သတင်း

တပ်မတော်ကို ဝေဖန်ခဲ့သူ ဗိုလ်မှူးဟောင်းကျော်စွာဝင်း ဖမ်းဆီးခံရ  

အခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒပြုလက်မှတ်ထိုးမှုဖြင့် ထောင်နှစ်နှစ်ကျခဲ့ဖူးသူ ရွေးကောက်ပွဲမတိုင်မီက တပ်မတော်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးသည့် ဗိုလ်မှူးဟောင်းကျော်စွာဝင်းကို ဇွန် ၂၂ တွင် ပြင်ဦးလွင်ရှိ နေအိမ်၌ စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားသည်။

“ဖမ်းခံရတာက ဟုတ်ပါတယ်၊ ဘာမှမပြောချင်ပါဘူး” ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။

နိုင်ငံအနှံ့ ဖမ်းဆီးခံရသူများစွဲဆိုခံရသည့် မတည်ငြိမ်မှုဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)ဖြင့် ဗိုလ်မှူးဟောင်းကျော်စွာဝင်းကို အမှုဖွင့်ထားသည်ဟု မြို့ခံအချို့ထံမှ သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

“သူက တကယ်တမ်းကျ နိုင်ငံရေးလှုပ်ရှားမှုက သိပ်မရှိပါဘူး။ သူတို့ အရင် တပ်တွင်းက ကိစ္စတွေကြောင့် ဖမ်းတယ်လို့ပဲ ထင်ပါတယ်” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောသည်။

ဗိုလ်မှူးဟောင်းကျော်စွာဝင်း၏ Facebook စာမျက်နှာတွင် အာဏာသိမ်းစစ်တပ်ကို ဝေဖန်ထားသည့် ရေးသားချက်များတွေ့ရသည်။ 

ဗိုလ်မှူးဟောင်းကျော်စွာဝင်း၏ Facebookပေါ်တွင် ရေးသားချက်အချို့

ဗိုလ်မှူးဟောင်းကျော်စွာဝင်းသည် ၂၀၁၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က ဦးဆောင်ပြုလုပ်သည့် အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွင် ထောက်ခံလက်မှတ်ထိုးခဲ့သောကြောင့် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံရသည်။

ထို့နောက်၂၀၁၅ ဇူလိုင်တွင် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးနယ်ပယ်တွင် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ခြေချနိုင်ရန် ဗိုလ်မှူးကျော်စွာဝင်းက ကြိုးစားခဲ့ဖူးသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ၎င်း၏နေရပ် ပြင်ဦးလွင်နှင့် အကျုံးဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်၌ ဝင်ရောက်ရွေးကောက်ခံရန် NLD ပါတီကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ခဲ့သော်လည်း ငြင်းပယ်ခံခဲ့ရသည်။

အဆိုပါအချိန်က Myanmar Now နှင့် သီးသန့်တွေ့ဆုံရာတွင် “အောက်ခြေတပ်မတော်သားတို့၏ ဆုံးရှုံးမှုများ၊ တပ်တွင်းဖိနှိပ်ခံရမှုများကို ကာကွယ်လိုကြောင်း” ဗိုလ်မှူးဟောင်းကျော်စွာဝင်းက ပြောကြားခဲ့ဖူးသည်။

ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက် ပြင်ဦးလွင်မြို့တည်ရှိရာ မန္တလေးတိုင်းသည် စစ်ကောင်စီကို နေ့စဉ်ရက်ဆက် ပြင်းပြင်းထန်ထန်ဆန့်ကျင်သည့် နိုင်ငံအနှံ့ဒေသများအနက် တစ်ခုဖြစ်သည်။

ငြိမ်းချမ်းစွာဆန့်ကျင်ဆန္ဒပြမှုများကို စစ်ကောင်စီက ပစ်ခတ်၊ ဖြိုခွင်း၊ ဖမ်းဆီးမှုများ တရစပ်ရှိနေချိန်တွင် ပြည်သူတို့က ခုခံကာကွယ်ရေးအဖွဲ့များ တိုးလျက်ဖွဲ့စည်းလာရာတွင် မန္တလေးတိုင်းအတွင်းရှိ မြို့နယ်များလည်း အပါအဝင်ဖြစ်သည်။

ဗိုလ်မှူးကျော်စွာဝင်းဖမ်းဆီးခံရသည့် ဇွန် ၂၂တွင် မန္တလေးမြို့ပေါ်၌ စစ်ကောင်စီနှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားသော်လည်း ၎င်းဖမ်းဆီးခံရခြင်းမှာ အဆိုပါကိစ္စနှင့် ဆက်စပ်မှုရှိမရှိ အတည်မပြုနိုင်သေးပေ။

Show More

Related Articles

Back to top button