လက်ချက်ဖြင့် ပစ်ခတ်၊ ဖမ်းဆီး၊ သတ်ဖြတ်ခံရသူ အများအပြားရှိခဲ့သည့် ပဲခူးမြို့တွင် ကာကွယ်ရေးအဖွဲ့များကို ပြည်သူတို့က အခိုင်အမာဖွဲ့စည်းလာကြပြီးနောက် သတင်းပေး(ဒလန်)များကို ပစ်မှတ်ထား၍ ဦးစွာတိုက်ခိုက်မည်ဟု အတိအလင်းကြေညာထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button