သတင်း

PPST ဥက္ကဋ္ဌအရေး အပစ်ရပ် ၁၀ ဖွဲ့ ဆွေးနွေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST) ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ အနားယူလိုကြောင်း စာပို့ အဆိုပြုလာခြင်းအ​ပေါ် အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်ဆယ်ဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးမည်ဖြစ်ကြောင်း PPST အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

“စာထဲပါတာက သူပြောတာက နှစ်နှစ်ကျော်ပြီပေါ့၊ ယာယီအနေနဲ့ ထိန်းထားတာ။ နောက်ပြီးတော့ သူ့အဖွဲ့မှာလည်း အလုပ်တွေများတယ်၊ ဒါကြောင့် PPST စုပေါင်းအလုပ်မှာ နားခွင့်ပေးဖို့ ခွင့်တောင်းတာပါ။ ဒီနေ့ ကျွန်တော်တို့ ကျန်တဲ့သူတွေ တိုင်ပင်မယ်လေ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ပြောသည်။ 

၂ ရက်ကြာကျင်းပမည့် PPST အစည်းအဝေးအပြီးတွင် အဖြေထွက်မည်ဟု ၎င်းက ဆက်​ပြောသည်။

ယခင်က PPST အဖွဲ့ခေါင်းဆောင်မှာ ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးဖြစ်သည်။ ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးကို ၎င်း၏ အဖွဲ့က PPST ကိုယ်စားလှယ်အဖြစ်မှ အနားပေးပြီး အတွင်းရေးမှူး ပဒိုစောတာဒိုမူးအား အစားထိုးပြီးနောက် PPST ခေါင်းဆောင်တာဝန်ကို ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီတာဝန်ယူခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်ကြီးယွက်စစ်က ယာယီအဖွဲ့ခေါင်းဆောင်အဖြစ်မှ အနားယူခြင်းသာဖြစ်ပြီး PPST အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမည်ဖြစ်၍ မည်သည့်ပြဿနာမျှမရှိဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။

ယ​နေ့ပြုလုပ်​နေ​သော PPST အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုအသစ် စုဖွဲ့မှုကိစ္စ၊ ချင်းလက်နက်ကိုင်အဖွဲ့(CNF)က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နှင့် ပူးပေါင်းဆောင်ရွက်သည့် ရပ်တည်ချက်ကိစ္စတို့ကိုလည်း ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်​ကြောင်းလည်း သိရသည်။

“ကြေညာထားတယ်လေ CNF က NUG နဲ့ Bilateral ထိုးတယ်လို့ ကြေညာထားတော့ NCA မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ Bilateral ထိုးထားတယ်ဆိုတော့ နှစ်ဖက်ဖြစ်နေတာပေါ့။ Bilateral ထိုးထားတာ နှစ်ဖက်ဖြစ်နေတော့ ဘယ်ဟာယူမလဲဆိုတာပေါ့” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောသည်။ CNF အနေဖြင့် NCA အတိုင်း ဆက်သွားမည်လား သို့တည်းမဟုတ် NUG နှင့် ပေါင်းမည်လားဆိုသည်ကို ဆုံးဖြတ်နိုင်ရန် ဖြစ်သည်ဟု ၎င်းက ဆိုသည်။

တစ်ဖက်တွင်လည်း NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ဖွဲ့အနေဖြင့် NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များပါ ပါဝင်သော စစ်ရေး၊ နိုင်ငံရေး တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် ကြိုးပမ်းလျက်ရှိသည်။

တိုင်းရင်းသားအဖွဲ့များ ဆွေးနွေးသည့်အခါ ရွေးချယ်လေ့ရှိသည် ထိုင်းနိုင်ငံသည် ကိုဗစ်နိုင်တင်းကြောင့် ဝင်ထွက်သွားလာမှု၊ လူစုလူဝေးလုပ်မှုကို အကြီးအကျယ် ကန့်သတ်ထားသဖြင့် သွားရောက်စုဝေး ဆွေးနွေးနိုင်ခြင်း မရှိသေးပေ။

“အလားအလာကြည့်ရတာက ထိုင်းနိုင်ငံမှာ ကိုဗစ်ပြဿနာမရှိရင်တော့ စုဖွဲ့မှုက စဖို့တောင် ပြင်နေပါပြီ။ သို့သော် ကိုဗစ်ပေါ်လာတော့ မလုပ်ဖြစ်သေးဘူး။ သို့သော်လည်းပဲ လုပ်မှာ ကိုဗစ်နည်းနည်းလေး ပျော့သွားတာနဲ့ ထိုင်းနိုင်ငံမှာ ခွင့်တောင်းတာတို့ အခြေအနေအားလုံးက အဆင်ပြေပါတယ်။ နိုင်ငံရေးအရ နှောင့်နှေးတာမဟုတ်ပါဘူး ရောဂါကြောင့် နှောင့်နှေးတာပါ” ဟု ဗိုလ်မှူးကြီးခွန်ဥက္ကာက ဆိုသည်။

PPST အစည်းအဝေးတွင် လတ်တလောပြည်တွင်းနိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးသွားမည်ဟု သူက ဆက်ပြောသည်။

PPST ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး NCA အကောင်အထည်ဖော်ရာတွင် မူဝါဒပိုင်းဆိုင်ရာ ဦးဆောင်မှုပေးနိုင်ရန်ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် NCA အကောင်အထည်ဖော်မှုဆိုင်ရာလုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့သည်။

စစ်တ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးမည်မဟုတ်ကြောင်း PPST က သဘောထားထုတ်ပြန်ထားသည်။

PPST တွင် တာဝန်ကြီးကြီး ယူထားခြင်းမရှိပါက ဗိုလ်ချုပ်ကြီးယွက်စစ်သည် သူ၏ အဖွဲ့အစည်း RCSS အတွက် ပိုမို အာရုံစိုက်၊ အချိန်ပေးနိုင်မည် ဖြစ်သည်။

ရှမ်းပြည်နယ်တွင် SSA အမည်ဖြင့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင် နှစ်ဖွဲ့ရှိရာ ၎င်းတို့၏ နိုင်ငံရေးဦးဆောင်အဖွဲ့အမည်နှင့် တွဲပြီး ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဟု ခေါ်ဆိုကြသည်။

ပြီးခဲ့သောနှစ်များအတွင်း ထိုနှစ်ဖွဲ့ကြား တိုက်ခိုက်မှု မကြာခဏဖြစ်ပေါ်ခဲ့ရာ လူမှုရေး၊ နိုင်ငံရေး၊ ဘာသာရေးခေါင်းဆောင်များက ဝင်ရောက်စေ့စပ်ပေးသော်လည်း ပြေလည်မှု မရခဲ့ပေ။

နှစ်ဖက်ကြား တိုက်ပွဲများဆက်ရှိနေသည်ကို တွေ့နေရသည်။

ရှမ်းပြည်နယ်သည် လက်နက်ကိုင်အဖွဲ့မျိုးစုံ လှုပ်ရှားရာဒေသဖြစ်ပြီး တိုက်ခိုက်မှုများကြောင့် အရပ်သားများသည် နေရပ်ကို စွန့်ခွာထွက်ပြေးရလေ့ရှိသည်။

Show More

Related Articles

Back to top button