
“ဝဋ်အမြန်လည်ပြီး ငရဲအမြန်ရောက်ပါစေ၊ လေယာဉ်စီးရင် လေယာဉ်ပျက်ကျ၊ ကားစီးရင် ကားတိုက်သေပါစေ၊ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေ အမြန်ဆုံးသေပြီး ပြည်သူတွေ စိတ်ချမ်းသာပျော်ရွှင်မယ့်ရက် အမြန်ရောက်ပါစေ” ဟု အားတက်သရော ပြောလာသူမှာ ကချင်ပြည်နယ် ဖားကန့်မြို့မှ အမျိုးသားတစ်ဦးဖြစ်သည်။
ယနေ့ကျရောက်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မွေးနေ့တွင် အာဏာသိမ်းခေါင်းဆောင် ကျဆုံးပါစေကြောင်း ဖားကန့်မြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်သူများ စုပေါင်းဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ရင်း ၎င်းက အထက်ပါအတိုင်း ပြောလာခြင်းဖြစ်သည်။
ဇူလိုင်လ ၃ ရက်နေ့ မွေးနေ့ရှင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် နိုင်ငံ့အနှံ့အပြားရှိ ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ‘မွေးနေ့နဲ့ သေနေ့ တစ်ရက်တည်းကျပါစေ’ အစချီသော ဆုတောင်းများအပြင် မွေးနေ့ရှင်ဓာတ်ပုံပေါ်တွင် ကျင်ငယ်စွန့်ခြင်း၊ မွေးနေ့ရှင်ဓာတ်ပုံများကို မီးရှို့ခြင်း၊ မွေးနေ့ရှင်၏ အသုဘအခမ်းအနားပြုလုပ်ခြင်းများဖြစ်ကြသည်။
“အာဏာသိမ်းတာ နောက်ဆုံးပဲဖြစ်ရမယ်။ ဖက်ဆစ်စစ်တပ် အမြစ်ပါဖြတ်မယ်။ နောက်မျိုးဆက်တွေမှာ စစ်အုပ်ချုပ်မှု မရှိစေရဘူး။ သူ့မွေးနေ့ မင်္ဂလာဖြစ်စေချင်တဲ့အရာကို နံနှိမ်ပြီး မီးရှို့အဆဲသပိတ်လုပ်ခဲ့တယ်။ သူ့ဘဝ အမြန်ဆုံး နိဂုံးချုပ်ပါစေ” ဟုလည်း မွေးနေ့ရှင်စစ်ခေါင်းဆောင်ကို ဆန့်ကျင်သော ဖားကန့်မြို့မှ ယနေ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောသည်။
မွေးနေ့ရှင်တိုင်းကို ‘ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ’ ဟုသာ အများသူငါ ဆုတောင်းပေးလေ့ရှိကြသည်။ မွေးနေ့ရှင်ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းပေးခြင်းသည် မင်္ဂလာတရားနှင့်ညီသော အပြုအမူလည်းဖြစ်သည်။ သို့အတွက်ကြောင့်လည်း မွေးနေ့မင်္ဂလာဟု ဆိုစမှတ်ပြုကြသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရည်စူးကာ ရင့်ရင့်သီးသီးမေတ္တာပို့ကြခြင်းမှာ တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တာကို လုပ်ခဲ့သည့်အတွက် စေတနာအကျိုးပေးခြင်းပင်ဖြစ်ကြောင်း လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူနှင့် ဝါရင့်ရှေ့နေကြီးတစ်ဦးဖြစ်သူ ဦးကြီးမြင့်က ဆိုသည်။
“မွေးနေ့ဆိုတာကတော့ လူတိုင်းက အမြတ်တနိုးထားကြတာပဲ။ ခင်မင်တဲ့သူတွေကလည်း မေတ္တာပို့ကြ ဆုတောင်းကြ၊ ဒါကောင်းမွန်တဲ့အစဉ်အလာပဲ။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းပြည်အတွက် မလုပ်သင့်မလုပ်ထိုက်တာကို သူ့ကိုယ်ကျိုးအတွက်လုပ်တယ်။ လူတွေအများကြီး သတ်တယ်” ဟု ၎င်းက ပြောသည်။
