ပဲခူးတိုင်းအနောက်ပိုင်း၊ နတ်တလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စခန်းတစ်ခု ဒရုန်းဖြင့် ဗုံးကြဲခံရပြီး PDF ခြောက်ဦး သေဆုံးခဲ့ပြီးနောက် ဒေသတွင်း တိုက်ပွဲများပြင်းထန်နေကြောင်း စုံစမ်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်တွင် နတ်တလင်းမြို့နယ်အရှေ့ပိုင်းတွင်ရှိသော ငုတ်တို (ငုတ်တရာ) ကျေးရွာရှိ သာယာဝတီခရိုင် အမှတ် (၃၈၀၁) တပ်ရင်း၏ ကင်းစခန်းကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရပြီး နေရာတွင်ပင် ခြောက်ဦး သေဆုံးသွားသည်ဟု အဆိုပါတပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုညီညီက ပြောသည်။
“ငုတ်တိုကျေးရွာက ဒမငယ်ရဲစခန်းဟောင်းတို့၊ တောင်ညိုကွက်သစ်စခန်းတို့ကို သွားတဲ့ ကားလမ်းကြီးပေါ့ ။ အဲဒီ ကားလမ်းထိပ်မှာ PDF တွေက ရှေ့ပွိုင့်ကင်းအဖြစ်နဲ့ အမြဲတမ်းနေရာယူထားတဲ့ နေရာပေါ့၊ ကင်းကို လာချတာ။ တစ်လုံးတည်း ကျပြီး ခြောက်ယောက်စလုံး ကျဆုံးသွားတာပါ” ဟု ၎င်းက ဆိုသည်။
ဒရုန်းဗုံးကြောင့် ကျဆုံးသွားသူများမှာ အမှတ် (၃၈၀၁) တပ်ရင်း တပ်ခွဲ (၄)မှ ရဲဘော် ခြောက်ဦးဖြစ်ပြီး အမည်နှင့် အသက်အရွယ်များကို အသေးစိတ်မသိရှိရသေးပေ။
နတ်တလင်းမြု့နယ်၊ ရန်ကုန်-ပြည်လမ်းမကြီး အရှေ့ဘက် ခုနစ်မိုင်ကျော်အကွာ ငုတ်တိုကျေးရွာကင်းစခန်း တိုက်ခိုက်ခံရသည့်ဖြစ်စဉ်သည် သတင်းပေါက်ကြားမှုကြောင့် ဖြစ်နိုင်ကြောင်း နတ်တလင်းဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။
“ရဲဘော်တွေ ကင်းပုန်းဝပ်တဲ့အပေါ်ကို တည့်တည့် … ဒရုန်းဗုံးချခံရတာပါ” ဟု ထိုသူက ပြောသည်။
ထိုနေ့မှစတင်၍ စစ်တပ်သည် အင်အား ၃၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းနှစ်ကြောင်း ခွဲပြီး မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်း ထိုးနေသည်။ ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်နေ့) နံနက်တွင်လည်း ငုတ်တိုကျေးရွာအနီး နှစ်ဖက်ထိတွေ့မှုရှိနေကြောင်း နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တပ်ခွဲမှူးကိုအောင် က ပြောသည်။
နတ်တလင်းမြို့အရှေ့ဘက် ရှစ်မိုင်ခန့်အကွာ ဒမငယ်ကျေးရွာတွင် အင်အား နှစ်ရာ၊ မြို့အရှေ့ဘက် ခုနစ်မိုင်ကျော်အကွာ ငုတ်တိုရွာတွင် အင်အား တစ်ရာကျော်တို့ဖြင့် စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်ဟု ၎င်းက ဆက် ပြောသည်။
“ငုတ်တိုစစ်ကြောင်းမှာ နောက်ချန်အဖွဲ့ (စစ်ကော်မရှင်တပ်)တွေ ရှိပါသေးတယ်။ သိမ်ကုန်း၊ ညောင်ကုန်း ရွာတွေပါ၊ ငုတ်တိုရဲ့အနီးနားရွာတွေပါ”ဟု ကိုအောင်က ဆိုသည်။
