အမေရိကန်ဟာ အီရန်နဲ့စစ်ပွဲမှာ အဆင့်မြင့်ဆုံးနဲ့ ဈေးအကြီးဆုံး လက်နက်တွေကို သုံးပြီး အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်နေရာမှာ စစ်စဖြစ်တဲ့ ပထမ ၁၆ ရက်အတွင်းမှာတင် လက်နက်ခဲယမ်း ၁၁၀၀၀ ကျော်ကို သုံးစွဲခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆ ဘီလီယံဖိုးလောက် ကုန်ကျခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာ မူဝါဒရေးရာတွေကို သုတေသနပြု လေ့လာနေတဲ့ အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်အခြေစိုက် Payne Institute က ခန့်မှန်းထားပါတယ်။
ဒီအခြေအနေကြောင့် တရုတ်နဲ့ဖြစ်လာနိုင်တဲ့ ပဋိပက္ခတွေအတွက် လက်နက်လက်ကျန် မလောက်မှာကို စိုးရိမ်မှု ဖြစ်လာစေပါတယ်။
Tomahawk တစ်စင်းကို ဒေါ်လာ ၃ ဒသမ ၆ သန်းလောက် တန်ပြီး တစ်နှစ်ကို ရာဂဏန်းလောက်ပဲ ထုတ်နိုင်တာပါ။ ဒါပေမဲ့ အမေရိကန်က အီရန်စစ်ပွဲ ပထမတစ်လအတွင်းမှာတင် ၈၅၀ လောက် ပစ်ခတ်ခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း အမေရိကန်နဲ့အီရန် စစ်ပွဲကြောင့် ယူကရိန်းအနေနဲ့ Patriot ဒုံးကျည်တွေ ပြတ်လပ်မှုနဲ့ မလွဲမသွေ ရင်ဆိုင်ရလိမ့်မယ်လို့ သတိပေးထားပါတယ်။
သမ္မတထရမ့်က အီရန်ရဲ့ စစ်အင်အားကို “အမြစ်ပြတ်” ချေမှုန်းနိုင်ခဲ့ပြီလို့ ဆိုပေမဲ့ လက်တွေ့မှာတော့ အီရန်ဟာ သူတို့မှာရှိတဲ့ ဒရုန်းတွေနဲ့ ဒုံးကျည်တွေကို သုံးပြီး အမေရိကန်မဟာမိတ် ပင်လယ်ကွေ့နိုင်ငံတွေကို ဒုက္ခပေးနေဆဲဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။



