အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်ကို ဝေဖန်သူ လွတ်ငြိမ်းပယ်ဖျက်ခံရပြီး ထောင်ကျ

အကြမ်းဖက်မှု၊ ဆူပူအောင်လှုံ့ဆော်မှုတို့ဖြင့် အမှုဖွင့်ခံရသော လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် အသက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ယမန်နေ့နံနက်တွင် အင်းစိန်ထောင်တွင်းတရားရုံးက အလုပ် ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဝေဖန်ရေးသားမှုများကြောင့် အကြမ်းဖက်ပုဒ်မအပါအဝင် ပုဒ်မနှစ်ခုဖြင့် အမှုရင်ဆိုင်နေရသော လပေး ထမင်းနှင့်ဟင်း ချိုင့်ဆွဲရောင်းချသည့် အမျိုးသားတစ်ဦးကို  ပုဒ်မများ ပယ်ဖျက်ပေးခြင်းမရှိဘဲ ယမန်နေ့ (မတ်လ ၂၈ ရက်) နံနက်တွင် အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၅၄နှစ် အရွယ် ဦးကြည်မျိုးဇော် (ခ) ဦးကြည်အား  အင်းစိန်ထောင်တွင်းတရားရုံးက ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅ (က) ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ်သုံးနှစ် ချလိုက်ခြင်းဖြစ်သည်ဟု မိသားစုနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“သက်သေတွေ ထည့်ဦးမလားလို့ ရှေ့နေက မေးတယ်။ ဒါပေမဲ့ ဦးကြည်ကို ဝန်မခံမချင်းကို စစ်နေမှာဆိုတော့    သူလုပ်တယ်ဆိုပြီး တမင်တကာဝန်ခံပြီး အမိန့်မြန်မြန်ချအောင်လုပ်လိုက်တယ်တဲ့”ဟု  အထက်ပါ သတင်း ရင်းမြစ်အမျိုးသားက ဆိုသည်။

ဦးကြည်သည် ဖေ့စ်ဘွတ်လူမှုကွန်ရက်တွင် စစ်ခေါင်းဆောင်အား ပုတ်ခတ်ရေးသားသည်၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ မျှဝေသည်၊ စစ်တပ်ကို ဝေဖန်သည့်စာများရေးသည်ဆိုသည့် စွပ်စွဲချက်များဖြင့် စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတစ်ခုက ဖမ်းဆီးရန် လှုံ့ဆော်ခဲ့အပြီး ဇန်နဝါရီလ ၆ ရက်တွင် နေအိမ်၌ လာရောက် ဖမ်းဆီးခံရသည်။

ထို့နောက် ဦးကြည်ကို အင်းစိန်ထောင်သို့ပို့၍ ၎င်းအသုံးပြုနေသည့် ကမ္ဘောဇဘဏ်၏ မိုဘိုင်းလ် ဘဏ်စနစ်ဖြစ်သော K- Pay တွင် ငွေအဝင်အထွက်များသည်ဟုဆိုကာ တော်လှန်ရေးလက်နက်ကိုင် အဖွဲ့များကို ငွေကြေးထောက်ပံ့သည်ဟူသော သံသယဖြင့် နိုင်ငံရေးပုဒ်မများဖြစ်သော ဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) နှင့် အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၀ (ည)တို့ဖြင့်  အမှုဖွင့်ခံရသည်။

“Kpayအကောင့်မှာ(ငွေ) အဝင်၊ အထွက်များတယ်။ အကြမ်းဖက်အုပ်စုကိုလည်း ထောက်ပံ့နိုင်တဲ့ အထောက် အထားရှိတယ်ဆိုပြီးတော့ လှိုင်မြို့နယ်(ရဲ)စခန်းမှူးက သက်သေထွက်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့တွင်  စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော် (၇၃၃၇ ဦး)၊ ရာဇဝတ်ကျင့်ထုံးဥပဒေအရ ပြစ်ဒဏ်ကျခံနေသူများအပါအဝင် စုစုပေါင်း တစ်သောင်းကျော်( ၁၀၁၇၂)ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။

ထိုအထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဝန်ကြီးအချို့လည်းပါဝင်ခဲ့သည်။

အလားတူ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် တရားရုံးအသီးသီးတွင် စစ်တပ်က ဖမ်းဆီး (သို့မဟုတ်) အလိုရှိနေသူ ၁၂၄၈၇ ဦးကိုလည်း အမှုပိတ်ပေးခဲ့သည်။

သို့ရာတွင် ဦးကြည်အား စွဲဆိုထားသည့်  အကြမ်းဖက်ပုဒ်မ ၅၀ (ည)ကို  ပယ်ဖျက်ပေးခြင်းမရှိဘဲ ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။

