ရန်ကုန် – ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ်လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်းပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက်မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မႈပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ပြောခဲ့ပါတယ်။ ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့မယ်ဆိုရင် ဘာတွေဖြစ်လာမလဲ၊ တရားရုံတင် စစ်ဆေးတဲ့အခါမှာရော အခုစွဲချက်တင်မယ့် ပုဒ်မတွေကို အပြောင်းအလဲ ဖြစ်သွားနိုင်မလားဆိုတာကို အသက် ၇၂ နှစ်အရွယ်ရှိ တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်ကို Myanmar Now က သွားရောက်မေးမြန်းခဲ့ပါတယ်။
ဦးကြီးမြင့်ဟာ ၁၉၇၀ ခုနှစ်၊ ၁၉၇၄ ခုနှစ်၊ ၁၉၇၉ ခုနှစ်၊ ၁၉၈၂ ခုနှစ်၊ ၁၉၈၈ ခုနှစ်တို့မှာ နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးခံရခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ပြီးတော့ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက် အကူပြုအဖွဲ့မှာ ယာယီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူတဦးဖြစ်ပါတယ်။
မေး။ ။ ဦးကိုနီအမှုမှာ လူသတ်မှုပုဒ်မ ၃၀၂ လို ရာဇဝတ်မှုနဲ့ အရေးယူတယ်။ ဒါဟာလုံလောက်တဲ့ စွဲချက်တွေလို့ ဆရာထင်လား။
ဖြေ။ ။ မမှန်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ဒီ ၃၀၂ ဆိုတာက သာမန်လူသတ်မှုပဲလေ။ ဒီ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေက ၂၀၁၄ ခုနှစ်ကျမှပေါ်တာ။ ဘာလို့ပေါ်ရလဲဆိုတော့ ရှိနေတဲ့ဥပဒေနဲ့ မလုံလောက် တော့ဘူး။ အကြမ်းဖက်တာကြီးက တအားကိုခေတ်မီလာပြီးတော့၊ အုပ်စုနဲ့ ဂိုဏ်းနဲ့ ဖွဲ့လာပြီးတော့ အရမ်းကိုသူတို့ဘက်က ခေတ်မီမီလူသတ်မှုတွေ ဖြစ်လာတဲ့အခါကျတော့ ဒီဥပဒေမျိုးနဲ့ ပြန်လည်တုံ့ပြန်မှရမယ်ဆိုပြီး ဒီဥပဒေကို လွှတ်တော်မှာတင် အတည်ပြုလိုက်တာ။ ကမ္ဘာ့စံချိန်မီဥပဒေအနေနဲ့ ပြဋ္ဌာန်းလိုက်ရတာ။ ဦးကိုနီအမှုကို ကြည့်မယ်ဆိုလို့ရှိရင် ခဲလုံးတစ်လုံးတည်းနဲ့ ပစ်မှတ် ၄၊ ၅ ခုလောက်ကို မှန်အောင်ပစ်တာ။ ဗုဒ္ဓဘာသာဝင်တွေနဲ့ မွတ်စလင်တွေ စိတ်ဝမ်းကွဲပြားအောင်၊ အခြေခံဥပဒေပြင်ဆင်ရေးကို ရှေ့မတိုးရဲအောင်၊ မလုပ်ရဲအောင်ပေါ့။ နောက်တစ်ခါ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အားထုတ်နေတဲ့ ခရိုနီတွေရဲ့လှုပ်ရှားမှုတွေက ရှေ့ထွက်လာတာ။ အဲ့ဒီလိုဂိုဏ်းနဲ့၊ အုပ်စုနဲ့လုပ်တဲ့ဟာတွေ မှန်သမျှ သည် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တည့်တည့်ပဲ။ ဒီဥပဒေနဲ့ အရေးယူမှုတွေ လုပ်ရမယ်။ သာမန် ၃၀၂ လောက်နဲ့ မဟုတ်တော့ဘူး။ သာမန် ရည်းစားနဲ့ မကျေနပ်လို့ ကတ်ကြေးနဲ့ ထိုးသတ်သလို ရိုးရိုးမဟုတ်ဘူး။ ဒီကိစ္စက နိုင်ငံတော်နဲ့ပတ်သက်နေတဲ့ အကြမ်းဖက်မှု ဖြစ်တယ်။ လေဆိပ်မှာ ဖြစ်တဲ့ကိစ္စ။ လေဆိပ်ဝန်ဆောင်မှုဖြစ်နေစဉ်ဆိုတာ ဘာကို အဓိပ္ပာယ်ခေါ်သလဲဆိုတာ ပါလာတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄ နာရီကာလအတွင်းကို လေယာဉ်ဝန်ဆောင်မှုကာလလို့ ခေါ်တယ်။ အဲ့ဒီကာလမှာဖြစ်တာတွေက သေဒဏ်ပဲ။ အထူးသဖြင့် လေဆိပ်မှာဖြစ်တာကိုလည်း အကျုံးဝင်စေတယ်။
မေး။ ။ အကြမ်းဖက်မှုဥပဒေမှာကော အတိအကျ ဘယ်လိုတွေ အဓိပ္ဗါယ်ဖွင့်ဆိုထားလဲ။
ဖြေ။ ။ ဥပဒေမှာ အဓိပ္ပာယ်ဖွင့်ထားတာက အကြမ်းဖက်မှုဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဥပဒေနှင့်မညီပဲ တစ်နည်းနည်းဖြင့် ကျူးလွန်သူ၊ သို့မဟုတ် ကျူးလွန်ရန်အား ထုတ်သူကိုသော် လည်းကောင်း၊ အကြမ်းဖက်မှုတွင် ကြံရာပါအဖြစ်ပါဝင်သူ သို့မဟုတ် အကြမ်းဖက်မှုကျူးလွန်ရန် အခြားသူများအား ညွှန်ကြားသူ သို့မဟုတ် စည်းရုံးသိမ်းသွင်းသူကိုသော်လည်းကောင်း၊ အကြမ်းဖက်မှုကျူးလွန်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပါဝင်ထောက်ပံ့သူကိုသော်လည်းကောင်း ဆိုလိုတယ်။ အကြမ်းဖက်သမားဆိုသည်မှာ၊ အကြမ်းဖက်အုပ်စုဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခု ကျူးလွန်ရန် အချိန်ကာလတစ်ခုခုယူ၍ ဖွဲ့စည်းထားသည့် လူ ၂ ဦးနှင့် အထက်ပါသော အသင်းအ ဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အရလည်းကောင်း၊ ဗဟိုအဖွဲ့က ပြည် ထောင်စုအစိုးရ၏ အတည်ပြုချက်ဖြင့်လည်းကောင်း ကြေညာထားသည့် အကြမ်းဖက်အုပ်စုသည် ပါဝင်သည်။ နောက်တစ်ခါ လှုံ့ဆော်မှုဆိုသည်မှာ အကြမ်းဖက်မှုတစ်ခုခုကို ကျူးလွန်ရန်အတွက် လှုံ့ဆော်ရန် ရည်ရွယ်ချက်ဖြင့် သတင်းစကား သို့မဟုတ် သတင်းစကားအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကြားမြင်သိရှိခြင်းကို ဆိုသည်။
မေး။ ။ ရဲတပ်ဖွဲ့ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရဆိုရင် ပြည်ခိုင်ဖြိုးလွှတ်တော်အမတ် ယခင်ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်မှူးကြီးဟောင်း လင်းဇော်ထွန်းဟာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးတို့နဲ့ လက်ဖက်ရည်ဆိုင် ထိုင်ပြီး ဦးကိုနီကိစ္စ မကျေမနပ်ပြောခဲ့တယ်။ ဒီလိုပြောပြီး အပြန်မှာ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးက ကားပေါ်မှာစကားပြောရင်း ဦးကိုနီကိုသတ်ဖို့ စတင်ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် ရဲတပ်ဖွဲ့က အမှုဖြစ်ပြီး သူ့ကို ခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း ဒီကိစ္စမှာသူမပါဘူးဆိုပြီး သတင်းထုတ်ပြန်ထားတယ်။ ဦးလင်းဇော်ထွန်းကိုယ်တိုင်လည်း သူ ဦးကိုနီကိစ္စ အောင်ဝင်းခိုင်တို့၊ ဇေယျာဖြိုးတို့နဲ့ စကားပြောဖူးတာသာရှိတယ်၊ သတ်မယ့်ကိစ္စသူမသိ၊ သူမပါဘူးဆိုပြီး သတင်းမီဒီယာတွေကို ပြောနေတယ်။ ဆိုတော့ ဦးလင်းဇော်ထွန်းရဲ့ အခြေအနေကို ဥပဒေကြောင်းအရ ဘယ်လိုမြင်လဲ။
ဖြေ။ ။ သူက လှုံ့ဆော်မှုထဲမှာပါတယ်။ သတင်းအချက်အလက်ကို သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ၊ တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဒီလိုကျူးလွန်ဖို့ ဖြန့်ဝေခြင်း၊ အားပေးအားမြှောက်ပြုခြင်း၊ သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် ကြားမြင်သိရှိစေခြင်းဆိုတာပါ။
မေး။ ။ ဒါပေမယ့် တိုက်ဆိုင်တာရော မဖြစ်နိုင်ဘူးလား။ ဦးကိုနီကိစ္စ စကားပြောမိတယ်။ သူစကားပြောပြီးအပြန်မှ ဟိုနှစ်ယောက်က သူတို့ဘာသာသူတို့ ဦးကိုနီကို သတ်ဖို့ ကြံတယ်။ နောက် သူလုံးဝမသိ၊ မမျှော်လင့်ဘဲနဲ့ အခုလိုလုပ်ကြံမှု ဖြစ်သွားတယ်။ ဒါမျိုး မဖြစ်နိုင်ဘူးလား။
ဖြေ။ ။ မဖြစ်နိုင်ဘူး၊ ဖြစ်နိုင်တယ်ဆိုတဲ့ဟာကို ဥပဒေက အဲ့ဒီလိုပြောလို့မရဘူး။ ဥပဒေမှာက ရှင်းရှင်းလေးပဲ။ အဲ့ဒီကိစ္စမဖြစ်ခင် ဒီစကားတွေပြောခဲ့တယ်။ ပြီးတော့ အဲ့ဒီကိစ္စဖြစ်သွားတယ်။ ဒါပဲ။ အဲ့ဒီတော့ ဥပဒေက ဒီစကားရပ်တွေနဲ့ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အားပေးအားမြှောက်ပြုရာ ရောက်တယ်။
မေး။ ။ ဒါဆိုရင် ဒီအကြမ်းဖက်ဥပဒေနဲ့ အရေးမယူဘဲ ရာဇဝတ်မှုနဲ့ပဲ အရေးယူတာဟာ အာဏာပိုင်တွေက တမင်သက်သက် နဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာလား။
ဖြေ။ ။ ဒီကိစ္စကြီးက ကျယ်ပြန့်သွားပြီးတော့ အများကြီး ဒီမှာပါလာနိုင်တယ်။ နောက်တစ်ခါ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့သာ စွဲမယ်ဆိုရင် ဘယ်သူမှ သေဒဏ်ကနေ မလွတ်ဘူး။ အခုဒီမှာက ကြည်လင်းက သေဒဏ်ကျပြီး ကျန်တဲ့သူတွေက တစ်သက်တစ်ကျွန်းတို့၊ ၁၀ နှစ်တို့ ဘာတို့နဲ့ ကျသွားပြီး ပြီးသွားတာမျိုး ဖြစ်နိုင်တယ်။ အဲ့ဒီလမ်းကြောင်းကြီးကို ခင်းထားတယ်။
