အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကော်မရှင် လွတ်ငြိမ်း တနင်္သာရီမှ နိုင်ငံရေးအကျဉ်းသားအနည်းငယ်သာလွတ်၊ နိုင်ငံရေးအမြတ်ထုတ်မှုဟု လေ့လာစောင့်ကြည့်သူများပြော

“စစ်တပ်ဟာ သူတို့ကိုအပြုသဘောဆောင်တဲ့အမြင်တွေရရှိဖို့အတွက် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံသဖွယ်သူတို့အသုံးချတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (Political Prisoners Network-Myanmar) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကပြောသည်။

ယမန်နေ့(မတ်လ ၂ရက်) နံနက်ခင်းပိုင်းမှစတင်၍ တနင်္သာရီတိုင်း၊ မြိတ်၊ ထားဝယ်နှင့် ကော့သောင်းရှိ အကျဉ်းထောင်ဘူးဝများရှေ့တွင် ရာနှင့်ချီသော လူအုပ်ကြီးသည် စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် ၎င်းတို့၏ မိသားစုဝင်များပြန်လည်လွတ်မြောက်လာမည့် မျှော်လင့်ချက်များဖြင့် ထိုနေ့ညပိုင်းအထိ စောင့်ဆိုင်းနေခဲ့ကြသည်။

သို့သော် စစ်ကော်မရှင်သည် အဆိုပါအကျဉ်းထောင် သုံးခုတွင် နိုင်ငံရေးအကျဉ်းသား ၁၄၉ ဦးသာ ပြန်လည်လွှတ်ပေးခဲ့သောကြောင့် ဝမ်းနည်းပက်လက် လှည့်ပြန်ခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များက ဆိုကြသည်။ 

ထားဝယ်မြို့ရှိ အကျဉ်းထောင်မှ ၁၀၈ ဦး၊ မြိတ်မြို့မှ ၃၅ ဦးနှင့် ကော့သောင်းမြို့မှ ခြောက်ဦးနှင့် တနင်္သာရီတိုင်းတွင် စုစုပေါင်း နိုင်ငံရေးအကျဉ်းသားစုစုပေါင်း ၁၄၉ ဦး လွတ်မြောက်လာခဲ့သည်ဟု သိရသည်။

စစ်ကော်မရှင်သည် မတ်လ ၂ ရက်နေ့ (တောင်သူလယ်သမားနေ့) အထိမ်းအမှတ်ဖြင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၀ (က) တို့ဖြင့် နိုင်ငံတစ်ဝန်း အကျဉ်းချခံနေရသော အကျဉ်းသား/ အကျဉ်းသူပေါင်း ၇၃၃၇ ဦးနှင့် စုစုပေါင်း ၁၀၁၇၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟု ကြေညာခဲ့သည်။

စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မိသားစုဝင်များလွတ်မြောက်လာမည်ဟု ယုံကြည်ခဲ့သော်လည်း လက်တွေ့တွင် မျှော်လင့်ချက်ပေးခြင်းသာဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

“သူ့ရဲ့(စစ်ကော်မရှင်) လက်ထဲ က ငါးလိုပေါ့ဗျာ သူလွှတ်ချင်တဲ့ငါးကိုလွှတ်မယ်။ သူမလွှတ်ချင်တဲ့ ငါးကို သူမလွှတ်ဘူး။ ‌ညစ်ပတ်တာ။ မျှော်လင့်ချက်ပေးတာ ပေါ့ဗျာ။ သူရဲဘောကြောင်တာ၊ လုပ်မရဲတာ၊ မလွှတ်ရဲတာ၊ ကတိမတည်တာပေါ့ဗျာ” ဟု ၎င်းက မှတ်ချက်ပြုပြောဆိုသည်။

စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်နေ့တွင် နိုင်ငံရေးအကျဉ်းသူ/သားများ၏ မိသားစုဝင်များစွာသည် နိုင်ငံတစ်ဝန်းရှိ ထောင်ဘူးဝများရှေ့တွင် စောင့်ဆိုင်းခဲ့ရပြီး အချို့သည် ၎င်းတို့၏ သားသမီးများ ပါမလာသည့်အတွက် ငိုကြွေးပြီး ပြန်လှည့်သွားခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (Political Prisoners Network-Myanmar) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

“မနက်အစောကြီးကတည်းက ထောင်ဘူးဝရှေ့မှာ လွတ်ငြိမ်းသတင်းကြားပြီးကတည်းက သွားစောင့်ပြီး ည ၁၀ နာရီ ၁၁ နာရီထိ စောင့်ခဲ့ရတဲ့ မိသားစုဝင်တွေရှိတယ်။ ပြန်လွတ်လာတဲ့အထဲမှာ ကိုယ့်ရဲ့ မိသားဝင်တွေ မပါတော့ မျက်ရည်စတွေနဲ့အိမ်ပြန်သွားတဲ့သူတွေလည်းရှိတယ်။ စစ်တပ်အနေနဲ့ ထုတ်ပြန်ချက်တွေတိုင်းမှာ စေတနာ၊ မေတ္တာတရားတွေရေးနေသော်လည်း တကယ့်လက်တွေ့မှာ တော့စစ်မှန်တဲ့ မေတ္တာတရားမရှိဘူးဆိုတာ သူတို့ရဲ့လုပ်ရပ်တွေက သိသာထင်ရှားပြီးသားဖြစ်တယ်” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်မှ ယင်းကဲ့သို့ ‌ကြေညာထားသော်လည်း လက်တွေ့တွင်မှု ပုဒ်မ ၅၀(ည) နှင့် ၅၀(က)တို့ဖြင့် မတရား တရားစွဲဆို အကျဉ်းချခံထားရသူများစွာသည် များစွာကျန်ရှိနေဆဲဖြစ်သည်ဟု PPNM နှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။

