အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း လူမျိုးစု တော်လှန်ရေးတပ်များသည် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ပူးပေါင်းပြီး မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းကြောင်း မတ်လ ၃၀ ရက် ည တွင် NUG ၏ Facebook လူမှုကွန်ရက်မှတစ်ဆင့် ကြေညာလိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ဟုအမည်ပေးထားသည့် ထိုတပ်ပေါင်းစုတွင် အင်အားကြီးလူမျိုးစု လက်နက်ကိုင်တပ်များဖြစ်သည့် ချင်းအမျိုးသားတပ်ဦး (CNF/CNA)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA)၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP/KA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG/PDF) နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ပါဝင်သည်။
NUG ၏ Facebook တွင် အဆိုပါအဖွဲ့ ၆ ဖွဲ့ပူးပေါင်းကြေညာသည့် ရုပ်သံဖိုင်တစ်ခုကို လွှင့်တင်ခဲ့ပြီး အဆိုပါရုပ်သံဖိုင်တွင် NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ၊ CRPH ဥက္ကဌ ဦးအောင်ကြည်ညွန့် ၊ KNU ဥက္ကဌ ပဒိုစောကွယ်ထူးဝင်း ၊ KNPP နှင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ဥက္ကဌ ခူးဦးရယ်၊ CNF ဥက္ကဌ ပူးဇင်ကျုံးတို့က အသီးသီးမိန့်ခွန်းပြောခဲ့ကြသည်။
အစည်းအဝေးတွင် KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဂွန်ထန် ဂမ်ရှောင်လည်း တက်ရောက်ကြောင်း ရုပ်သံဖိုင်အရ သိရသည်။
အဆိုပါ မဟာမိတ်အဖွဲ့၏ မျှော်မှန်းချက်နှင့် မဟာဗျူဟာ ရည်မှန်းချက်မှာ စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်မဆို အမြစ်ပြတ်ဖယ်ရှားရန် ဖြစ်ပြီး နိုင်ငံရေး ရည်မှန်းချက်ကို လက်တွေ့ ထိရောက်စွာအကောင်အထည်ဖော်မည့် နိုင်ငံရေးအခင်းအကျင်းသစ် စုစည်းညီညွတ်စွာ ဖော်ဆောင်ရန် ဖြစ်ကြောင်း ရုပ်သံဖိုင်ပါ ကြေညာချက်အရသိရသည်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) တွင် နိုင်ငံရေးဦးတည်ချက် ၆ ချက်ရှိကြောင်း သိရသည်။
နံပါတ် ၁ အချက်မှာ စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အပြီးတိုင် အဆုံးသတ်ရန် ၊ နံပါတ် ၂ အချက်မှာ လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက် အပြည့်အဝထားရန် ၊ ၃။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးစားမှုမှန်သမျှကို တိုက်ဖျက်ရန် တို့ဖြစ်သည်။
နံပါတ် ၄ အချက်မှာ သက်ဆိုင်သူများ အားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းရန် ၊ နံပါတ် ၅ ထွက်ပေါ်လာမည့် ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက်ရန် နှင့် ၆ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု ရရှိရေး လုပ်ငန်းစဉ်များ ဖော်ဆောင်ရန်ဖြစ်ကြောင်း ရုပ်သံဖိုင်ပါ ကြေညာချက်အရ သိရသည်။
အဆိုပါအဖွဲ့တွင် အင်အားကြီးလက်နက်ကိုင်လေးဖွဲ့၏ ခေါင်းဆောင်များ၊ NUG ခေါင်းဆောင် နှင့် CRPH ခေါင်းဆောင်များက မည်သည့် ရာထူးတာဝန်များယူထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
အဆိုပါအဖွဲ့တွင် နွေဦးတော်လှန်ရေး အစောပိုင်းကာလ ၂၀၂၁ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့သည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ၊ စစ်တပ်ကို လက်နက်ကိုင်တိုက်နေသည့် အာရက္ခတပ်တော် (AA)၊ မွန် တော်လှန်ရေးတပ်ဖွဲ့များနှင့် ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာနိုင်ခြင်း မရှိသေးပေ။
NUG ယာယီသမ္မတ ဒူဝါလရှီးလက SCEF ဖွဲ့နိုင်သည့်အပေါ် ထင်ရှားသည့်နိုင်ငံရေးမှတ်တိုင်ဟု မိန့်ခွန်းတွင် ထည့်ပြောသည်။
“ဒါဟာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့ အမျိုးသားညီညွတ်ရေး အခြေခံမှုအပေါ်မှာ အခြေခံပြီး စတင်ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်” ဟု NUG ယာယီသမ္မတက ပြောသည်။
