(ဆောင်းပါးရှင် သစ်လွင်သည် နိုင်ငံရေးသိပ္ပံ၊ လူမှုရေးသိပ္ပံ နှင့် ဥပဒေ ဘာသာရပ်တို့ကို အထူးပြု လေ့လာနေသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်သည်။)
အာဏာသိမ်းမှု ငါးနှစ်ကျော်လာပြီဖြစ်ရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ တရားဥပဒေစိုးမိုးမှု အခြေအနေများ ပိုမိုယိုယွင်းပျက်စီးလာသည်မှာလည်း ငါးနှစ်ကျော်လာပြီ ဖြစ်သည်။
ဤအတောအတွင်း ပျက်စီးခြင်းများစွာထဲတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသော လုပ်ငန်းများလည်းရှိနေသည်။ ထိုအရာသည် ကျားဖြန့်နှင့် လောင်းကစားလုပ်ငန်းများဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေး မည်မျှပျက်စီးနေသည်ကို ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ထွန်းနောင်နောင်၏ ဖြစ်ရပ်က အထင်အရှား သက်သေပြနေသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လူယုံတစ်ဦးဖြစ်သူ ၎င်းသည် ကျားဖြန့်လုပ်ငန်းများနှင့် ဆက်စပ်မှုဖြင့် အရေးယူခံရသည်ဟု သတင်းထွက်နေသည်။ နိုင်ငံအတွင်းရှိ ဒုစရိုက်လုပ်ငန်းများကို အမြစ်ပြတ်နှိမ်နင်းရမည့် ပြည်ထဲရေးဝန်ကြီး ကိုယ်တိုင်ကပင် ကိုယ်ကျိုးစီးပွား ရှေ့တန်းတင်ကာ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်၊ ချိုးဖောက်နေခြင်းပင် ဖြစ်သည်။
ကျားဖြန့်လုပ်ငန်းနှင့် ငွေကြေးခဝါချမှု
အာဏာသိမ်းမှုနောက်ပိုင်း လူမှုစီးပွားရေးလုပ်ငန်းများ ကျဆင်းလာပြီး ကျပ်ငွေကြေးဖောင်းပွမှုသည်လည်း အဆမတန်ဖြစ်လာသည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသ်ိမ်းခါစ ငွေလဲနှုန်းသည် တစ်ဒေါ်လာ ကျပ် ၁,၄၀၀ ကျော်မှ ယခုအခါ ၄,၀၀၀ နီးပါး ရှိလာပြီဖြစ်သည်။
ထိုသို့သောအခြေအနေများတွင် မြန်မာပြည်သူ အများစု၏ ဝင်ငွေသည် တိုးတက်လာခြင်းမရှိဘဲ အလုပ်အကိုင် ရှားပါးမှု၊ ကုန်ဈေးနှုန်းအဆမတန်မြင့်တက်မှုများပေါ် မူတည်၍ အသုံးစရိတ် ပို၍သုံးစွဲလာရပြီး ပြည်သူအများစုသည် အထွေထွေအကျပ်အတည်းဖြင့် ရင်ဆိုင်နေရသည်။
သို့သော် အခြားတစ်ဖက်တွင် ကျားဖြန့် (ခေါ်) အွန်လိုင်းငွေလိမ်ဂိုဏ်းများ၏ ဩဇာက တရားဥပဒေစိုးမိုးမှု အားနည်းမှုကို အခွင့်ကောင်းယူပြီး ကြောက်ခမန်းလိလိ ကြီးထွားလာလျက်ရှိနေသည်။ ထိုလုပ်ငန်းများသည် သာမန်လူမိုက်ဂိုဏ်းများဖြင့် စုဖွဲ့ထားခြင်းမျိုးမဟုတ်ဘဲ နည်းပညာကျွမ်းကျင်သူများ၊ ငွေကြေးစီမံခန့်ခွဲမှု ကျွမ်းကျင်သူများကို အသုံးချလည်ပတ်နေခြင်းဖြစ်သည်။
