သတင်း

မန္တလေးတွင် စစ်တပ်က မောင်နှမနှစ်ဦးကို ပစ်ခတ်ဖမ်းဆီး  

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယနေ့ (ဇွန် ၂၈) နံနက်၌ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ခဲ့ကာ ၎င်းတို့ကို စစ်တပ်မှ ခေါ်ဆောင်သွားသည်။ 

မြစ်ငယ်မြို့မှ ဈေးရောင်းသူ မောင်နှမနှစ်ဦး ၄၉ လမ်း၊ ၁၂၄ လမ်း၊ ကံကြီးကုန်းဇီးအုပ်ရပ်ကွက်အနီး ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားစဉ် အမျိုးသမီးမှာ ရင်ဘတ်ထိ၍ အမျိုးသားမှာ ပခုံးတွင် ထိသွားကြောင်း ထိုရပ်ကွက်ဒေသခံများထံမှ သိရသည်။

“၄၉ လမ်းပေါ်မှာ ဆိုင်ကယ်မောင်းသွားတုန်း သေနတ်နဲ့ပစ်ခံရတာ။ မှန်တဲ့နေရာကနေ တော်တော်ဝေးဝေးအထိ မောင်းပြေးလာသေးတယ်။ ကောင်မလေးကတော့ သေနတ်မှန်ထားတယ်၊ ယောက်ျားကြီးကတော့ ပခုံးကို မှန်ထားတယ်။ စစ်သားတွေက သူတို့ကားပေါ် တင်သွားတယ်”ဟု ဇီးအုပ်ရပ်ကွက်နေထိုင်သူတစ်ဦးက ပြောသည်။

အဆိုပါရပ်ကွက်အတွင်း ယနေ့နံနက်တွင် စစ်ကားအများအပြား၊ တပ်ဖွဲ့ဝင်အင်အားအများအပြား ရောက်ရှိလာပြီး၊ လမ်းသွားလမ်းလာများကို ပစ်ခတ်ခဲ့ရာမှ ယင်းသို့ ကျည်ထိမှန်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါပစ်ခတ်မှုအတွင်း သေနတ်မှန်ခံရသူမှာ ၂ ဦးထက်မကဘဲ ၄ ဦးခန့် ရှိနိုင်ကြောင်း၊ (ရင်ဘတ် ကျည်ထိမှန်သူ အမျိုးသမီး) တစ်ဦး သေဆုံးကြောင်း ဒေသခံတချို့က ပြောသည်။ 

ထိုပြောဆိုချက်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းနှင့် စစ်ကောင်စီပြန်ကြားရေးဌာနတို့ကို မေးမြန်းရန် ကြိုးပမ်းသော်လည်း အဆက်အသွယ်မရသေးပါ။ 

စစ်ကောင်စီတပ် သွားရောက်ပစ်ခတ်မှုအကြောင်းရင်းကို သေချာမသိသေးကြောင်း ပစ်ခတ်မှုဖြစ်ပွားသည့် ဝန်းကျင်တွင်နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“ရပ်ကွက်ထဲတော့ ဒလန်ရဲ့အိမ်ကို ဖျက်ဆီးလို့ စစ်သားတွေ လာပစ်တာလို့လည်း ပြောကြတယ်။ တချို့ကလည်း ဒလန်က သူ့မြေမဟုတ်ဘဲ သူများမြေမှာ အိမ်ဆောက်လို့ ပြဿနာဖြစ်ကြတာလို့လည်း ကြားတယ်။ အဲ့ဒီကနေ စစ်သားတွေ ရောက်လာပြီး ပစ်ကြတာ”ဟု ထိုအမျိုးသားက ဆိုသည်။

ကံကြီးကုန်းဇီးအုပ်ရပ်ကွက်မှာ မန္တလေးမြို့ အရှေ့တောင်ဘက်အစွန်၊ အာဏာသိမ်းစစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်ရှာဖွေပစ်ခတ်လေ့ရှိရာ မြရည်နန္ဒာတိုက်တန်း၏ တောင်ဘက်တွင် တည်ရှိပြီး ၎င်းရပ်ကွက်မှ နေ၍ အသံဗုံးခွဲသံ၊ သေနတ်ပစ်ဖောက်သံတို့ကို ညတိုင်းနီးပါး ကြားနေရကြောင်း ရပ်ကွက်နေသူများက ပြောသည်။

မန္တလေးတိုင်းတွင် စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ပြည်သူ ၂၀၀ ကျော် သေဆုံးထားပြီးဖြစ်သည့်အပြင် နေ့စဉ်နှင့်အမျှလည်း သေဆုံးမှုများ တိုးလာနေသည်။

ဇွန် ၂၂ ကလည်း မန္တလေးမြို့ပေါ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ (MPDF) နှင့် တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က မြို့ပေါ်တွင် ကြမ်းကြမ်းတမ်းတမ်း ပိုမိုလှုပ်ရှားလာသည်။  

ဆန္ဒပြသူများကို ခိုလှုံခွင့်ပေးခဲ့သည့် အမျိုးသမီးကြီးတစ်ဦးကိုလည်း ပစ်ခတ်ဖမ်းဆီးကာ အမှုဖွင့်ခဲ့သည်။

သို့သော် မန္တလေးဒေသခံတို့သည် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ၎င်းတို့ လိုက်လံဖမ်းဆီးနေသည့်ကြားမှ နေ့စဉ် ဆန္ဒပြနေကြဆဲဖြစ်သည်။ 

Related Articles

Back to top button