ဆက်လက်၍ ယာယီသမ္မတက ယခုဖွဲ့စည်းမှုသည် စစ်ရေးအရ ဦးဆောင်လှုပ်ရှားမှုများကို စုစည်းကွပ်ကဲနိုင်ဖို့ ရည်ရွယ်သလို နိုင်ငံရေးအရ အမျိုးသားညီညွတ်ရေးကို ရှေ့ရှုပြီး ဦးဆောင်စုဖွဲ့မှုပုံစံ ဖော်ဆောင်ထားခြင်းဖြစ်ကြောင်း ပြောသည်။
KNPP နှင့် IEC ဥက္ကဌ ခူးဦးရယ်ကလည်း SCEF ကို (၁) ပြည်နယ်ဖက်ဒရယ်ယူနစ်များ၊ (၂) ပြည်သူ့ကိုယ်စားပြုမှုနဲ့ (၃) အမျိုးသမီး ကိုယ်စားပြုမှု ဆိုသည့် မဏ္ဍိုင် ၃ ရပ်အား အခြေခံ၍ ဖွဲ့ရန် သဘောတူထားသော်လည်း စိန်ခေါ်မှုအမျိုးမျိုးကြောင့် အဖွဲ့ ၆ ဖွဲ့ဖြင့်သာ စတင်ခဲ့ရကြောင်းဆိုသည်။
“မဏ္ဍိုင်၃ ခုစုံလင်စွာ မပါဝင်နိုင်သေးတာနဲ့ မဏ္ဍိုင်တစ်ခုစီမှာ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါမနေသေးတာကလည်းပဲ အချိန်နဲ့ စိန်ခေါ်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်တစ်ခုတော့ ဖြစ်ခဲ့ပါတယ်။ ဒီအတွက်လည်း ကျွန်တော်တို့ လာမယ့် ရက် (၆၀) အတွင်း အမြန်ဆုံး ပြင်ဆင်ဖြည့်စွက်နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်” ဟု ခူးဦးရယ်က ဆိုသည်။
KIA သည် နိုင်ငံမြောက်ပိုင်းတွင် စစ်ကောင်စီကို တွန်းလှန်တိုက်ခိုက်နေသည့် အင်အားကြီး လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၂၄ ခုနှစ်ဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ စစ်တပ်စခန်းများကို အလုံးအရင်းဖြင့် ထိုးစစ်ဆင်လျက်ရှိသည်။
၂၀၂၄ ခုနှစ် မတ်လဆန်းစတင်ခဲ့သည့် KIA ၏ စစ်ဆင်ရေးအတွင်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဆင်ဘို၊ မြို့လှ၊ ဒေါ့ဖုန်းယန်၊ မိုးမောက်နှင့် လွယ်ဂျယ်မြို့များကို သိမ်းပိုက်ထားသည်။
ထို့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာရွာတို့ကိုလည်း KIA က သိမ်းပိုက်၍ အုပ်ချုပ်ရေးလုပ်ငန်းများလည်ပတ်လျက်ရှိသည်။ အလားတူ ဗန်းမော်မြို့ကို KIA နှင့် PDFပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။
KNLA သည် ကရင်ပြည်နယ်တွင် ကျိုက်ဒုံ၊ ဖာပွန်နှင့် တနင်္သာရီတိုင်းတွင် ထိုင်း- မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ မောတောင်ကို သိမ်းပိုက်ထိန်းချုပ်ထားသည်။
KA သည် ကရင်နီပြည်နယ်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ၌ ရှားတောမြို့ကို အခြားသော ကရင်နီပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်များနှင့်အတူ သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။
CNF သည်လည်း ချင်းပြည်နယ် မြောက်ဘက် အစွန်ဆုံးဒေသ တွန်းဇံမြို့နယ်ကို ၂၀၂၄ ခုနှစ်အတွင်း သိမ်းပိုက်ထားသည်။
အဆိုပါလက်နက်ကိုင်အဖွဲ့များသည် ယခင်ကပင် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး အဖွဲ့အမည် ရှေ့ဆုံးစာလုံးများကို ပေါင်းစပ်ကာ K3C ဟုလည်း အတိုကောက် ခေါ်ဆိုကြသည်။
NUG နှင့်လည်း နီးစပ်သည့်အဖွဲ့များ ဖြစ်သည်။
SCEF ကောင်စီသည် စစ်တပ်က ရွေးကောက်ပွဲကျင်းပပြီး အစိုးရဖွဲ့စည်းတော့မည့်အချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် အာဏာရှင်ဆန့်ကျင်သည့်အဖွဲ့များအကြား တစ်စုတစ်စည်းတည်းဖြစ်ရန် ကြိုးပမ်းမှုသည် လွန်ခဲ့သည့် နှစ် ၄၀ နီးပါးကလည်း ရှိခဲ့ဖူးသည်။
၁၉၈၈ ခုနှစ် လူထုအရေးတော်ပုံလှုပ်ရှားမှုကာလတွင် Democratic Alliance of Burma (DAB)အမည်ဖြင့် မဟာမိတ်အဖွဲ့ ဖွဲ့စည်းခဲ့ဖူးသည်။
DABတွင် KNU၊ KIAနှင့် ကျောင်းသားတပ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)အပါဝင် လက်နက်ကိုင်အဖွဲ့ ၂၀ ကျော် ဖြင့် ဖွဲ့စည်း၍ စစ်တပ်ကို ထိထိရောက်ရောက်တွန်းလှန်ခဲ့ကြသေးသည်။
နောက်ပိုင်းတွင် လက်ကိုင်အဖွဲ့များနှင့် စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေး ပြောဆိုလာမှုနှင့်အတူ DAB ပြိုကွဲသွားခဲ့သည်။