အာဏာသိမ်းကာလနောက်ပိုင်း ပိုမိုဆင်းရဲလာခြင်း၊ စစ်သားစုဆောင်းခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းတို့ကြောင့် လူငယ်လူရွယ် အများအပြား ပြည်ပထွက်ကာ ပင်ပန်းကျပ်တည်းစွာ လုပ်ကိုင်စားသောက်ရသည်။
သို့သော် အဆိုပါငွေလိမ်လုပ်ငန်းလုပ်ကိုင်နေသူများကမူ ငွေကို ရေလိုသုံးစွဲနိုင်သည့် အခြေအနေမျိုးတွင် ရှိနေသည်။ လိမ်လည်မှုဖြင့် အမြောက်အမြားရရှိလာသော ငွေမည်းကို တရားဝင်ဖြစ်စေရန်အတွက် အာဏာသိမ်း စစ်တပ်အောက် ပိုမိုပျက်စီးနေသော တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်ကာ ငွေဖြူပြောင်းလဲနေကြသည်။ ဥပဒေဘောင်အတွင်း ငွေကြေးခဝါချခြင်း ဖြစ်သည်။
ကျားဖြန့် လုပ်ငန်းမှ ရရှိလာသော ငွေမည်းများကို အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းတွင် အများဆုံး ရင်းနှီးမြှုပ်နှံကြသည်။ အိမ်၊ မြေ စသည့် မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို ပေါက်ဈေးထက် အဆမတန်ပိုပေး၍ ဝယ်ယူမှု၊ ငွေကြေးဖောင်းပွမှုတို့ကြောင့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော် စသည့်မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်း တရိပ်ရိပ် မြင့်တက်လာလျက်ရှိသည်။
ရှေ့နေ့အချို့ကလည်း “ဥပဒေဖြင့် အသက်မွေးဝမ်းကြောင်းပြုလုပ်ခြင်းသည် မွန်မြတ်သော အသက်မွေးဝမ်းကြောင်း ဖြစ်သည်” ဟူသောဆောင်ပုဒ်ကို မျက်ကွယ်ပြုကာ ကျားဖြန့် လုပ်ငန်းနှင့် ဆက်စပ်သည်ဟု ယုံကြည်ရသော ငွေကြေးဖြစ်လင့်ကစား အိမ်ခြံမြေ၊ ကားအရောင်းအဝယ်၊ စားသောက်ဆိုင် KTV စသည့်လုပ်ငန်းများအတွက် ဆောင်ရွက်ပေးနေကြောင်း ဥပဒေလောက အသိုင်းအဝိုင်းတွင် တွင်တွင်ကျယ်ကျယ် ကြားသိလာရသည်။
ရှေ့နေတစ်ဦးသည် အိမ်ခြံမြေဝယ်ယူခြင်း၊ ကုမ္ပဏီတည်ထောင်ခြင်း သို့မဟုတ် ငွေကြေးစီမံခန့်ခွဲခြင်းများအတွက် အမှုသည်ကို ကိုယ်စားပြုသည့်အခါ ထိုသူ၏ ငွေအရင်းအမြစ်ကို စိစစ်ရမည်ဖြစ်သည်။
