အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အသက်ဝဝရှူနိုင်ပြီး လက်တုတပ်ပြီးရင် ချက်ချင်းတိုက်ပွဲဝင်လိုသူ ရဲဘော်သက်တံ့

အသက်ရှူခက်ခဲနေတဲ့ အခြေအနေထဲမှာ ဆေးကုသမှုခံယူရမယ့်နေ့ကို စောင့်ဆိုင်းနေသူကအသက် ၂၃ နှစ်သာရှိသေးတဲ့ တော်လှန်ရေးရဲဘော်   သက်တံ့ ဖြစ်ပါတယ်။

စခန်းသိမ်းတိုက်ပွဲတစ်ခုအတွင်း ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် သူဟာ ဘယ်ဘက်လက်တစ်ဖက်၊ဘယ်ဘက်မေးရိုးနဲ့ နှာခေါင်းရိုးကို ဆုံးရှုံးခဲ့ရပြီး လက်ရှိမှာ ပါးစပ်ကိုသာ အားပြုပြီး အသက်ရှူနေရပါတယ်။

စစ်အာဏာမသိမ်းခင်က သစ်ခုတ်၊ ဝါးခုတ်နဲ့ တံငါလုပ်ငန်းတွေ လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ 

လက်ရှိမှာတော့ မကွေးတိုင်းထဲမှာ လှုပ်ရှားပြီး စစ်တပ်ကို တော်လှန်တိုက်ခိုက်နေတဲ့ ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF တပ်ဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ 

၂၀၂၅ ခုနှစ် ဇူလိုင်လက ဆိတ်ဖြူမြို့နယ် လက်ဆည်ရဲစခန်းသိမ်းတိုက်ပွဲမှာရဲဘော်သက်တံ့အတွက် အမှတ်ရဆုံးဖြစ်ခဲ့ပါတယ်။

မနက် ၄ နာရီဝန်းကျင် ရှေ့တန်းကနေ တိုက်ခိုက်နေချိန်မှာ မဟာမိတ်ရဲဘော်နဂါး ကျည်ထိပြီး လဲကျသွားခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ ရဲဘော်သက်တံ့နဲ့ ရဲဘော်ထွန်းခတို့ဟာ သူ့ကို ကယ်တင်ဖို့ အပြေးအလွှား တက်ဆွဲခဲ့ကြပါတယ်။

ဒါပေမယ့် ရန်သူ့ဘန်ကာထဲက အနီးကပ်ပစ်ခတ်မှုကြောင့် ရဲဘော်သက်တံ့ရဲ့ ဘယ်ဘက်လက်နဲ့ မျက်နှာကို ထိမှန်ခဲ့ပြီး ရဲဘော်ထွန်းခကတော့ ဆေးရုံးသွားတဲ့လမ်းမှာတင် ကျဆုံးခဲ့ရပါတယ်။

ရဲဘော်သက်တံ့ဟာ သတိမလွတ်ဘဲ ကိုယ့်ဘက်တပ်ဖွဲ့တွေ ရောက်လာနိုင်တဲ့နေရာအထိတွားပြီး ဆုတ်ခွာနိုင်ခဲ့ပါတယ်။

ဒီတိုက်ပွဲကြောင့် သူဟာ ဘယ်ဘက်လက်တစ်ဖက်ကို ဆုံးရှုံးခဲ့သလို မျက်နှာဘယ်ဘက်ခြမ်းမှာလည်း အပေါ်မေးရိုးနဲ့ နှာခေါင်းရိုး ဆုံးရှုံးခဲ့ရပါတယ်။

လက်ရှိမှာ အစားအသောက်တွေကို မဝါးနိုင်ဘဲ မြိုချနေရပြီး ပါးစပ်ကိုသာ အားပြုပြီး အသက်ရှူနေရတဲ့ ခက်ခဲတဲ့ဘဝကို နေ့စဉ် ရင်ဆိုင်နေရပါတယ်။

တောင်ကုန်း၊ တောင်တန်းဒေသမှာ နေထိုင်နေရတာကြောင့် မိုးရာသီရောက်လာမယ်ဆိုရင်သွားလာရေးပိုမိုခက်ခဲလာမယ့်အပေါ်လည်း သူ စိုးရိမ်နေပါတယ်။

သူ့ရဲ့ အလိုချင်ဆုံး ဆန္ဒကတော့ ဆေးကုသမှုခံယူပြီး ပုံမှန်အသက်ရှူနိုင်လာတဲ့နေ့ကို မြန်မြန်ရောက်ဖို့ပါ။

တစ်နေ့မှာ လက်တုတပ်ပြီး ပြန်လည်တိုက်ပွဲဝင်ချင်သေးတယ်လို့ သူ ပြောပါတယ်။

သေနတ်မပစ်နိုင်တော့ရင်တောင် လက်တစ်ဖက်တည်းနဲ့ လက်နက်ကြီးပစ်ရင်းတော်လှန်ရေးကို ဆက်လက်ပါဝင်ချင်သေးတယ်လို့ ဆိုပါတယ်။

ရဲဘော်သက်တံ့အတွက် ခန့်မှန်း ဆေးကုသမှုကုန်ကျစရိတ်ဟာ ကျပ် သိန်း ၅၀၀ ဝန်းကျင် လိုအပ်နေပါတယ်။

ဝင်ငွေမရှိဘဲ ပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့သာ ရပ်တည်နေတဲ့ PRF အတွက်ဒီကုသမှုစရိတ်ဟာ အကူအညီလိုအပ်နေတဲ့ အရေးပေါ်အခြေအနေတစ်ခု ဖြစ်နေပါတယ်။

သတင်းနှင့်ရိုက်ကူး – မိုးဦး၊ တင်ဆက် – ဟန်လင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button