သတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရေး နိုင်ငံတကာရှိ မြန်မာသံအရာရှိများ တပ်ဦးဖွဲ့ 

အမေရိကန်ပြည်ထောင်စုနှင့် ဆွစ်ဇာလန်နိုင်ငံရှိ မြန်မာသံအရာရှိ ၁၁ ဦးသည် သက်ဆိုင်ရာနိုင်ငံများတွင် ဆက်လက်နေထိုင်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရန် တပ်ဦးဖွဲ့နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဖြစ်သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဇွန် ၂၈ ရက်တွင် ပြောကြားလိုက်သည်။ 

ဂျပန်သတင်းဌာန Kyodo News က သီးသန့်တွေ့ဆုံမေးမြန်းရာတွင် ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပြန်ရန် ငြင်းဆန်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်လာသည့် မြန်မာသံအရာရှိမှာ ၂၀ ဦးရှိပြီး နိုင်ငံမှာ ၇ နိုင်ငံဖြစ်ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်ရှိ မြန်မာသံအရာရှိ ၄ ဦး၊ လော့စ်အိန်ဂျလိစ်မြို့ရှိ ၃ ဦးနှင့် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ မြန်မာသံအရာရှိ ၄ ဦးတို့သည် သံတမန်ဗီဇာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံများတွင် ဆက်လက်နေထိုင်ခွင့်ရရန် လျှောက်ထားလျက်ရှိသည်ဟု သိရသည်။ 

ထို့ပြင် ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အစ္စရေးနှင့် ဂျပန်နိုင်ငံများရှိ မြန်မာသံအရာရှိများသည်လည်း အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်လျက်ရှိကြောင်း ဖေဖော်ဝါရီလအတွင်း ကုလအလွတ်သဘောညီလာခံတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း လက်သုံးချောင်ထောင် ဆန္ဒထုတ်ဖော်ခဲ့သူ ဦးကျော်မိုးထွန်းက ပြောကြားသည်ဟု Kyodo သတင်းဌာနက ရေးသားသည်။ 

နိုင်ငံတကာရှိ မြန်မာသံအရာရှိများအကြား အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်သည့် သဘောထားများ မြင့်တက်လျက်ရှိသည်ဟုလည်း ဦးကျော်မိုးထွန်းက ပြောသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ပထမဆုံးလူသိရှင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သူ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင်သည်လည်း အမေရိကန်ပြည်ထောင်စုတွင် ဆက်လက်နေထိုင်ခွင့်ရရန် ကြိုးပမ်းမည်ဟု သိရသည်။

“စစ်တပ်က ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲထားတယ်။ သေချာပေါက် မြန်မာနိုင်ငံပြန်လို့ မရတော့ဘူးလေ” ဟု ၎င်းက ပြောသည်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဂျပန်နိုင်ငံတွင် ခိုလှုံခွင့်လျှောက်ထားခဲ့သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သူ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားပြည့်သျှံအောင်ကိုလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက ချီးကျူးသည်။

“သူ့ကို အလေးပြုပါတယ်။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက သတိထားမိအောင် လုပ်လုပ်လိုက်တာပဲ” ဟု ၎င်းက ပြောသည်။ 

​မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှ ဂိုးသမားတစ်ဦးဖြစ်သူ ပြည့်သျှံအောင်သည် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်နိုင်ငံ၌ လာရောက်ယှဉ်ပြိုင်နေစဉ်အတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင်ကာ ဆန္ဒထုတ်ဖော်ခဲ့သူဖြစ်သည်။

ကုလသမဂ္ဂ၏ အလွတ်သဘောညီလာခံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင်များကို ပြင်းပြင်းထန်ထန်အရေးယူရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ထုတ်ဖော်ပြောကြားပြီးနောက်တစ်ရက်၌ နိုင်ငံတကာရှိ ရာနှင့်ချီသော မြန်မာသံရုံးဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ကြောင်း စစ်ကောင်စီက ညွှန်ကြားခဲ့သည်။

တရုတ်၊ အိန္ဒိယ၊ ကူဝိတ်၊ အီတလီ၊ ဩစတြီးယား၊ စကာပူ၊ ပါကစ္စတန်၊ ဟောင်ကောင်၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဂျပန်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ ယူကေ၊ ဘရာဇီးလ်၊ တောင်ကိုရီးယား၊ နော်ဝေ စသည့်နိုင်ငံများရှိ သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးများနှင့် ကောင်စစ်ဝန်ရုံးများရှိ သံမှူးကြီး၊ သံမှူးနှင့် သံရုံးစာရေးဝန်ထမ်းများကို နေပြည်တော်သို့ ပြောင်းရွှေ့ရန် စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၈ ရက်တွင် အမိန့်ညွှန်ကြားစာထုတ်ခဲ့သည်။

Show More

Related Articles

Back to top button