ငွေမည်းကိုင်ဆောင်ထားသူတို့က တရားဥပဒေစိုးမိုးမှုမဲ့နေသော အခြေအနေကို အခွင့်ကောင်းယူကာ အိမ်ခြံမြေလုပ်ငန်းများတွင် ဝင်ရောက်ဝယ်ယူရာတွင် ရှေ့နေအချို့ကလည်း တရားဝင်ဖြစ်စေရန် စာချုပ်စာတမ်း ချုပ်ဆိုပေးနေသည်။ စောင့်ထိန်းအပ်သော ရှေ့နေ့ကျင့်ဝတ်များကို ချိုးဖောက်၍ ငွေကြေးခဝါချမှုတွင် ပါဝင် အကျိုးဆောင်ပေးခြင်းဖြစ်သည်။
၂၀၁၄ ခုနှစ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွင် မိမိအမှုသည်၏ ငွေကြေး သို့မဟုတ် ပစ္စည်းလွှဲပြောင်းမှု၊ လက်ခံမှု၊ အပ်နှံမှုများနှင့်စပ်လျဉ်းသော လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးသည့် ရှေ့နေ၊ နိုထရီပတ်ဗလစ် နှင့် စာရင်းကိုင်များ သို့မဟုတ် ဥပဒေနှင့် အသက်မွေးဝမ်းကျောင်းပြုလုပ်သူများပါဝင်သည်ဟု ပုဒ်မ ၃(ဗ) တွင် ပြဋ္ဌာန်းထားသည်။
ရည်ရွယ်ချက်သည် စီးပွားရေးလုပ်ငန်းများအတွင်းသို့ တရားမဝင်ငွေများ စီးဝင်လာခြင်းကို တားဆီးနိုင်ရန် ဖြစ်သည်။
ထို့အပြင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်သော ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွန်ကြားချက်အမှတ် (၃/၂၀၂၃) အပိုဒ် ၆ တွင် အိမ်ခြံမြေရောင်းဝယ်ခြင်း၊ ဆက်သွယ်ဆောင်ရွက်သူတို့၏ ငွေကြေး၊ ငွေချေး၊ သက်သေခံစာချုပ်စာတမ်းများ သို့မဟုတ် အခြားပိုင်ဆိုင်မှုများကိုစီမံခန့်ခွဲခြင်း၊ ဘဏ်စုငွေ သို့မဟုတ် ငွေချေးသက်သေခံ စာချုပ်စာတမ်းစာရင်းများကို စီမံခန့်ခွဲခြင်း၊ ကုမ္ပဏီထူထောင်ခြင်း၊ လည်ပတ်ခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်းတို့အတွက် ထည့်ငွေများ စီစဉ်ဆောင်ရွက်ခြင်း စသည်တို့လုပ်ဆောင်သည့်အခါ ရှေ့နေရှေ့ရပ်များသည် မိမိတို့ ဆက်သွယ်ဆောင်ရွက်ရမည့်သူအပေါ် အလေးထား စိစစ်ပေးရမည်ဟု ပါရှိသည်။
ထို့အပြင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွန်ကြားချက်အမှတ် (၃/၂၀၂၃) အပိုဒ် ၇ (ဃ)တွင် မိမိတို့အမှုသည်နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်အရင်းခံ ထင်ရှားခြင်းမရှိစေဘဲဖြစ်စေ၊ ဥပဒေနှင့်ညီကြောင်း ထင်ရှားခြင်းမရှိစေဘဲဖြစ်စေ၊ ပုံမှန်မဟုတ်သော ပမာဏများပြားသည့် လွှဲပြောင်းဆောင်ရွက်မှုများအားလုံး၊ ပုံမှန်မဟုတ်သော ပုံစံဖြင့် လွှဲပြောင်းဆောင်ရွက်မှုများအားလုံးစသည်တို့နှင့် ပတ်သက်၍လည်း ရှေ့နေရှေ့ရပ်များသည် အထူးအလေးထား ဂရုပြု ဆောင်ရွက်ရမည်ဟု ညွန်ကြားချက် ထုတ်ထားသည်။