လူထုမေတ္တာခံယူရရှိခြင်း၌ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်များပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မီနိုင်မည်မဟုတ်ပေ။ အာဏာသိမ်းခေါင်းဆောင် အသေဆိုးနှင့် သေပါစေကြောင်း လူထု၏ ဆန္ဒနှင့် ထိုဆန္ဒကို ထုတ်ဖော်ပြသမှုများက ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးချိန်ကတည်းက အတောမသတ်ဖြစ်ပေါ်ခဲ့သည်။

“စစ်ခေါင်းဆောင်တွေရဲ့ အပြုအမူတွေမှာ အဆိုးဆုံးပဲ။ အဆိုးဆုံးမင်းပဲ။ အင်မတန်ရက်စက်တယ်။ အဓိပ္ပာယ်မရှိ မခိုင်လုံဘဲနဲ့ အာဏာသိမ်းတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ လုံးဝနီးပါး မရှိတော့ဘူး။ ပြည်သူကို ကာကွယ်ပေးမယ့် ဥပဒေတွေ အကုန်ဖျက်ပစ်တယ်။ သူ့စိတ်ကြိုက်လုပ်နေတယ်။ တွေ့ကြုံသမျှ ဖြတ်သန်းခဲ့ရသမျှတွေထဲမှာတော့ အဆိုးဆုံးစစ်ဗိုလ်ချုပ်ပဲလို့ ပြောချင်တယ်” ဟု ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်က ဆိုသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများက စစ်ခေါင်းဆောင်၏ မွေးနေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြရာ၌ ရန်ကုန်၊ တောင်ဒဂုံမြို့နယ်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပုံစံတူ အခေါင်းကို မီးရှို့ကာ မွေးနေ့ရှင်အတွက် အသုဘအခမ်းအနားပြုလုပ်ခဲ့ကြသည်။
“ဒီလိုအကြမ်းဖက်စစ်ခေါင်းဆောင်မျိုးကို အမြစ်ပြတ်သုတ်သင်ရှင်းလင်းစေချင်လို့ ဆန္ဒပြဖြစ်တာပါ။ မအလ (မင်းအောင်လှိုင်) ရဲ့ဆွေစဉ်မျိုးဆက်နဲ့ ကျွန်တော်တို့နိုင်ငံမှာ ဆယ်သက်ဆယ်ကမ္ဘာ မကြုံပါရစေနဲ့လို ဆုတောင်းချင်ပါတယ်ဗျ။ ပြည်သူအားလုံးရဲ့ သစ္စာ၊ စစ်သူပုန်အားလုံး အမြန်စူးပါစေဗျ” ဟု ထိုဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းယူရန် ရှေးဦးမဆွကပင် အသေအချာ အကွက်ချစီစဉ်ထားခဲ့ခြင်းဖြစ်သည်။ ၎င်းထက် များစွာငယ်ရွယ်သော စစ်ဗိုလ်ချုပ်များကို တပ်မတော်တွင် အလွန်အရေးပါအရာရောက်သော ထိပ်တန်းရာထူများခန့်အပ်ပြီး တပ်တွင်းဩဇာ အခိုင်အမာတည်ဆောက်ခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း ၎င်းအတွက် အနှောင့်အယှက်ပေးနိုင်မည့် စစ်ဗိုလ်ချုပ်များကို နေရာပြောင်းရွှေ့ခြင်း၊ အနားပေးခြင်းများ ပြုလုပ်ခဲ့သည်။ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးစိန်ဝင်းနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ကို စစ်အာဏာသိမ်းပြီးနောက် အနားပေးကာ အခြားဗိုလ်ချုပ်များဖြင့် အစားထိုးခဲ့သည်။
