အာဏာသိမ်းစစ်ကောင်စီက ပြည်သူလူထုနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်(KIO/KIA) အကြား သပ်လျှိုသွေးခွဲသည့် ကိစ္စရပ်များ လုပ်ကြံဖန်တီးပြီး စဉ်ဆက်မပြတ်လုပ်ကိုင်လျက်ရှိကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားသည်။
KIA က ထောက်ပံ့သည့် လက်နက်ခဲယမ်းများ သပိတ်ကျင်းမြို့အနီး ဖမ်းဆီးခံရမှုမှာ သူလျှိုများကြောင့်ဖြစ်ကြောင်း၊ စိမ့်ဝင်နေသည့် စစ်တပ်သူလျှိုများကို ဖော်ထုတ်ပြီး စစ်ဆေးအပြစ်ပေးရန် တိုက်တွန်းကြောင်း စသည့် အချက်အလက်အမှားများ ရေးသားထားသည့် စာများကို ယခုရက်ပိုင်း ကချင်ပြည်နယ် ဗန်းမော်မြို့ပေါ်တွင် ကပ်ထားသည်ကို တွေ့ရသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA သည် မြေပြန့်ဒေသအသီးသီးမှ စစ်သင်တန်းတက်လိုသည့် လူငယ်များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို ကူညီနေသည်ဟု သတင်းထွက်နေချိန်တွင် ပေါ်ပေါက်လာသော ထိုစာများမှာ စစ်ကောင်စီ၏ လုပ်ကြံဖန်တီးချက်ဖြစ်နိုင်သည်ဟု သူက ယူဆသည်။
“သူတို့က ဒါမျိုးပဲ လုပ်နေတာ။ အချင်းချင်း သွေးခွဲတာတွေ၊ သပ်သွင်းတာတွေပေါ့။ ဒါမျိုးတွေ အမြဲတမ်း သူတို့လုပ်နေတာ။ သတင်းအမှားပဲဖြစ်ပါတယ်၊ မယုံကြပါနဲ့လို့ပဲ ပြောလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
“အရင်ကလည်း ဖေဖော်ဝါရီလပိုင်းမှာလည်း ကျွန်တော်တို့ ကချင်ပြည်နယ်မှာ KIA ဘက်က မိုင်းခွဲမယ်၊ ဘာမယ်ဆိုပြီးမှ သူတို့က ကြေညာစာတွေကပ်တာလည်း ရှိတယ်။ နောက်ပြီးတော့ မန္တလေးမှာ PDF နဲ့ တိုက်ပွဲဖြစ်တုန်းက လက်နက်ခဲယမ်းတွေဘာတွေ ဖမ်းမိတာက KIA ဘက်က သတင်းပေါက်ကြားလို့ ဖြစ်ပါတယ်ဆိုပြီးမှ ကြေညာစာတွေထုတ်တာတွေ အမြဲတမ်းတွေ့ပါတယ်”
စစ်ကောင်စီအနေဖြင့် KIA နှင့် ကချင်တိုင်းရင်းသားများအကြား၊ တိုင်းရင်းသားအချင်းချင်းအကြား၊ နိုင်ငံအနှံ့အပြားမှ ပြည်သူလူထုနှင့် ကချင်များအကြား သွေးခွဲမှုများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်နေသည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
KIA ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တုံ့ပြန်ချက်ဖော်ပြနိုင်ရန် စစ်ကောင်စီပြန်ကြားရေးအရာရှိတို့ကို ဆက်သွယ်၍ မရသေးပေ။
KIA သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် စစ်ကိုင်းတိုင်းရှိ ဒေသအချို့မှ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းများ၊ ရဲစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်မှုလျက်ရှိသည်။
စစ်ကိုင်းတိုင်းအတွင်းမှ ကသာ၊ ကောလင်းနှင့် ထီးချိုင့်မြို့နယ်များရှိ PDD တပ်ဖွဲ့ဝင်များကို ပူးပေါင်းကူညီပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည်။