သို့သော် “ကျားဖြန့်ရှေ့နေ” တို့က ငွေမျက်နှာတစ်ခုတည်းကို ကြည့်ကာ အဆိုပါ စိစစ်မှုများကို တမင်မသိကျေးကျွန်ပြုကျော်လွှားကြသည်ဟု လက်ရှိ ရန်ကုန်ရှိ ရှေ့နေအသိုင်းအဝိုင်းထံက ကြားသိရသည်။ ထိုသို့ဖြစ်ရခြင်း အရင်းစစ်ကြည့်သည်အခါ အရောင်းအဝယ်ပြုလုပ်သည့် အိမ်ခြံမြေငွေကြေးတန်ဖိုးများလေလေ အကျိုးဆောင် ရှေ့နေ့ခ ပိုရလေဆိုသော မတော်လောဘကြောင့်ပင်ဖြစ်သည်။
ထို့ကြောင့် ကျားဖြန့်လုပ်ငန်းမှလာသောငွေဖြစ်ကြောင်း ယုံကြည်ယူဆလျက်နှင့် ခဝါချပေးခြင်းသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ညွန်ကြားချက်အမှတ် (၃/၂၀၂၃) ကို မလိုက်နာ ချိုးဖောက်ရုံသာမက၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ (က) အရ ပြစ်မှုကျူးလွန်ရာတွင် အားပေးကူညီခြင်း သို့မဟုတ် ပူးပေါင်းပါဝင်ခြင်း မြောက်နေပြီဖြစ်သည်။
ဥပဒေကိုချိုးဖောက်ကာ အာဏာသိမ်းထားသော စစ်တပ်အုပ်ချုပ်မှုလက်အောက် တရားဥပဒေစိုးမိုးမှု မရှိသောကာလတွင် ဥပဒေကိုအသက်မွေးဝမ်းကြောင်းတစ်ခုအဖြစ် သင်ကြားထားရသော ရှေ့နေများသည် ပြည်သူများ၏ လူမှုစီးပွားဘဝများကို ဥပဒေ၊ တရားမျှတမှုဖြင့် ကာကွယ်ရမည့်သူများဖြစ်သင့်သည်။
သို့သော်လည်း နယ်စပ်တွင်ဖြိုခွင်းခံရပြီး မြန်မာပြည်အတွင်းပိုင်းသို့ ဝင်ရောက်လာကာ ပြည်တွင်းအိမ်ခြံမြေလောကတွင် ငွေမည်း အမြောက်အမြား ခဝါချနေကြသော ကျားဖြန့် ခေါ် ငွေလိမ်ဂိုဏ်များကို ရှေ့နေအချို့က ဥပဒေပါ ပြဋ္ဌာန်းချက်များ မျက်ကွယ်ပြုလျက် အကျိုးဆောင်ပေးနေခြင်း၊ အဆိုပါ ကျားဖြန့်ရာဇဝတ်သားတို့၏ “ဥပဒေလက်နက်” ဖြစ်နေခြင်းသည် အာဏာသိမ်းမှုအောက် အလုံးစုံပြိုကျနေသော တိုင်းပြည်အတွက် ပို၍ စိုးရိမ်စရာအခြေအနေ ဖြစ်လာသည်။
စာချုပ်စာတမ်းဥပဒေကို အသုံးပြု၍ ငွေမည်းခဝါချပုံ
ရှေ့နေအချို့သည် ကျားဖြန့်လုပ်ငန်းများ၊ ငွေမည်းပိုင်ရှင်များအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးသူများ ဖြစ်လာကြသည်။ မြန်မာနိုင်ငံ၏ စာချုပ်စာတမ်းဥပဒေနှင့် အိမ်ခြံမြေ လုပ်ထုံးလုပ်နည်းများရှိ အားနည်းချက်များကို အသုံးချကာ ငွေမည်းကို အောက်ပါနည်းလမ်းများဖြင့် အဖြူရောင်အသွင် ပြောင်းလဲပေးနေကြသည်။
