အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

NLD အစိုးရဝန်ကြီး ၃ ဦးနှင့် ကျောင်းသားခေါင်းဆောင်အချို့စစ်တပ် လွတ်ငြိမ်းတွင်ပါဝင်

NLD ဦးဆောင်သည့် အစိုးရလက်ထက်က နေပြည်တော် မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ မျိုးအောင် မန္တလေးတိုင်း ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း ပါတီပြောရေးဆိုခွင့် ရှိသူ ဒေါက်တာမျိုးညွန့်ပြောသည်။

အာဏာသိမ်းစစ်ကော်မရှင်၏ ယနေ့(မတ်လ ၂ရက်) လွတ်ငြိမ်းချမ်းသာခွင့်တွင် ယနေ့ညနေအထိ ရရှိသည့်စာရင်းများအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD)အစိုးရဝန်ကြီးသုံးဦး၊ ကျောင်းသားခေါင်းဆောင်တစ်ဦးနှင့် သတင်းထောက်တစ်ဦးတို့လည်း ပါဝင်သည်။

ယနေ့ကျရောက်သည့် တောင်သူလယ်သမားနေ့အဖြစ် နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်များတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နှင့် ပုဒ်မ ၅၂(က) အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော် (၇၃၃၇ ဦး)အပါအဝင် စုစုပေါင်း တစ်သောင်းကျော် ( ၁၀၁၇၂)ကို စစ်တပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည်။ 

အလားတူ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် တရားရုံးအသီးသီးတွင် စစ်တပ်ကဖမ်းဆီး (သို့မဟုတ်) အလိုရှိနေသူ ၁၂၄၈၇ ဦးကိုလည်း အမှုပိတ်ပေးခဲ့သည်။

NLDဦးဆောင်သည့် အစိုးရလက်ထက် နေပြည်တော် မြို့တော်ဝန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ မျိုးအောင် မန္တလေးတိုင်း ရမည်းသင်းထောင်မှ ပြန်လည်လွတ်မြောက်လာကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကပြောသည်။   

အလားတူ အင်းစိန်အကျဉ်းထောင်၌ ချုပ်နှောင်ခံထားရသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟန်ထွန်းတို့ ကနဦးလွတ်မြောက်လာကြောင်း ၎င်းထံမှ သိရသည်။​

လက်ရှိတွင် အကျဉ်းထောင်မှ လွတ်မြောက်လာသည့် NLD ပါတီဝင်များစာရင်းကို အတည်ပြုရန် စုံစမ်းနေဆဲဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ဆိုသည်။

 မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM)က ကနဦး ကောက်ယူထားသည့်စာရင်းအရ နိုင်ငံတဝန်းရှိ အကျဉ်းထောင် ၁၀ ခုမှ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား/ အကျဉ်းသူ ၃၂၄ ဦးခန့်သာရှိသေးသည်ဟု ထုတ်ပြန်ထားသည်။ စစ်တပ် ထောင်အာဏာပိုင်များသည် အကျဉ်းသားများအား အသုတ်လိုက်ခွဲ လွှတ်နေဆဲဖြစ်၍ လွတ်မြောက်လာသည့် စာရင်းအခြေအနေကို စုံစမ်းနေဆဲဖြစ်သည်ဟု အဖွဲ့တာဝန်ခံ ကိုသိုက်ထွန်းဦးက ဆိုသည်။

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေများဖြင့် စွပ်စွဲထောင်ချခံထားရသည့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌဖြစ်သူ မဆုရည်လင်း (ခ) လင်းလင်းနှင့် ၎င်း၏ အဒေါ်ဖြစ်သူ၊ သတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့သည်လည်း ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူများတွင် ပါဝင်ကြောင်း သိရသည်။

မဆုရည်လင်းကို စစ်တပ်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅- က၊လိမ်လည်မှု၊ စာရွက်စာတမ်းအတုပြုလုပ်မှု၊ အကြမ်းဖက်ဥပဒေ ၅၀(ည)တို့ဖြင့် ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရသည်။ ၎င်း၏ အဒေါ်ဖြစ်သူ ဒေါ်နီမိုလှိုင်သည်လည်း တူမဖြစ်သူအား စစ်ဆေးနေသည့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၈ တွင် သွားရောက်တွေ့ဆုံစဉ် ဖမ်းဆီးခဲ့ရပြီးနောက် အကျဉ်းကျနေသူဖြစ်သည်။

ယနေ့တွင် ပြန်လည်လွတ်မြောက်လာသည့် မမှူးရတနာခက်မို့မို့ထွန်းသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းက ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း၌ အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြပွဲအကြောင်း သတင်းရယူနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဆန္ဒပြပွဲကို စစ်တပ်က ကားနှင့် တိုက်၍ ဖြိုခွင်းမှုအတွင်းတွင် မမှူးရတနာခက်မို့မို့ထွန်း၏ ခြေထောက်နှစ်ဖက်လုံး ထိခိုက်ခဲ့ပြီး  ၅၀၅ (က)၊ ၅၀ (ည)တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်ချမှတ်ခံခဲ့ရသည်။​