မေး။ ။ စွဲချက်တင်တာတော့ ရဲတပ်ဖွဲ့ကနေ စွဲချက်တင်တာပေါ့။ တရားရုံးမှာရော ပြောင်းလို့မရဘူးလား။ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကိုကြည့်ပြီးတော့ ဒီပုဒ်မတွေ ပြောင်းလိုက်တာမျိုးပေါ့။
ဖြေ။ ။ ဒါက ဥပဒေဝန်ထမ်းမှာ တာဝန်ရှိတယ်။ နိုင်ငံတော်ကို ကိုယ်စားပြုမယ့် ဥပဒေဝန်ထမ်းက သတ္တိရှိမယ်၊ ဥပဒေကို ကျွမ်းကျင်မယ်၊ တိုင်းပြည်အပေါ်မှာ စေတနာထားမယ်ဆိုရင် ရဲတပ်ဖွဲ့က ဘယ်လိုပဲတင်တင်၊ ဥပဒေဝန်ထမ်းက ဒီကိစ္စဟာ ဒီဥပဒေနဲ့မဟုတ်ဘူး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ့်ကိစ္စ၊ ပြန်စစ်ပြီး သူက အမှုကို တည်ဆောက်လို့ ရတယ်။ ဥပဒေဝန်ထမ်းက ဒီနေရာမှာ အချက်ပဲ။
မေး။ ။ အခုရော အဲ့ဒီလိုတည်ဆောက်မယ်လို့ရော ယုံကြည်လား။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ ဆရာလဲသိတာပဲ။ တရားရေးအဖွဲ့နဲ့ အားပြိုင်လို့ရှိရင်ပေါ့။
ဖြေ။ ။ ဒီဟာမှာ ရှေ့နေချုပ်ကို (အစိုးရက) ခန့်ထားတာပဲ။ ကိုယ်ခန့်ထားတဲ့သူက ဥပဒေကို မစောင့်ရှောက်ဘူးဆိုလို့ရှိရင် လက်ရှိအစိုးရကိုပဲ အပြစ်တင်ရတော့မှာပဲ။ ရှေ့နေချုပ်တို့၊ ရန်ကုန်တိုင်းဥပဒေချုပ်တို့က ကိုယ်ခန့်ထားတဲ့သူတွေ။ ရဲတပ်ဖွဲ့က ဘာပဲတင်တင် သူတို့က ထိန်းကျောင်းပေးပြီး လုပ်လို့ရတဲ့သူတွေ။ သူတို့ပျော့လို့၊ ညံ့လို့၊ ကြောက်လို့မလုပ်တာကတော့ သူတို့တာဝန်ပဲလေ။ ဒီအစိုးရတာဝန်ပဲ။
မေး။ ။ အမျိုးဘာသာ သာသနာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဝီရသူဟာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးထားတာက ဦးကိုနီကိုသတ်တဲ့သူတွေကို ကျေးဇူးတင်တယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးချင်သူတွေကို သတိပေးတယ်ဆိုတဲ့အပေါ် ဆရာ့အနေနဲ့ ဘယ်လိုယူဆလဲ။ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက မကြာသေးခင်က သတင်းစာရှင်းလင်းပွဲအစမှာ အမုန်းစကားတွေ ရပ်သင့်ကြပြီလို့ ပြောခဲ့တယ်၊ ဒါပေမယ့် အခုချိန်ထိ ဒါ မျိုးကို အရေးယူတာမျိုးတွေ တစ်ခါမှမရှိသေးဘူး။
ဖြေ။ ။ သူက နောက်ထပ်အလားတူအမှုမျိုး ထပ်ကျူးလွန်အောင် လှုံ့ဆော်လိုက်တာလေ။ လူသတ်မှုက ဖြစ်ပြီးသွားလို့ အရေးယူလို့ မရတော့ဘူးဆိုတာမှ မဟုတ်တာ။ လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်။ ဒါပေမယ့် သူ့ကိုအရေးယူမှုမရှိတာနဲ့ ပတ်သက်ရင်တော့ ကိုယ်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦးဆိုတော့ ဘုန်းကြီးတစ်ပါးကို အရေးယူဖို့ ပြောဖို့ရာမှာတော့ကွာ။ ဒါက နိုင်ငံတော်ရဲ့တာဝန်ပဲ။