
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့၌ စစ်ကောင်စီတပ်နှင့် ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယာယီအပစ်ရပ်ထားသော်လည်း ပြည်နယ်မြောက်ပိုင်းရှိ ဟားခါးနှင့် ဖလမ်းမြို့ နယ်တွင် တိုက်ပွဲများဆက်ဖြစ်နေပြီး ဇွန် ၂၉ ရက်တွင် စစ်ကောင်စီဘက်မှ ၄၀ ခန့် ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။
ဟားခါးမြို့နယ် ဘွန်ဇွမ်းရဲစခန်းကို CDF (ဟားခါး) တပ်ဖွဲ့ဝင်များက ယမန်နေ့ (ဇွန် ၂၉) နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ပွားချိန် ၅ နာရီခန့်ကြာမြင့်ခဲ့ပြီး ရဲနှင့် စစ်သား ၂၀ ခန့် သေဆုံးခဲ့ကာ CDF ဘက်မှ ဒဏ်ရာရသူတစ်ဦးသာရှိခဲ့ကြောင်း CDF က သတင်းထုတ်ပြန်ထားသည်။
ဒေသတွင်း၌ သစ်များ တရားမဝင်ခိုးထုတ်ခြင်း၊ စစ်အာဏာရှင်စနစ်ကို အားပေးပြီး ပြည်သူကို ခြိမ်းခြောက်ခြင်းများအပေါ် တုံ့ပြန်သောအားဖြင့် အဆိုပါရဲစခန်းကို သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း CDF ပြေားရေးဆိုခွင့်ရှိသူတစ်ဦးက Myanmar Now ကို ပြောသည်။
“လက်ရှိအထိတော့ ပြန်ငြိမ်နေပါသေးတယ်။ မနေ့ညနေပိုင်းမှာတော့ သူတို့ သေသွားတဲ့သူတွေရဲ့ အလောင်းလာကောက်တာနဲ့ ဒဏ်ရာရတဲ့သူတွေကို ပြန်လည်ပြီးတော့ သယ်ယူတာတို့လုပ်တာ ညနေပိုင်းမှာ ဟက်စကီးတစ်စီးနဲ့ လာယူသွားတယ်။ ပြီးတော့ ကားနှစ်စီး၊ အယောက် ၄၀ ကျော် ပို့လာတာရှိတယ်” ဟု ၎င်းက ဆိုသည်။
ဖလမ်းမြို့နယ်တွင်လည်း ဇွန်လ ၂၉ ရက်က စစ်ကောင်စီတပ်နှင့် နှစ်နာရီခန့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီက ထိုးစစ်ဆင်ရန် အင်အားအများအပြားဖြင့် ကျူးကျော်ဝင်ရောက်လာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားသည်ဟု CDF (ဖလမ်း) က သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း၊ CDF (ဖလမ်း) ဘက်မှလည်း ၄ ဦးကျဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု CDF (ဖလမ်း) ၏ ထုတ်ပြန်ချက်က ဆိုသည်။
တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့ရာ မင်းတပ်မြို့နယ်တွင် ဇွန်လ ၂၃ ရက်မှစ၍ စစ်ကောင်စီနှင့် CDF (မင်းတပ်)အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရယူထားသည်။ မင်းတပ်မြို့နယ်၌ မေလအတွင်းက တိုက်ပွဲများကြောင့် စစ်ဘေးရှောင်သောင်းချီရှိနေသည်။
ချင်းပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့ကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ မေလမှစ၍ မင်းတပ်၊ ဟားခါး၊ ကန်ပက်လက်၊ ထန်တလန်၊ ဖလမ်း၊ တီးတိန်မြို့နယ်များ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“အခုလက်ရှိ အခြေအနေက ဟားခါးမှာဆိုရင် စစ်ကောင်စီဘက်က သေဆုံးသွားတဲ့ဟာဆိုရင် မေလ ၂ ရက်က စမယ်ဆိုရင် အယောက် ၅၆ ယောက်ဖြစ်သွားပြီ။ ချင်းပြည်နယ်အကုန်လုံးပေါင်းလိုက်မယ်ဆိုရင် ၂၁၅ ယောက်သေပြီ။ တိုက်ပွဲကတော့ များတယ်။ တိုက်ပွဲရက်က နည်းနည်းများတော့ အကုန်လုံး မစုစည်းနိုင်သေးဘူး။ CDF ဘက်ကကျတော့ မနေ့က ဖလမ်းဘက်ကကျတာရော ပေါင်းလိုက်ရင် ၃၅ ယောက်ကျမယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရှေ့ဆက်၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်ခြေရှိရာ ပြည်သူလူထုများအနေဖြင့် လုံခြုံရေးသတိပြုရန်နှင့် လူမှုကွန်ရက်တွင် အလျင်စလို သတင်းများဖြန့်ဝေခြင်းမပြုရန် လိုအပ်ကြောင်းလည်း ၎င်းက တိုက်တွန်းထားသည်။
ချင်းပြည်နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ သေဆုံး၊ ထိခိုက်ရရှိမှုအခြေအနေများနှင့် ပတ်သက်၍ Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။