တပ်မတော်တွင် နံပါတ် ၃ အဆင့်ရှိ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်ဦးကို စစ်တပ်ရာထူးမှ အနားပေးကာ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ထို့အတွင် ရေတပ်ကာကွယ် ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီးတင်အောင်စန်းကိုလည်း စစ်တပ်ရာထူးမှ အနားပေးကာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။
ထို့ပြင် ၎င်း၏ အနီးကပ်လူယုံ စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းကို တပ်မတော်တွင် နံပါတ် ၄ အဆင့်ရာထူးဖြစ်သော စစ်ဦးစီးအရာရှိချုပ် (ကြည်း) အဖြစ် ခန့်အပ်ပြီး အာဏာသိမ်းစစ်ကောင်စီတွင် အဖွဲ့ဝင်အဖြစ်ထားရှိခဲ့သည့်အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌအဖြစ်လည်း ခန့်အပ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်း၏ နိုင်ငံရေးအိပ်မက်ကို မကြာခဏ ထုတ်ဖော်ပြောကြားလေ့ရှိကာ နိုင်ငံခြားသတင်းဌာနများနှင့် တွေ့ဆုံရာတွင် နှစ်ပေါင်း ၄၀ ကျော် စစ်ရေး၊ အုပ်ချုပ်ရေး၊ နိုင်ငံရေးအတွေ့အကြုံများ ရှိထားပြီးဖြစ်သဖြင့် တိုင်းပြည်အတွက် ဆက်လုပ်ရန် ဆန္ဒရှိကြောင်း၊ နိုင်ငံတော်ရဲ့အခြေအနေပေါ် မူတည်ပြီး လုပ်ဆောင်သွားမှာဖြစ်ကြောင်း အာဏာမသိမ်းမီကပင် ထုတ်ဖော်ပြောကြားခဲ့သည်။
ရွေးကောက်ပွဲမကျင်းပမီ လအနည်းငယ်အလိုတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သော နိုင်ငံရေးပါတီ ၃၄ ခုနှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ရာတွင် အာဏာသိမ်းယူရေးအလားအလာနှင့် ပတ်သက်၍ စကားဦးသန်းခဲ့သည့်အပြင် “ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူး” ဟုပင် ထုတ်ဖော်ပြောကြားခဲ့သည်။
ထို့ကြောင့် အာဏာအတွက် မည်သည့်ရက်စက်ကြမ်းကြုတ်မှုမျိုးမဆို လုပ်ဆောင်မည်ဖြစ်ကြောင်း အာဏာမသိမ်းမီကပင် ဖွင့်ဟထားပြီးဖြစ်သည်။

အာဏာသိမ်းစစ်တပ်အကြီးအကဲအပေါ် လူထုက မုန်းတီးစက်ဆုပ်ရွံရှာနေခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ နှစ်အတန်ကြာ ပြည်သူလူထုထိတွေ့ခံစားခဲ့ရသော ဒီမိုကရေစီသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်သော စစ်ဗိုလ်ချုပ်ကြီးများကြောင့် ရုတ်တရက်ဆုံးရှုံးပျောက်ကွယ်ခဲ့ရသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများ ရက်ရက်စက်စက် အကြမ်းဖက်ဖြိုခွင်းခံခဲ့ရသည်။ လူပေါင်းရာနှင့်ချီ သေဆုံးခဲ့ရသည်။ ထောင်နှင့်ချီ ဖမ်းဆီးထိန်းသိမ်းခံထားရသည်။ အမျိုးမျိုးသော ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုခံထားရသူ များစွာလည်းရှိနေသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးစီးသော စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများအတွင်း အသက် ၂၀ ဝန်းကျင် လူငယ်လူရွယ်များပေါင်းများစွာ သေဆုံးခဲ့ရသည်။ ဆန္ဒပြပွဲများတွင် ပါဝင်သူ ထိုလူငယ်အများစုမှာ ခေါင်းကို ချိန်ရွယ်ကာ သေနတ်ဖြင့် အသေပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။ ခြေတစ်ဖက်ပြတ်သူ၊ လက်တစ်ဖက်ပြတ်၊ မျက်လုံးကွယ်ရသူ စသဖြင့် ဒုက္ခိတဖြစ်ရသူများစွာလည်း ရှိသည်။
