မကွေးတိုင်းမြောက်ပိုင်း၊ ယောဒေသတွင် မတ်လ ၂၂ ရက်နေ့က ယောကာကွယ်ရေးတပ် (YDF) က YDF မှ ခွဲထွက်လာသော “ YDF စစ်ဒေသရုံး”ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပြီး ခွဲထွက်အဖွဲ့ ခေါင်းဆောင် အပါအဝင် နှစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။
ယင်းနေ့ နေ့လယ်က ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာတွင် အလှူလုပ်ရန် ရောက်ရှိနေသော ခွဲထွက် အဖွဲ့ ဖြစ်သည့် “ YDF စစ်ဒေသရုံး” အဖွဲ့ခေါင်းဆောင် ကိုကောင်းကောင်းနှင့်အဖွဲ့ကို အင်အား ၃၀ ခန့်ပါသည့် ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့က ကားဖြင့်ရောက်လာပြီး ဝိုင်းဝန်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အဆိုပါပစ်ခတ်မှုအတွင်း “ YDF စစ်ဒေသရုံး” အဖွဲ့ဘက်မှ အဖွဲ့ခေါင်းဆောင် ကိုကောင်းကောင်းနှင့် စိုင်းဇော်ဝင်းတို့ သေဆုံးပြီး မျိုးအောင်နှင့် မိုင်ပီး ဆိုသူတို့ ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကာ ဆေးကုသမှု ခံယူနေရကြောင်း YDF စစ်ဒေသရုံးဘက်က ပြောသည်။
ကိုကောင်းကောင်းသည် အလှူကိစ္စဖြင့် အဆိုပါရွာတွင်ရောက်နေသည်မှာ လေးရက်နီးပါး ရှိပြီဖြစ်ပြီး YDF တပ်ဖွဲ့မှ ထောက်လှမ်းရေး နှစ်ဦး ညောင်လယ်ကျေးရွာ ရောက်လာသောကြောင့် ရွာရှိ စတားလင့်ဆိုင်တွင် စကားပြောနေစဉ် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆိုသည်။
“ အလှူချိန်မလို့ ပြဿနာမဖြစ်အောင် ကိုကောင်းတို့က စကားခေါ်ပြောနေတုန်း နောက်က ကားနဲ့ ဝင်လာပြီး ဝိုင်းပစ်ကြတာပါ။ ထောက်လှမ်းရေးနှစ်ယောက်ကို စကားပြောနေတဲ့အချိန်က ကျွန်တော်တို့ SRA ကိုရော ခရိုင်ရုံး ကိုရော၊ YA (ယောတပ်တော်) ကိုရော သတင်းပို့ထားပါတယ်။ ဖမ်းထားတာ မဟုတ်ကြောင်း ပြန်လွှတ်မယ်ဆိုတာ ပြောပြီးသားပါ” ဟု YDF စစ်ဒေသရုံး ဦးဆောင်ကော်မတီဝင်တစ်ဦးဖြစ်သည့် ကိုယောလင်းက ပြောသည်။
အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်နှိမ်နင်းမှုများကို မခံရပ်နိုင်သဖြင့် လက်နက်ကိုင်တော်လှန်ရန် ယောဒေသ လူငယ်များ စုဖွဲ့ပြီး ယောကာကွယ်ရေးတပ် (YDF) ကို ၂၀၂၁ ခုနှစ် မေလတွင် စတင် တည်ထောင်ခဲ့ကြသည်။
ယောကာကွယ်ရေးတပ် ဦးဆောင်သူ ကိုမြတ်သူ၏ ဦးဆောင်မှုအောက်တွင် တပ်တွင်းစီမံခန့်ခွဲမှုအလွဲ၊ ကိုင်တွယ်မှုတို့နှင့် ပတ်သက်ပြီး မကျေလည်သဖြင့် စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သူ ကိုကောင်းကောင်း အပါအဝင် တပ်ဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များက အဖွဲ့မှခွဲထွက်၍ “ YDF စစ်ဒေသရုံး” ကို ထူထောင်ခဲ့ ကြခြင်းဖြစ်သည်။