ကျားဖြန့်ဂိုဏ်းချုပ်များ၊ ရာဇဝတ်သားများသည် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို အမည်ရင်းဖြင့် မှတ်ပုံတင်လေ့မရှိပေ။ ရှေ့နေအချို့က ၎င်းတို့၏ နောက်လိုက်များ၊ ငွေကြေးအနည်းငယ်ပေးကာ ငှားရမ်းထားသော သာမန်ပြည်သူများ ကို “အမည်ခံပိုင်ရှင်” အဖြစ် အသုံးချ၍ အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုပေးခြင်း ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ပေးသော ကျားဖြန့်ရှေ့နေများသည် ဥပဒေအသိပညာ အားနည်းသော သာမန်ပြည်သူတို့ကို စာချုပ်တွင် ဝယ်ယူသူအဖြစ် အမည်ခံစေသော်လည်း၊ အဆိုပါအမည်ခံသူက “အရှုပ်အရှင်းကင်းကင်းဖြင့် ပြန်လည်လွှဲပြောင်းပေးမည်” ဟူသော ကတိစာချုပ်ကို ကြိုတင်ချုပ်ဆို ရယူပေးထားခြင်းဖြင့် ငွေမည်းပိုင်ရှင်ကို ပိုင်ဆိုင်မှု လုံခြုံစေရန် လုပ်ဆောင်ပေးကြသည်။
အိမ်ခြံမြေ အရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်သက်သာစေရန်နှင့် ငွေရင်းမြစ် စစ်ဆေးမှုကို ရှောင်ရှားရန် အတွက်လည်း စာချုပ်ပါတန်ဖိုးကို ပကတိစျေးကွက်ပေါက်စျေးထက် အဆမတန် လျှော့ပြလေ့ရှိသည်။ ထိုကြောင့် ကျားဖြန့်ရှေ့နေများသည် စာချုပ်နှစ်မျိုး ချုပ်ဆိုပေးတတ်သည်။ တရားဝင်စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပြသရန်အတွက် တန်ဖိုးနည်းစာချုပ်တစ်ခုနှင့်၊ လက်တွေ့ငွေလွှဲပြောင်းမှုအတွက် တန်ဖိုးအစစ်အမှန်ပါသော အပြင်စာချုပ်တစ်ခုကို ဖန်တီးပေးသည်။ ဤသို့ဖြင့် ကျားဖြန့်မှရသော ငွေအမြောက်အမြားကို အစဖျောက်ကာ စီးပွားရေးစျေးကွက်ထဲသို့ စီးဝင်စေသည်။
ထို့အပြင် လက်ရှိ အာဏာသိမ်းကာလတွင် နိုင်ငံတဝန်း ဘား၊ ကေတီဗီ၊ နိုက်ကလပ် စသည်တို့ အလျင်အမြန် ပေါများလာလျက်ရှိသည်။ ထိုသို့သော ကေတီဗီ သို့မဟုတ် စားသောက်ဆိုင်လုပ်ငန်းများကို ရေရှည်ငှားရမ်းသည့် စာချုပ်များချုပ်ဆိုရာတွင် ရှေ့နေများသည် ငှားရမ်းခကို အဆမတန် မြှင့်တင်ပြကြသည် သို့မဟုတ် ကြိုတင်ပေးချေမှုပုံစံများဖြင့် ငွေအမြောက်အမြားကို “တရားဝင် ဝင်ငွေ” အဖြစ် စာရင်းပြပေးကြသည်။ ၎င်းသည် ကျားဖြန့်ဂိုဏ်းများအတွက် ၎င်းတို့၏ ငွေမည်းများကို နေ့စဉ်လုပ်ငန်းခွင်မှ ရရှိသော အမြတ်အစွန်းအဖြစ် ပြောင်းလဲရန် အကောင်းဆုံး လမ်းကြောင်းတစ်ခု ဖြစ်သည်။
