အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တရုတ်တောင်းဆိုမှုကြောင့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် အရေးယူခံရဟု ဆို

ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦး ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းမှာ တရုတ်နိုင်ငံသားများ ကာလရှည်လုပ်ကိုင်ခဲ့သည့် ကျားဖြန့်လုပ်ငန်းနှင့် ဆက်စပ်မှု စွဲချက်ကြောင့် ဖြစ်သည်ဟု သိရသည်။

နေပြည်တော်မှ ထိပ်တန်း စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ပြည်ထဲရေးဝန်ကြီးရာထူးမှ ဖယ်ရှားခံလိုက်ရခြင်းမှာ ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများနှင့် ဆက်စပ်ကြောင်း တရုတ်အစိုးရ၏တိုင်ကြားမှုကြောင့်ဖြစ်ကြောင်း သိရသည်။

ထိုတိုင်ကြားမှုကြောင့် စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံးက စစ်ဆေးခဲ့ရာ လာဘ်ပေးလာဘ်ယူကိစ္စ ပေါ်ပေါက်ခဲ့သည်၊  ပြစ်တင်ရှုတ်ချပြီး ရာထူးမှထုတ်ပစ်သည့်အမိန့်ကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ရာထူးခန့်ချုပ်ရုံးက ထုတ်ပြန်လိုက်သည်ဟု  ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့်  Myanmar Now သတင်းရင်းမြစ်က ပြောသည်။

“ပင်စင်မရဘူးပေါ့။ အဲ့ဒီလို အမိန့်ထုတ်ရင် ရိုးရိုးထုတ်ပစ်တာ ရှိသလို ထောင်ဒဏ်ချမှတ်တာလည်း ရှိတတ်ပါတယ်။ ငွေကြေးပမာဏကတော့ ပြည်ထဲရေးဝန်ကြီးဆိုတော့ အစဉ်အလာမပျက် တော်တော်များတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံအတွင်း ကျားဖြန့် ခေါ်  အွန်လိုင်းငွေလိမ်လုပ်ငန်း လုပ်ကိုင်သူ တရုတ်နိုင်ငံသား အများအပြား  တရုတ်နိုင်ငံသို့ ပြန်ပို့ခံခဲ့ရသည်၊ ထိုလုပ်ငန်းများ အဟန့်အတားမရှိ  နှစ်ပေါင်းအတန်ကြာ လုပ်ကိုင်နိုင်ရန် မည်သည့်ထိပ်တန်းအရာရှိများက လာဘ်ငွေ ရယူခဲ့ကြောင်းကိုမူ တရုတ်အစိုးရနှင့် မြန်မာစစ်အာဏာပိုင် တို့က သတင်းထုတ်ပြန်ခြင်း မရှိပေ။  

ကျားဖြန့်လုပ်ငန်းနှင့် ပတ်သက်မှု သံသယကြောင့် အရေးယူခံနေရသည်ဆိုသော ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်မှာ ယခုနှစ် ဇန်နဝါရီလနှောင်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးအဖြစ်မှ အနားပေးခံရပြီးနောက် ၎င်း၏နေရာတွင် ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် ဝင်လာသည်။

စစ်ခေါင်းဆောင်  ယုံကြည်စိတ်ချသည့် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးများထဲတွင် တစ်ဦးအပါအဝင် ဖြစ်သောကြောင့် အသက် ၆၃ နှစ်အရွယ် ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် နယ်စပ်ရေးရာဌာန၊ ပြည်ထဲရေးဌာနတို့တွင် ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

သူ့ကို ရာထူးမှထုတ်ပယ်သည့် စစ်ရာထူးခန့်ချုပ်ရုံး၏ အမိန့်ထုတ်ပြန်ချက်တွင် ထောင်ဒဏ် ဖော်ပြလေ့ မရှိသော်လည်း အကယ်၍ ထောင်ချပါက တပ်မတော်အက်ဥပဒေဖြင့် စစ်တရားရုံးက ချမှတ်လေ့ရှိသည် ဟု သိရသည်။

စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ဆင်း ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ‌တိုင်းစစ်ဌာနချုပ် သုံးခုတွင် တိုင်းမှူးတာဝန်နှင့် အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့တွင် အဖွဲ့မှူးအဖြစ် တာဝန်ယူခဲ့ဖူးသည်။

၂၀၂၀ နှစ်ကုန်ပိုင်းတွင် တပ်မတော်အရန်အင်အားသို့ ပြန်ပို့ခံရပြီး စစ်ဗိုလ်ချုပ်များ ဦးဆောင်သော ငြိမ်းချမ်းရေးကော်မတီတွင် အဖွဲ့ဝင် ဖြစ်လာခဲ့သည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီး ဖြစ်လာခဲ့ပြီး၊ ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ပေးခံရကာ တစ်နှစ်အကြာတွင် ယခုကဲ့သို့ အရေးယူခံရခြင်းလည်း ဖြစ်သည်။

၎င်း၏ ဖခင်ဖြစ်သူ ဗိုလ်မှူးကြီးခင်မောင်ဝင်းသည် ရန်ကုန်တိုင်း ဒုတိုင်းမှူးအဖြစ် တာဝန်ယူခဲ့ပြီး၊ မိခင်ဖြစ်သူမှာ တင်ရီမ(ညောင်ဦး) ကလောင်အမည်ဖြင့် စာရေးသော ဒေါ်တင်ရီ ဖြစ်သည်။

စစ်ဗိုလ်ချုပ်များ၊ ၎င်းတို့၏ မိသားစုများသည် စီးပွားရေး အကြီးအကျယ်လုပ်ကိုင်ကြသူများ ဖြစ်ပြီး မကြာသေးခင်နှစ်များအတွင်း စစ်ဗိုလ်ချုပ်တချို့ လာဘ်စားမှုဖြင့် ထောင်ကျသွားကြသည်။

၂၀၂၃ခုနှစ်က ပြည်ထဲရေးဝန်ကြီးဖြစ်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်ကိုလည်း ရာထူးမှအနားပေးကာ အကျင့်ပျက်ခြစားမှု၊ အလွဲသုံးစားမှုများဖြင့် အရေးယူခဲ့ဖူးသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button