အကြမ်းဖက်မှုပုဒ်မဖြင့် အကျဉ်းကျနေသူ ထောင်နှင့်ချီကို မတ်လ ၂ ရက်နေ့က လွတ်ငြိမ်းခွင့်ပေးခဲ့စဉ်က ဦးကြည်လည်း လွတ်ငြိမ်းပါလာခဲ့ပြီး လှိုင်မြို့နယ်တရားရုံး တရားသူကြီးထံက ပြစ်မှုကင်းရှင်းကြောင်း လက်မှတ် စောင့်ဆိုင်းနေစဉ် ဆက်စိစစ်နေဆဲဟုဆိုကာ လွတ်မြောက်လာခြင်း မရှိကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။  

“လွတ်ငြိမ်းမှာ သူ (ဦးကြည်) ပါတယ်။ သူ့ပစ္စည်းတွေတောင် တခြားသူတွေကို ပေးလိုက်တာ”

“တရားရုံးက လက်မှတ်ထိုးပေးမှလွတ်မှာ။ စိစစ်နေတယ်ဆိုပြီးတော့ လက်မှတ်ထိုးမပေးဘူး။ ၅၀(ည)၊ ၅၂(က)တွေ (တရားစွဲခံရသူတွေ) အများကြီးကို လွတ်ငြိမ်းခွင့်ပေးမယ်ဆိုပြီးတော့ မပေးဘဲ  စိစစ်နေပါ တယ်ဆိုပြီး လုပ်လိုက်တာ” ဟု ထိုသူက ဆက်ပြောသည်။

ပုဒ်မ ၅၀(ည) သည် အကြမ်းဖက်အဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်ပြီး ပုဒ်မ ၅၂(က) သည် အကြမ်းဖက် အဖွဲ့အစည်းများအား သိလျက်နှင့် ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားအများအပြား၊ တော်လှန်ရေးအဖွဲ့များအား ငွေကြေးထောက်ပံ့သူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှု၌ ပါဝင်သူများအပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများအား  စစ်တပ်က ဖမ်းဆီးသည့် ပုဒ်မလည်းဖြစ်သည်။

အာဏာသိမ်းပြီးစတွင် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများအား နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုခဲ့သော်လည်း နောက်ပိုင်းတွင် အသစ်ပြင်ဆင်လိုက်သော အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် နှစ်ရှည်ထောင်ချခြင်းများပြုလုပ်နေခြင်းဖြစ်သည်။

အာဏာမသိမ်းမီက ရန်ကုန် YBS ယာဉ်မောင်းတစ်ဦးဖြစ်သော ဦးကြည်သည် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ်အစောပိုင်းကလည်း ပုဒ်မ ၅၀၅(က)ဖြင့် ထောင်ဒဏ် သုံးနှစ်ကျခံခဲ့ရပြီး ၂၀၂၃ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီးနောက် လပေးဖြင့် ချိုင့်ဆွဲဟင်းချက်ရောင်းသည့်အလုပ်ကိုသာ လုပ်ကိုင် နေသူဖြစ်သည်။ 

ဦးကြည်သည် လက်ရှိတွင် လေးဘက်နာဝေဒနာ ခံစားနေရသဖြင့် အင်းစိန်ထောင်တွင်း ဆေးရုံ၌ ကုမှုခံယူနေရ ကြောင်း သိရသည်။

စစ်တပ်က မတ်လ ၂ ရက်နေ့တွင် အကျဉ်းသားထောင်ချီ လွှတ်ပေးသည်ဟုဆိုသော်လည်း ဦးကြည်ကဲ့သို့ လွတ်မြောက်မလာသူ အများအပြား ရှိနေသည်။ 

နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင် ၃၉ ခုမှ နိုင်ငံရေးအမှုဖြင့် အကျဉ်းကျနေသူ လေးထောင်ကျော် (၄၄၀၃ ဦး) သာ လွတ်မြောက်လာခဲ့သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်( PPNM)က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းရှိ အကျဉ်းထောင် သုံးခုမှလည်း နိုင်ငံရေးအကျဉ်းသား ၁၄၉ ဦးသာ ပြန်လည်လွှတ်ပေးခဲ့သောကြောင့် ဝမ်းနည်းစွာ လှည့်ပြန်ခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၊ PPNM တာဝန်ရှိသူက Myanmar Now ကို ပြောထားကြသည်။ 

အဆိုပါ အကျဉ်းသားလွတ်ငြိမ်းခွင့်သည် ရွေးကောက်ပွဲအပြီးစစ်ကော်မရှင်၏ နိုင်ငံရေးအရ အမြတ်ထုတ်သည့် ဝါဒဖြန့်မှု (Public Relations Ploy)သက်သက်သာဖြစ်ပြီး နိုင်ငံတကာအနေနှင့် ထိုလုပ်ရပ်အပေါ် လှည့်စားမခံရရန် အရပ်ဘက်အဖွဲ့တစ်ဖွဲ့ဖြစ်သော Progressive Voice က  မတ်လ ၂ ရက်တွင် သတိပေး ထုတ်ပြန်ထားသည်။

 မတ်လ ၂ ရက်နေ့က ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှေ့တွင် လွတ်မြောက်လာသူတစ်ဦးအား မိသားစု၊ မိတ်ဆွေများနှင့်အတူ တွေ့ရစဉ်။ (ဓာတ်ပုံ- Myanmar Now) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button