ဤသို့ ကျားဖြန့်လုပ်ငန်းမှရသော ငွေမည်းများကို အိမ်ခြံမြေ၊ ရွှေ၊ ကားနှင့် စားသောက်ဆိုင်များအဖြစ် ငွေကြေးခဝါချကာ အသွင်ပြောင်းပေးခြင်းသည် ဥပဒေအရ ပြင်းထန်စွာ အရေးယူခံရနိုင်သော ပြစ်မှုဖြစ်သည်။ သို့သော် တရားဥပဒေစိုးမိုးရေး အားနည်းချက်ကို အခွင့်ကောင်းယူကာ ကျားဖြန့်ရှေ့နေများသည် ဥပဒေဟာကွက်များကို လက်တစ်လုံးခြား ပြုလုပ်နေကြောင်း သိရသည်။
ရေရှည်အကျိုးဆက်အားဖြင့် ငွေမည်းကို ငွေဖြူအဖြစ် ခဝါချကာ ဥပဒေဘောင်အတွင်းဝင်စေရန် လက်တစ်လုံးခြားပြုလုပ်နေသော လုပ်ငန်းများတွင် ရှေ့နေ့များပါဝင်ပတ်သက်ခြင်းကြောင့် အိမ်ခြံမြေဈေးကွက် ဈေးကစားခြင်းခံရပြီး ပိုမိုဈေးတက်သည်ထက် တက်လာသည်။ သာမန်လူတန်းစားများအတွက်မူ အိမ်ပိုင်ခွင့်၊ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်မှာ အိပ်မက်အဖြစ်သို့သာ ရောက်ရှိလာတော့သည်။
အနှစ်ချုပ်ရသော် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာသည့် ကျားဖြန့်နှင့် ငွေကြေးခဝါချမှု ပြဿနာသည် ရိုးရှင်းသော ရာဇဝတ်မှုတစ်ခု မဟုတ်တော့ဘဲ အာဏာသိမ်းစစ်တပ်အောက် အလုံးစုံပျက်စီးနေသော တရားဥပဒေစိုးမိုးရေး ယန္တရားတစ်ခုလုံးကို ထပ်မံဝါးမျိုဖျက်ဆီးနေသည့် ဘေးအန္တရာယ်တစ်ခု ဖြစ်လာသည်။ ဤကဲ့သို့ ဥပဒေပညာရှင်အချို့ကပါ ဒုစရိုက်ဂိုဏ်းများနှင့် ပူးပေါင်းခြင်းသည် တိုင်းပြည်အတွက် ရေရှည်ကင်ဆာရောဂါဖြစ်စေမည် ဖြစ်သည်။ အထူးသဖြင့် ရှေ့နေအချို့သည် မိမိတို့ စောင့်ထိန်းရမည့် အသက်မွေးဝမ်းကျောင်း ကျင့်ဝတ်သိက္ခာများကို မျက်ကွယ်ပြုကာ ငွေကြေးခဝါချပေးသူ၊ ကျားဖြန့်လုပ်ငန်းများအတွက် “ဥပဒေကြောင်းအရ အကာအကွယ်ပေးသူများ” အဖြစ် ရပ်တည်လာကြခြင်းသည် တိုင်းပြည်နှင့်လူငယ်မျိူးဆက်များအတွက်ပါ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုဖြစ်စေမည် ဖြစ်သည်။
ထိုကြောင့် ရေရှည်တွင် ငွေမည်းများ စျေးကွက်ကို ကြီးစိုးလာပါက ကုန်စျေးနှုန်းများ ပိုမိုတက်လာကာ သာမန်ပြည်သူတို့ ဆင်းရဲတွင်း နက်သည်ထက်နက်လာမည်ဖြစ်သည်။ ထို့အပြင် တရားဥပဒေစိုးမိုးရေးတွင် အဓိကအကျဆုံးဖြစ်သော ပြည်ထဲရေးဝန်ကြီးဌာနကိုယ်တိုင် ကျားဖြန့်ရာဇဝတ်မှု၏ ထောက်တိုင်ဖြစ်နေ ခြင်းကလည်း မြန်မာ့တရားစီရင်ရေး ယန္တရားတစ်ခုလုံး အပုပ်နံ့ထွက်နေပြီဖြစ်ကြောင်း သက်သေပြလျက် ရှိနေသည်။



