အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

၂၀၂၆မှာ အာရက္ခတပ်တော်နဲ့ မဟာမိတ်တပ်တွေ မကွေးတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်တော့မလား

 ၂၀၂၆ ခုနှစ်အတွင်း အာရက္ခတပ်တော် AA နဲ့ မဟာမိတ်တပ်တွေ မကွေးတိုင်းထဲက စစ်တပ်အခြေစိုက်စခန်းတွေကို အရှိန်မြှင့်ပြီး တိုက်ခိုက်တော့မလားဆိုရင် အမ်း – ပဒါန်းလမ်းမှာတည်ရှိတဲ့ နတ်ရေကန်ဗျူဟာကုန်းကို အရင်ကြည့်ရမှာ ဖြစ်ပါတယ်။ 

ရခိုင်နဲ့ မကွေးအစပ်က စစ်ရေးအရ အချက်အချာကျတဲ့ နတ်ရေကန်စခန်းဟာ အမြင့်ပေ ၅၀၀၀ ခန့်ရှိတဲ့ တောင်ပေါ်မှာ တည်ဆောက်ထားပြီး လေကြောင်းရန်ကာကွယ်ရေးအတွက် ရေဒါစနစ်တွေပါ တပ်ဆင်ထားတဲ့ ဗျူဟာမြောက် စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံ အလယ်ပိုင်း မြေပြန့်အထိ ဆင်းဖို့ဆိုရင် နတ်ရေကန်ဗျူဟာကုန်းက အခရာကျပါတယ်။ 

၁၇မြို့နယ်ရှိတဲ့ ရခိုင်ပြည်နယ်မှာ ၁၄မြို့နယ်ကို သိမ်းပိုက်ထားတဲ့ AA က နတ်ရေကန် ကို ဦးဆောင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ 

နတ်ရေကန်ဗျူဟာကုန်းကို စစ်ရေးအရှိန်မြှင့် သိမ်းပိုက်ပြီး မကွေးတိုင်းထဲ ချီတက်မလားဆိုတာ AA ရဲ့ စစ်ရေးဗျူဟာဆုံးဖြတ်ချက်ပေါ် မူတည်ပါတယ်။ နတ်ရေကန်ဗျူဟာကုန်း ကျရင်တော့ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံတွေအတွက်က ရတက်မအေးစရာပါ။ 

နိုင်ငံတဝှမ်းမှာ စစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်း(ကစပ)စက်ရုံပေါင်း ၂၅ ရုံရှိပြီး စက်ရုံထက်ဝက်ကျော်က နိုင်ငံအလယ်ပိုင်း မကွေးတိုင်းထဲမှာ တည်ရှိနေပါတယ်။ 

ငဖဲမြို့နယ်အတွင်း အမြောက်တပ်တွေဖြစ်ကြတဲ့ အမှတ် ၉၀၅၊ အမှတ် ၃၇၅နဲ့ အမှတ် ၄၀၉ တို့အပြင် ကပစ ၁၄ ကိုလည်း AA နဲ့ မဟာမိတ်တပ်တွေက အချိန်မရွေး တိုက်ခိုက်နိုင်ပါတယ်။ 

ကပစ ၁၄ ဟာ နတ်ရေကန်ဗျူဟာကုန်းနဲ့  ၁၃ မိုင်ကျော်သာဝေးပြီး နတ်ရေကန်ကို သိမ်းပိုက်ပြီးတာနဲ့ လက်နက်ကြီးတွေနဲ့ ခြိမ်းခြောက်နိုင်မှာလည်း ဖြစ်ပါတယ်။

AA အနေနဲ့ အရှေ့ကို ချီတက်မလား၊ ဒါမှမဟုတ် ရခိုင်က လက်ကျန်မြို့တွေဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်ကို သိမ်းပိုက်မလားဆိုတာ စိတ်ဝင်စားဖွယ် ဖြစ်လာပါတယ်။ 

ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ တိုင်းနဲ့ပြည်နယ်အားလုံးမှာ စစ်မျက်နှာဖွင့်ထားတဲ့ AA ဟာ အခုနှစ်အတွင်း မကွေးတိုင်းထဲ စစ်မျက်နှာမတိုးချဲ့တော့ဘဲ ရခိုင်က ကျောက်ဖြူ၊ စစ်တွေကို ပိုပြီးအာရုံစိုက်လိမ့်မယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ 

ဒီလိုဖြစ်လာခဲ့ရင်လည်း AA ရဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေက မကွေးတိုင်းထဲ ဆက်ချီတက်ဖို့ အလားအလာ ရှိနေပါတယ်။ 

ဒါကြောင့် အခုနှစ်အတွင်း မကွေးတိုင်းထဲ အားကောင်းတဲ့ စစ်ရေးဖော်ဆောင်မှုတွေ မဖြစ်လာရင်တောင် အတိုင်းအတာတစ်ခုအထိ မကွေးစစ်မျက်နှာက ပိုပွင့်လာမှာ ဖြစ်ပါတယ်။ 

သတင်း၊ တင်ဆက် – ညီထွေး

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button