သတင်း

ကယားပြည်နယ် ရှားတောမြို့နယ်တွင် KNPP နှင့် စစ်ကောင်စီတိုက်ပွဲဖြစ်

ကယားပြည်နယ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ကောင်စီတပ်များ အင်အားတိုးချဲ့ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNPP ၏သတင်းနှင့် ပြန်ကြားရေးဌာန KNIC က ယနေ့  (ဇူလိုင် ၂) သတင်းထုတ်ပြန်သည်။

လွိုင်ကော် – ရှားတောလမ်းပိုင်း ပွန်ချောင်းအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီက ကရင်နီလွတ်မြောက်ရေးလူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) တို့ ပူးပေါင်းပြီး KNPP ထိန်းချုပ်လှုပ်ရှားဒေသသို့ စစ်အင်အားတိုးချဲ့လှုပ်ရှားလာ၍ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်သည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်က မော်တော်ယာဉ်များဖြင့် စစ်ကြောင်းလှည့်လည်ချိန် KNPP ဘက်က မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။

“အဲဒီအနီးအနားတစ်တဝိုက်မှာ ရှိတဲ့ ရွာတွေက သူတွေတော့ ထွက်ပြေးတိမ်းရှောင်နေတယ်လို့ သိရတယ်။ နောက်ပြီးတော့ အဲဒီဘက် လွိုင်ကော်- ရှားတောလမ်းမကြီးဘက် ဖြတ်သွားဖြတ်လာမရှိတော့ဘူး” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက လတ်တလောတွင် ကယားပြည်နယ်နေရာအနှံ့၌ စစ်အင်အားတိုးချဲ့ချထားကြောင်းလည်း အဆိုပါဒေသခံက ဆက်ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း KNPP နှင့် စစ်ကောင်စီတို့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ မေလအတွင်းကလည်း ဘောလခဲမြို့နယ်ရှိ KNPP လူငယ်လေ့ကျင့်ရေးကွင်းသို့ စစ်ကောင်စီတပ်များ ထိုးစစ်ဆင်ဝင်ရောက်လာ၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် မေလ ၂၁ ရက်တွင် ဒီးမော့ဆိုမြို့နယ်၌ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်။ နှစ်ပတ်ကျော်ကြာ အပြင်းအထန်တိုက်ပွဲများကြောင့် ဒီးမော့ဆို၊ လွိုင်ကော်နှင့် ရှမ်းပြည်နယ် မိုးဗြဲဒေသများမှ ဒေသခံတစ်သိန်းကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လလယ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် ဘာသာရေးခေါင်းဆောင်များ၏ စီစဉ်မှုကြောင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယာယီအပစ်ရပ်ကြောင်း ကြေညာခဲ့သည်။

သို့ရာတွင် စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့မှုများ ပြုလုပ်ထား၍ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်နိုင်ကြောင်း ဒီးမော့ဆိုမြို့နယ် စစ်ရှောင်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အခု ကယားပြည်နယ်အခြေအနေကတော့ လုံခြုံစိတ်ချရတဲ့အနေအထား မရှိသေးဘူး။ နောက်တစ်ခုက အခုအခြေအနေက အချိန်မရွေး တိုက်ပွဲပြန်ဖြစ်နိုင်တယ်။ ဒါကြောင့် အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေးအခင်းအကျင်းတစ်ခု မရှိသေးဘူး ။ကယားပြည်နယ်အခြေအနေက လုံခြုံစိတ်ချရတဲ့ အနေအထားမရှိသေးတဲ့အတွက် အားလုံး သတိဝီရိယနဲ့ နေပေးဖို့အတွက် ပြောလိုတယ်” ဟု ၎င်းက ပြောသည်။

လတ်တလော ယာယီအပစ်ရပ်ထားသော်လည်း နေရပ်ပြန်လည်နေထိုင်သည့် စစ်ဘေးရှောင်မှာ အနည်းငယ်သာရှိကြောင်း၊ စားနပ်ရိက္ခာပြန်ယူသူနှင့် လယ်ယာပြန်စိုက်သူအချို့သာရှိကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။ 

မေလအတွင်းက ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်များက လက်နက်ကြီးပစ်ခတ်မှုများ၊ လမ်းသွားလမ်းလာများအား စစ်ဆေးမေးမြန်းမှုမရှိဘဲ ပစ်ခတ်သတ်ဖြတ်ခြင်းများကြောင့် အရပ်သားပြည်သူ ၂၀ ထက်မနည်း သေဆုံးခဲ့သည်။

ဇွန်လလယ်တွင် ယာယီအပစ်ရပ်ပြီးနောက် ဒီးမော့ဆိုမြို့နယ်နှင့် မိုးဗြဲဒေသ လမ်းမများ၊ စာသင်ကျောင်းနှင့် နေအိမ်ခြံဝင်းများတွင် အမည်မသိ ပုပ်ပွနေသည့် အလောင်း ၂၀ ထက်မနည်းကို ဒေသခံများ တွေ့ရှိခဲ့သည်။

“လက်လှမ်းမမီသေးတဲ့ အလောင်းတွေ စစ်တပ်တွေ သင်္ဂြိုဟ်လိုက်တဲ့အလောင်းတွေရှိသေးတယ်” ဟု ဒီးမော့ဆိုစစ်ရှောင်ကူညီရေးတာဝန်ရှိသူက ဆိုပြီး စစ်ရှောင်ကူညီသူအချို့လည်း စစ်တပ်က ပစ်သတ်၍ သေဆုံးခဲ့ရကြောင်း ​ပြောသည်။

ထို့ပြင် ကယားပြည်နယ်၌ စစ်တပ်က ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က)၊ ပုဒ်မ ၁၇(၁) တို့ဖြင့် တရားစွဲဆိုခံထား ရသူ ၁၃၉ ဦးထက်မနည်းရှိကြောင်း၊ ယင်းအနက် ဇွန်လ ၃၀ ရက်တွင် ၁၁ ဦးသာ ပြန်လွှတ်ပေးခဲ့သည်ဟုလည်း စစ်ဘေးရှောင်များကို ကူညီသူက ပြောသည်။

Show More

Related Articles

Back to top button