YDF စစ်ဒေသမှူးအဖြစ် တာဝန်ယူခဲ့သူ ကိုကောင်းကောင်း အပါအဝင် တပ်ဖွဲ့ထိပ်ပိုင်း ခေါင်းဆောင်များ က ၂၀၂၅ နှစ် မေလတွင် အဖွဲ့မှခွဲထွက်ခဲ့ပြီး “YDF စစ်ဒေသရုံး” အမည်ဖြင့် ဆက်လက်လှုပ်ရှားနေသည်။
ကိုမြတ်သူ ဦးဆောင်သည့် YDF အဖွဲ့ဘက်က ပစ်ခတ်မှုဖြစ်ရသည့်အကြောင်းနှင့်ပတ်သက်၍ မတ်လ ၂၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်ရာ ၎င်းတို့ YDF ရဲဘော်နှစ်ဦး ထိုရွာတွင် ဖမ်းဆီးခံရသဖြင့် ကယ်ထုတ်ခြင်းဖြစ်သည်ဟု ဆိုသည်။
၎င်းတို့ဆိုလိုသော YDF ရဲဘော်နှစ်ဦး ဆိုသည်မှာ ခွဲထွက်အဖွဲ့ဖြစ်သော “ YDF စစ်ဒေသရုံး” မှ စတားလင့် ဆိုင်တွင် စကားပြောနေသည်ဆိုသော ရဲဘော် နှစ်ဦးဖြစ်ပြီး လှိုင်းထက်အောင်နှင့် ဟိန်းထက်မင်းတို့ ဖြစ်ကြသည်။
ယောကာကွယ်ရေးတပ် (YDF) အဆိုအရ ၎င်းတို့နှစ်ဦးအနက် တစ်ဦးလွတ်လာသော်လည်း ကျန်တစ်ဦးမှာ လွတ်မြောက်ခြင်း မရှိသေးဟု သိရသည်။
ယမန်နေ့က ပစ်ခတ်မှုအပြီး ဆက်လက်ဆောင်ရွက်နေသည့် အခြေအနေနှင့် ပတ်သက်ပြီးသိရှိနိုင်ရန် ယောကာကွယ်ရေးတပ် YDF ဦးဆောင်သူ ကိုမြတ်သူအား Myanmar Now က ဆက်သွယ်မေးမြန်းရာ တပ်၏ တာဝန်ခံတစ်ဦးနှင့် ချိတ်ပေးမည် ဟု အကြောင်းပြန်သည်။
YDF တပ်ဖွဲ့ဝင်နှစ်ဦးကို ဖမ်းဆီးထားခြင်း မဟုတ်ဘဲ စကားပြောနေစဉ် YDF တပ်ဖွဲ့ဝင်များ ရုတ်တရက် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထို YDF တပ်ဖွဲ့ဝင်တစ်ဦး (လှိုင်းထက်အောင်) ဆိုသူမှာ ၎င်းတို့ တပ်ဖွဲ့ဝင်များနှင့် အတူ ထွက်ပြေးလာခြင်းဖြစ်ကြောင်း YDF စစ်ဒေသရုံး ဦးဆောင်ကော်မတီဝင်တစ်ဦး ဖြစ်သည့် ကိုယောလင်းက ဆိုသည်။
‘စကားပြောနေတုန်းဝင်ပစ်တော့ လှိုင်းထက်အောင်ပါ လိုက်ပြေးခဲ့ရတာပါ။ အပစ်ခံရတဲ့ထဲမှာသူလည်း ပါပါတယ်။ တချို့ရဲဘော်တွေကို သူလည်းရသလောက်ကယ်ပေးနေခဲ့သေးတာပါ။ အခုလည်းကျွန်တော်တို့နဲ့ အတူရှိနေပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
ပစ်ခတ်မှုအပြီး ကိုမြတ်သူဦးဆောင်သည့် YDF တပ်က မြေပြင်စစ်ကြောင်းထိုးနေသဖြင့် နာရေးအခမ်းအနားပင် ပြုလုပ်နိုင်ခြင်းမရှိသေးဘဲ မတ်လ ၂၃ ရက်နေ့တွင် ထိုပစ်ခတ်မှုအရေး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနတို့ ဆွေးနွေးခဲ့ကြောင်း ကိုယောလင်းက ဆိုသည်။
“(ဒီနေ့) SRA နဲ့ MOD အစည်းအဝေးတွေ လုပ်နေပါတယ်။ အစည်းအဝေးပြီးသွားပေမယ့် ဆုံးဖြတ်ချက်တော့ ဘာမှမရခဲ့ဘူးလို့ သိရပါတယ်”