“ဒီကောင်ရှိနေသရွေ့တော့ နေ့တိုင်း အသတ်ခံနေရမယ်။ ဘဝတွေက မလုံခြုံဘူး။ ဘယ်အချိန် ကိုယ့်အိမ်လာပြီး သေနတ်နဲ့ပစ်မလဲ၊ ဘယ်အချိန် လုယက်ခံရမလဲ၊ ဖျက်ဆီးခံရမလဲ စိုးရိမ်နေရတယ်။ ဒီကောင်အုပ်ချုပ်နေသမျှတော့ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး” ဟု ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းမှုဆန့်ကျင်သူမှန်သမျှကို တရားဥပဒေကင်းမဲ့စွာ ဖိနှိပ်ခဲ့သောကြောင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပေါ် ပြည်သူလူထု၏ မုန်းတီးစက်ဆုပ်မှုများက ခိုင်မာသထက်ခိုင်မာ၊ ရင့်သန်သထက်ရင့်သန်လာခြင်းဖြစ်သည်။
တရားဝင်အရပ်သားအစိုးရတစ်ဖွဲ့လုံးကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်မှာ ငါးလကျော်လာပြီဖြစ်သော်လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရတက်မအေးနိုင်ပေးသေ။ အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုများ အရှိန်ကောင်းသထက်ကောင်းလာကာ ကိုယ့်အသက်ကိုပင် ပဓာနမထားဘဲ ရရာလက်နက်ဖြင့် ခုခံတော်လှန်လျက်ရှိသည်။
အာဏာသိမ်းစစ်အုပ်စုကို မည်သည့်နိုင်ငံကမျှ အတိအလင်းအသိအမှတ်ပြုခြင်း မရှိပေ။ အရပ်သားပြည်သူများအပေါ် ရက်ရက်စက်စက်အကြမ်းဖက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် နိုင်ငံတကာက အရေးယူပိတ်ပင်လျက်ရှိသည့်နည်းတူ နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးမှုများလည်း ရှိနေသည်။
လူတကာက ‘ဂျပု’ ဟု နောက်ပြောင်ခေါ်ဝေါ်ခြင်းခံရသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတကာမှ ထောင်ထောင်မောင်းမောင်း ပုဂ္ဂိုလ်ကြီးများနှင့်အတူ ဓာတ်ပုံအရိုက်ခံရင်း လူရာဝင်လိုလှသော်လည်း အာဏာသိမ်းပြီးငါးလကျော်သည်အထိ ပြင်းထန်သော ပြည်တွင်းပြည်ပဆန့်ကျင်မှုများကို ရင်ဆိုင်ရလျက်ရှိသည်။
ဖရိုဖရဲကမောက်ကမအခြေအနေများနှင့် တိုင်းပြည်အာဏာကို ငါးလကျော်ကြာ အတင်းအဓမ္မလုယူထားသော အာဏာရှင်ပေါက်စ၏ ၆၅ နှစ်မြောက်မွေးနေ့သည် နာကြည်းမှုများဖြင့် ပြည့်လျှမ်းနေလျက်ရှိသည်။ တစ်တိုင်းတစ်ပြည်လုံး၏ ဆုတောင်းမေတ္တာပို့သူများ၏ ဆိုလိုရင်းအနှစ်ချုပ်မှာ မွေးနေ့ရှင် အသေဆိုးနှင့် သေပါစေကြောင်းပင်ဖြစ်သည်။
“အကြမ်းဖက်လူသတ်သမား အာဏာရူးမိစ္ဆာ၊ မင်းအောင်လှိုင်နဲ့အဖွဲ့ အသေဆိုးနဲ့ အမြန်သေပါစေ၊ အသက် ၆၅ နှစ်ထက် ပိုမရှည်ပါစေနဲ့လို့ပဲ ဆုတောင်းပေးပါတယ်” ဟု ယနေ့ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သူတစ်ဦးက ဆိုသည်။