ဖေဖော်ဝါရီလ ၇ ရက်နေ့ကလည်း ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်အခြေစိုက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နတ်တလင်းမြို့အရှေ့ဘက် ခြောက်မိုင်ကျော်အကွာ ကံသာယာကျေးရွာတွင် ကျရောက်ပေါက်ကွဲရာ အရပ်သားပြည်သူ ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမှတ် (၃၈၀၁) တပ်ရင်းရုံးမှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဒေသအခြေစိုက် PDF ရဲဘော်များနှင့် ဒေသခံများထံက သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလဆန်းမှစ၍ နတ်တလင်းမြိုန့ယ်ရှေ့ဘက်ပိုင်းစစ်တပ်မှ စစ်ကြောင်းထိုးနေပြီး တော်လှန်ရေးတပ်ဖွဲ့များ နယ်မြေစိုးမိုးထားသည့် စစ်တပ်နေရာများကို ပြန်လည်ရယူလို၍ဖြစ်ကြောင်း သာယာဝတီခရိုင် အမှတ် (၃၈၀၁) တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုညီညီက ပြောသည်။
“သူတို့(စစ်တပ်)ရဲဘော်တွေလည်း ကျနေတာလေ။ ဒီကတော်လှန်ရေး တပ်ဖွဲ့တွေနဲ့တွေ့ပြီးတော့ ၊ ၆၊ ၇ ရက်နေ့ မှာလည်း ကျတယ်။ အဲဒီသဘောလည်းရှိတယ်။ ကျွန်တော်တို့ သိမ်းမိထားတဲ့ သူတို့ရဲ့ အထိုင်နေရာတွေ ပြန်လိုချင်တဲ့အတွက် အသည်းအသန်လုပ်တာပါ။ တိုက်ပွဲကတော့ တောက်လျှောက် ဖြစ်နေတယ်” ဟုသူက ဆိုသည်။
နတ်တလင်းမြို့နယ် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ ၁၀ ဦးထက် မနည်း သေဆုံးပြီး ထိုပမာဏထက်များ များပြားနိုင်ကြောင်း ပဲခူးအနောက်ခြမ်းတွင် လှုပ်ရှားနေသည့် PDF ရဲဘော်တစ်ဦးက ပြောသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း နတ်တလင်းမြို့နယ် ဆီဆုံကုန်းရွာနှင့် ကျောက်ကုန်းလေးရွာတို့ကို အင်ဂျင်တပ်လေထီး၊ Y12 လေယာဉ်တို့ဖြင့် ဗုံးသီးများ ကြဲ၍ စိုက်ခင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့မှု များလည်းရှိခဲ့ကြောင်း နတ်တလင်းမြို့နယ် ဒေသခံ အထက်ပါအမျိုးသားက ပြောသည်။
ပဲခူးတိုင်းအနောက်ပိုင်းတွင် စစ်ရေးလှုပ်ရှားမှုအခြေအနေများကို စစ်တပ်က သတင်းထုတ်ပြန်ခြင်း မရှိပေ။
ယမန်နှစ် နှစ်ကုန်ပိုင်းမှ စတင်ကာ နတ်တလင်းမြို့နယ်အတွင်း စစ်ရေးပြင်းထန်လာမှုကြောင့် ဒေသခံ စစ်ရှောင် ထောင်နှင့်ချီရှိနေပြီး အရပ်သားများသည် ပဲခူးရိုးမနှင့်အစပ် တောင်ကုန်းများအပါအဝင် နေရာလွတ်များတွင် တိမ်းရှောင်နေထိုင်ကြရသည်။
အချို့က နတ်တလင်းမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနှင့် ဆွေးမျိုးနီးစပ်များထံ တိမ်းရှောင်ကြရကြောင်း စစ်ဘေးရှောင်များကူညီပေးနေသည့် ဒေသခံ အမျိုးသမီးတစ်ဦးထံက သိရသည်။
စစ်ကော်မရှင်သည် ရွေးကောက်ပွဲများ ကျင်းပရန်ရှိသဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကတည်းက ပဲခူးတိုင်း အနောက်ပိုင်း နတ်တလင်း၊ ပေါင်းတည်၊ ပေါက်ခေါင်းမြို့နယ်တို့ရှိ ပဲခူးရိုးမအခြေပြု တော်လှန်ရေးတပ်ဖွဲ့ များ မြို့ပေါ် မရောက်လာစေရန် စစ်ကြောင်းထိုးနေခဲ့သည်။
ထို့နောက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ရေး တင်းမာခဲ့ကာ ယခုနှစ် ဖေဖော်ဝါရီလထဲတွင်လည်း နှစ်ဖက် တိုက်ပွဲများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်းအနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်များ ၊ မြို့ပြ ပြောက်ကျားတပ်ဖွဲ့များ၊ ဒေသခံအဖွဲ့များ၊ မဟာမိတ်အဖွဲ့များ လှုပ်ရှားသလို ပဲခူးအရှေ့ပိုင်းတွင် ကရင် အမျိုးသားအစည်းအရုံး (KNU)တပ်များ၊ NUG တပ်များလှုပ်ရှားနေကြသည်။