YDF သည် နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသော အဖွဲ့များစုပေါင်းထားသည့် SRA အဖွဲ့ဝင်ဖြစ်ပြီး အာရက္ခတပ်တော် (AA) ၏ မဟာမိတ်လည်းဖြစ်ကာ ကိုမြတ်သူက ဦးဆောင်သည်။

ထိုနှစ်ဖွဲ့အကြား ပွတ်တိုက်မှုရှိပြီး ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင် YDF တပ်မှူးအပါအဝင် တပ်ဖွဲ့ဝင် ရှစ်ဦးကို “YDF စစ်ဒေသရုံး” ဖမ်းဆီးခဲ့သဖြင့် NUG လက်အောက်ခံ မကွေးတိုင်း ကွပ်ကဲရေးမှူး၊ SRA နှင့် ယောအခြေစိုက် အခြားဒေသခံတပ်ဖွဲ့ဖြစ်သည့် ယောတပ်တော် (YA)တို့က ကြားဝင်ညှိနှိုင်းပေးခဲ့ရသည်။
တပ်ဖွဲ့ဝင်များအား ပြန်လွှတ်ပေးသော်လည်း လက်နက်ခဲယမ်းများပြန်လည်မရရှိခဲ့ကြောင်း YDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်အပေါ် စုံခုံဖွဲ့ ဖြေရှင်းပြီးသည့်အခါ လက်နက်ခဲယမ်းများ ပြန်ပေးရန် စကားပြောထားပြီးဖြစ်ကြောင်း YDF စစ်ဒေသရုံး ဦးဆောင်ကော်မတီဝင် ကိုယောလင်းဘက်က တုံ့ပြန်သည်။
ယောအခြေစိုက်တပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုအပေါ် SRA အနေဖြင့် မည်ကဲ့သို့ ဆောင်ရွက်နေသည်ကို SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း တုံ့ပြန်ဖြေကြားခြင်းမရှိသေးပေ။
မတ်လ ၂၂ ရက်နေ့ ပစ်ခတ်မှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအင်အားစုအချင်းချင်း တပ်တွင်းပြဿနာကို စားပွဲဝိုင်းတွင်မဖြေရှင်းဘဲ လက်နက်နှင့် ဖြေရှင်းသည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း အရပ်ဘက် အဖွဲ့တစ်ခုဖြစ်သည့် ယောမြေစစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ကြေညာချက် ထုတ်ပြန်သည်။
တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြား ပစ်ခတ်မှုမှာ တော်လှန်ရေးကို နောက်ပြန်ဆွဲသည့်လုပ်ရပ်ဖြစ်ပြီး ထိုဖြစ်စဉ်အပေါ် ရှုတ်ချကြောင်း မကွေးတိုင်းဖက်ဒရယ်ယူနစ် ဝန်ကြီးချုပ်ဒေါက်တာရဲထွန်းဇော်က ဆိုသည်။
ထိုပစ်ခတ်မှုနှင့်ပတ်သက်ပြီး ယခုရက်ပိုင်းအတွင်း အစိုးရအဖွဲ့တွင်း အစည်းအဝေးလုပ်သွားရန် ရှိပြီး၊ ကာကွယ်ရေးတပ်ဖွဲ့အချင်းချင်းကြား ပဋိပက္ခများ နှင့်ပတ်သက်ပြီး ကိုင်တွယ်ဖြေရှင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ရှိသည်ဟု ၎င်းကဆက်ပြောသည်။
