အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မြိတ်အကျဉ်းထောင်တွင် ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ်ကျခံရသူများ ဖိနှိပ်ခံနေရ 

တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်တွင် ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထောင်ချခံထားရသူ ၆၀ ကျော်သည် ထောင်တွင်းဖိနှိပ်မှုများနှင့် ရင်ဆိုင်နေရကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

မြိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်မှုဖြင့် ပုဒ်မ ၅၀၅−ကဖြင့် စစ်ကောင်စီ၏ အမှုဖွင့်အရေးယူခြင်းခံရသူ ၁၀၀ ကျော်အနက် ၆၀ ကျော်ကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်သည်။ 

ပုဒ်မ ၅၀၅−က ဖြင့် ထောင်ချခံရသူများအနက် DVB သတင်းထောက် ကိုအောင်ကျော်နှင့် အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်လည်းပါဝင်ပြီး အကျဉ်းထောင်တွင်း၌ တနင်္လာနေ့မှ သောကြာနေ့အထိ တစ်ရက်လျှင် ၈ နာရီတိတိ၊ စနေ့နှင့် တနင်္ဂနွေနေ့ များတွင် ၁၀ နာရီအထိ အဓမ္မအလုပ်စေခိုင်းခြင်း ခံနေရသည်ဟု သိရသည်။

“ ၅၀၅ နဲ့ ကျတဲ့ အသက်ကြီးပိုင်းတွေဆို ဇက်ကြောတက်တာတို့၊ မျက်ရိုးကိုက်တာတို့၊ ကျီးပေါင်းတက်တာတို့၊ ကိုက်ခဲတာတို့ဖြစ်တယ်လို့ ညီမဆီ ပြောခိုင်းလိုက်တယ်”ဟု DVB သတင်းထောက် ကိုအောင်ကျော်၏ ဇနီးဖြစ်သူ မနေခြည်မိုးထက်က Myanmar Now ကို ပြောသည်။ 

ထောင်အတွင်း၌ ဖိနှိပ်ခံနေရသည့် အခြေအနေကို ကိုအောင်ကျော်က ရှေ့နေများမှတစ်ဆင့် သတင်းစကားပါးခဲ့ခြင်းဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရကြောင်းလည်း ၎င်းက ဆက်ပြောသည်။ 

ပုဒ်မ ၅၀၅−က ဖြင့် မြိတ်အကျဉ်းထောင်အတွင်း ထောင်ဒဏ်ချမှတ်ခံထားရသူများကို ထောင်အာဏာပိုင်များက ထမင်းဝေခြင်း၊ ကြက်မွေးနုတ်ခြင်း၊ မျက်တောင်အတုထိုးခြင်း၊ ရေသယ်၊ ကြမ်းတိုက်ခြင်း စသည့် အလုပ်များကို နေ့စဉ်ခိုင်းစေလျက်ရှိသည်ဟု ပုဒ်မ ၅၀၅−က ဖြင့် တရားစွဲဆိုခံထားရသူများအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ မြိတ်မြို့ခံ ရှေ့နေတစ်ဦးက ပြောသည်။

အလားတူ စစ်ကောင်စီ၏ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရသူ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်ကလည်း ထောင်တွင်း၌ အဓမ္မအလုပ်စေခိုင်းခံရသည့် အခြေအနေကို သတင်းစကားပါးလာသည်ဟု ၎င်း၏ ဇနီးဖြစ်သူက ပြောသည်။ 

“မိသားစုနဲ့လည်း တွေ့ခွင့်မရဘူး။ တွေ့လို့မရတဲ့အနေအထားရှိတယ်။ အခု သူတို့က အလုပ်ကြမ်းမလုပ်နိုင်တော့ အရင်တုန်းကဆိုရင် ထောင်ကျလို့ရှိရင် အလုပ်ကြမ်းမလုပ်နိုင်ရင် ပိုက်ဆံပေးလို့ရတယ်လေ။ အခုကျတော့ ဒီလိုလည်းလုပ်ခွင့်မရှိဘူး။ အဲဒီလောက်ထိ ပိတ်ထားတယ်ပေါ့။ အကုန်လုံးကို အလုပ်ကြမ်းပဲခိုင်းတယ်”ဟု ၎င်းက ဆက်ပြောသည်။

ဇွန် ၂ တွင် ၅၀၅-က ဖြင့် ထောင် ၂ နှစ်ချခံရသည့် သတင်းထောက်များဖြစ်သော ကိုအောင်ကျော်နှင့် ကိုဇော်ဇော်တို့ကို နိုင်ငံရေးအမှုဖြစ်သဖြင့် ထောင်ဝင်စာတွေ့ခွင့်မရကြောင်း၊ ထောင်သို့ စာရေးပို့သည့် အခါတွင်လည်း ပြန်စာမရကြောင်း ၎င်းတို့၏ မိသားစုဝင်များက အသီးသီးပြောသည်။ 

“တွေ့ခွင့်မရရင် စာပို့ပေါ့ အပြန်အလှန်နေကောင်းကြောင်း ကျန်းမာကြောင်း စာထွက်မလာဘူး။ ကျွန်မဆီကပို့တဲ့စာလည်း ရောက်မရောက် မသိရဘူး။ ထမင်းတွေဘာတွေ သွားပို့ပေးတယ်။ သူ့အတွက် လိုအပ်တာတွေ ဝယ်ပေးတယ်။ ပိုက်ဆံတွေဘာတွေ သူ့ဆီရောက်မရောက် အကျိုးအကြောင်း ဘာမှမသိရဘူး။  ဘာမှ အဆက်အသွယ်မရတော့ဘူး”ဟု ကိုဇော်ဇော်၏ ဇနီးက ပြောသည်။ 

မြိတ်မြို့၌ ပုဒ်မ ၅၀၅−က ဖြင့် တရားစွဲဆိုခံထားရသူ ၅၀ နီးပါးကို စစ်ကောင်စီက လာမည့် သီတင်းပတ်အတွင်း မြိတ်အကျဉ်းထောင်တရားရုံး၌ အမိန့်ချသွားရန်ရှိကြောင်း သိရသည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button