ပုဒ်မ ၅၀(ည) သည် အကြမ်းအဖွဲ့အစည်းများအား ငွေကြေးထောက်ပံ့ခြင်း သို့မဟုတ် လက်ခံခြင်းဖြစ်ပြီး ပုဒ်မ ၅၂(က) သည် အကြမ်းဖက် အဖွဲ့အစည်းများအား သိလျက်နှင့် ဆက်သွယ်ခြင်း သို့မဟုတ် အားပေးကူညီခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားအများအပြား၊ တော်လှန်ရေးအဖွဲ့များအား ငွေကြေးထောက်ပံ့သူများ၊ အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်သူများအပါအဝင် ၎င်းတို့ကို ဆန့်ကျင်သူများအား    စစ်တပ်က ဖမ်းဆီးသည့် ပုဒ်မလည်းဖြစ်သည်။

 အာဏာသိမ်းပြီးစတွင် နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် စွဲဆိုခဲ့ သော်လည်း နောက်ပိုင်းတွင် အကြမ်းဖက်ပုဒ်မများတပ်၍ နှစ်ရှည်ထောင်ချခြင်းများပြုလုပ်နေသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ကို ဆန့်ကျင်သူများကို ဖိနှိပ်ရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့ကတည်းက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့ပြီးဖြစ်သည်။

အကြမ်းဖက်အုပ်စုနှင့် အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်ရန် တိုက်တွန်းခြင်း၊ စည်းရုံးခြင်း၊ ဝါဒဖြန့်ခြင်းနှင့် စုဆောင်းရန် ပြုလုပ်ခြင်းများကို လုပ်ဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်နိုင်သည့် ပြစ်မှုများအဖြစ် ထည့်သွင်းပြင်ဆင်ခဲ့သည်။

ယခုလွတ်ငြိမ်းချမ်းသာခွင့်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည) နှင့် ၅၂ (က) တို့ဖြင့် ဖမ်းဆီးခံထားရသူများနှင့် တည်ဆဲဥပဒေအရ အမှုဖွင့်တရားစွဲဆိုခံထားသူများ အဓိကပါဝင်သည်။

ထို့အပြင် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ (၁) အရ အကျဉ်းသား၊ အကျဉ်းသူ ၂၈၂၅ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ယင်းအပြင် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၀ ဦးကိုလည်း ပြန်လွှတ်ပေးပြီး ပြည်နှင်ဒဏ် ပေးလိုက်သည်ဟု စစ်ကော်မရှင်၏ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွှတ်ပေးရာတွင် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းချက်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်သည်။

၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့သည် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်သော စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းယူခဲ့သည့်နေ့ဖြစ်ပြီး၊ ထိုနေ့ကိုပင် တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်၍ နှစ်စဉ် ကျင်းပလာခဲ့သည်။

ယခုနှစ်တွင် အဆိုပါ စစ်အာဏာသိမ်းမှုသည် (၆၄) နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး စစ်တပ်ကမူ တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

နိုင်ငံရေးပုဒ်များဖြင့် အကျဉ်းကျနေသူများအား စစ်တပ်က ပြန်လည်လွတ်ပေးမှုနှင့်ပတ်သက်၍ ဒေါက်တာမျိုးညွှန့်က “ကျွန်တော်တို့ကတော့ အနှစ်သာရရှိတဲ့ အပြောင်းအလဲကို ပိုပြီးမျှော်လင့်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှု၊ စုဝေးဟောပြောခွင့်တွေ၊ နိုင်ငံရေးသဘောထားထုတ်ပြန်ခွင့်တွေ ပါမလာဘဲနဲ့ သူတို့တွေ (လွတ်မြောက်လာသူများ)က ခြေချုပ်ဆန်ဆန်စောင့်ကြည့်ခံရတာပဲဆိုရင်တော့ ထူးခြားတဲ့အပြောင်းအလဲကြီးတစ်ခုလို့ ပြောလို့မရပါဘူးခင်ဗျ” ဟု ပြောသည်။

စစ်တပ်၏ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သည့် ပုဒ်မများအနက် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား စွပ်စွဲတရားစွဲဆိုထားသည့် ပုဒ်မများပါဝင်ခြင်းမရှိပေ။ သို့သော် မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်မှစ၍  ကြီးမားသည့် နိုင်ငံရေးအလှည့်အပြောင်းကို ကြုံတွေ့နေရပြီး ထိုအခြေအနေကို သုံးသပ်ရန်၊ အခြေအနေနှင့် လိုက်လျောညီထွေသည့် ညွှန်ကြားချက်များချရန် လူအများယုံကြည်လေစားခံရသည့် ခေါင်းဆောင်များ၏ ဦးဆောင်မှုကို မဖြစ်မနေလိုအပ်နေသည်ဟု ဒေါက်တာမျိုးညွန့်က မှတ်ချက်ပြုသည်။

“မြန်မာနိုင်ငံမှာဖြစ်နေတဲ့ စစ်ပွဲတွေချုပ်ငြိမ်းဖို့၊ မြန်မာပြည်သူတွေရဲ့ ဘဝလွတ်လပ်၊ လုံခြုံ၊ အေးချမ်းသာယာဖို့အတွက်ဆိုရင် အကြောင်းပြချက်တွေလုပ်မနေဘဲနဲ့ စစ်မှန်တဲ့ ခြေလှမ်းတွေကို အမြန်ဆုံးလှမ်းဖို့လိုပါတယ်။ အချိန်တစ်ရက်၊ တစ်နာရီနောက်ကျတာဟာ တိုင်းပြည်ကို တစ်ရက်၊ တစ်နာရီသစ္စာဖောက်တာပဲ လိုမြင်ပါတယ်”

Related Articles

Back to top button