“ရေရှည်မှာ ဒါမျိုးတွေမဖြစ်ဖို့အတွက်ကတော့ ကျွန်တော်တို့မှာလည်း ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်း ပြီးသားရှိပါတယ်။ ကာကွယ်ရေးဝန်ကြီးရော၊ တာဝန်ရှိသူတွေရောဦးစီးပြီးတော့ ကာကွယ်ရေးတပ်ဖွဲ့တွေ အချင်းချင်းကြားမှာ ပဋိပက္ခတွေဖြစ်လာရင် ဘယ်လိုညှိနှိုင်းဆောင်ရွက်မယ်၊ ဘယ်လိုကိုင်တွယ် ဖြေရှင်းဆောင်ရွက်မယ်ဆိုတာ လုပ်ငန်းစဉ်ချမှတ်ဆောင်ရွက်သွားမှာရှိပါတယ်”ဟု ဒေါက်တာရဲထွန်းဇော် က ပြောသည်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုအချင်းချင်းကြား သွေးမြေကျသည့်ဖြစ်ရပ်နှင့်ပတ်သက်ပြီး မကွေးတိုင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်လက်ယာကို Myanmar Now က ဆက်သွယ်မေးမြန်းထား သော်လည်း မတ်လ ၂၃ ရက်နေ့ ညနေအထိ ပြန်လည် ဖြေကြားခြင်းမရှိသေးပေ။
YDF နှင့် YDF စစ်ဒေသရုံး
မကွေးတိုင်းမြောက်ပိုင်း ဂန့်ဂေါခရိုင်ရှိ ဂန့်ဂေါ၊ ဆော၊ ကျော၊ ထီးလင်း၊ ကျောက်ထု စသည့်မြို့များ ပါဝင်သည့် ယောဒေသသည် ချင်းတောင်၊ စစ်ကိုင်းတိုင်းတို့နှင့် ထိစပ်နေပြီး အချက်အချာကျသည့် ဒေသဖြစ်ပြီး တော်လှန်ရေးအင်အားစုများလှုပ်ရှားမှု အားကောင်းပြီး MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF)စသည့် တပ်ဖွဲ့များ လှုပ်ရှားရာ နေရာလည်းဖြစ်သည်။
ယောလူငယ်များဖြင့်စုဖွဲ့ခဲ့သည့် ယောကာကွယ်ရေးတပ် YDF သည် ယောဒေသတွင်သာမက ရခိုင်နှင့် ချင်းပြည်နယ်တွင်လည်း မဟာမိတ်တပ်များနှင့်အတူ ပူးတွဲ စစ်ရေးလှုပ်ရှားမှုများလုပ်ခဲ့သည်။
ယောကာကွယ်ရေးတပ် YDF ကို စစ်ဦးစီးချုပ် (ကိုမြတ်သူ) တစ်ဦးတည်း၏ အမိန့်ညွှန်ကြားမှု၊ ဆုံးဖြတ်ချက်ဖြင့် လည်ပတ်ခြင်းထက် စုပေါင်းခေါင်းဆောင်မှုဖြင့် ဦးဆောင်နိုင်ရန် ဗဟိုကော်မတီဖွဲ့ပြီး ဆောင်ရွက်ရန် တပ်မှူးများက တောင်းဆိုခဲ့ကြသည်။
သို့သော် တောင်းဆိုမှုများအထမမြောက်ဘဲ တပ်ပြုပြင်ပြောင်းလဲရေးလိုလားသည့် တပ်ဖွဲ့ဝင်များကို ခေါင်းစဉ်မျိုးစုံတပ်ကာ အချုပ်ထောင်ထဲတွင် လနှင့်ချီအကျဉ်းချခဲ့သည်။ ထို့ကြောင့် YDF တပ်ဖွဲ့၏ အခြေခံမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် သွေဖည်နေသည့် လုပ်ရပ်များကိုမကြိုက်သည့် ကိုကောင်းကောင်းအပါအဝင် တပ်မှူး၊ စစ်ကြောင်းမှူး၊ နိုင်ငံရေးမှူး စသည့် တပ်ဖွဲ့ဝင်များသည် ယမန်နှစ် မေလတွင် တပ်မှရှောင်တိမ်းခဲ့ကြသည်။
၎င်းတို့အနက် ကိုကောင်းကောင်း၊ ကိုသားငယ်၊ ကိုဂျစ်တူးနှင့် ကိုသားကြီး (လယ်မ) တို့ကို တပ်တွင်း ပုန်ကန်မှု၊ တပ်ပိုင်လက်နက်ခဲယမ်းများရောင်းဝယ်မှု၊ သစ်မှောင်ခို ရောင်းဝယ်ဖောက်ကားမှု စသည်တို့ အပါအဝင် ပုဒ်မပေါင်း တစ်ဒါဇင်ခန့်တပ်ပြီး အချုပ်ဖောက်ပြေးသူ၊ တရားခံပြေးများအဖြစ် YDF က ထုတ်ပြန်ခဲ့သည်။