ထို့အပြင် ပုဒ်မ ၅၄၊ ပုဒ်မ ၅၁(ဂ) ကဲ့သို့သော် ပုဒ်မများနှင့် မတရားပြစ်ဒဏ်ချမှတ်ခံထားသူများအား ပုဒ်မချန်လှပ်ထား၍ လွှတ်ပေးခဲ့ခြင်းမရှိဟု မြန်မာနိုင်ငံလုံးဆိုင်ရာ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောသည်။

စစ်တပ်၏လွတ်ငြိမ်းခွင့်သည် လာမည့်ရွေးကောက်ပွဲနှင့် အစိုးရသစ်အတွက် လမ်းစပျိုးခြင်းဖြစ်ပြီး၊ နိုင်ငံတကာ၏ အပြုသဘောဆောင်သော အမြင်ရရှိရန် နိုင်ငံရေးအရ အမြတ်ထုတ် ခြင်းသာဖြစ်ကြောင်း သူက ပြောသည်။

“စစ်တပ်ဟာ သူတို့ကိုအပြုသဘောဆောင်တဲ့အမြင်တွေရရှိဖို့အတွက် နိုင်ငံရေးအရ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ဓားစာခံသဖွယ်သူတို့အသုံးချတယ်” ဟု ကိုသိုက်ထွန်းဦးက မှတ်ချက်ပြုသည်။

အဆိုပါ အကျဉ်းသားလွတ်ငြိမ်းခွင့်သည် ရွေးကောက်ပွဲအပြီးစစ်ကော်မရှင်၏ နိုင်ငံရေးအရ အမြတ်ထုတ်တဲ့ ဝါဒဖြန့်မှု (Public Relations Ploy)သက်သက်သာဖြစ်ပြီး နိုင်ငံတကာအနေနှင့် ထိုလုပ်ရပ်အပေါ် လှည့်စားမခံရရန် မတ်လ ၂ ရက်နေ့တွင် Progressive Voice က သတိပေးထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကော်မရှင်၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ကော့သောင်းအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်လာသူ လူဦးရေသည် ခြောက်ဦးမျှသာရှိခဲ့သည်။

နိုင်ငံ၏ အစွန်အဖျားကျသော ကော့သောင်းအကျဉ်းထောင်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်း၊ မိသားစုဝင်များမှ ထောင်ဝင်စာတွေ့ရခက်ခဲခြင်းများကြောင့် ထားဝယ်အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများသည် ဆေးဝါးနှင့် စားရေးသောက်ရေး ခက်ခဲမှုများနှင့်လည်း ကြုံတွေ့နေရသည်။ 

PPNM ၏ ယနေ့(မတ်လ ၃ ရက်)ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်စုစုပေါင်း  ၃၁ ခုမှ   ၃၆၁၃ ဦးကို စစ်ကော်မရှင်က ပြန်လည်လွှတ်ပေးခဲ့သည်။ 

စစ်ကော်မရှင်သည် ရွေးကောက်ပွဲအား အပိုင်းသုံးပိုင်းဖြင့် ၎င်းတို့အလိုကျင်းပခဲ့ပြီးနောက် မတ်လ ၁၆ ရက်နေ့တွင် တတိယအကြိမ် လွှတ်တော်အစည်းအဝေးစတင်ခေါ်ယူမည်ဟု ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကြေညာထားသည်။ 

စစ်ကော်မရှင်မှ မတရားဖမ်းဆီးထားသူများကို ပြန်လည်လွှတ်ပေးရန် အာဆီယံဒေသတွင်းနိုင်ငံများနှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် စစ်ကော်မရှင်ကို ဖိအားပေးရန် Human Right Watch(HRW) နှင့် နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်သူများက တောင်းဆိုခဲ့ကြသည်။ 

ယင်းအပြင် စစ်ကော်မရှင်အနေဖြင့် မတရားဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးပြန်လည်လွှတ်ပေးရန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာနက  ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်သဝဏ်လွှာဖြင့် တိုက်တွန်းပြောဆိုလိုက်သည်။ 

လက်ရှိတွင် စစ်ကော်မရှင်သည် ၎င်းတို့အားဆန့်ကျင်သော နိုင်ငံရေးသမားများ၊ တက်ကြွလှုပ်ရှားသူများနှင့် သတင်းထောက်များအပါအဝင် ပြည်သူများကို ပုဒ်မများတပ် တရားဆွဲဆို၍ ပြစ်ဒဏ်အမြောက်အများဖြင့် ထောင်ချထားသည်။ 

လက်ရှိတွင် Myanmar Now ၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အပါအဝင်၊ Dawei Watch သတင်းဌာနမှ သတင်းထောက်နှစ်ဦးကိုလည်း ယခင်နှစ်များတွင် အကြမ်းဖက်ဥပဒေ ပုဒ်မများဖြင့်ခေါင်းစဉ်တပ်၍ မတရားဖမ်းဆီး ထောင်ချထားခဲ့သည်။ 

ယမန်နေ့ လွတ်ငြိမ်းချမ်းသာခွင့်တွင်လည်း ၎င်းတို့ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဘဲ စစ်တပ်က ဆက်လက်ဖမ်းဆီးထားသည်။ 

Related Articles

Back to top button