သတင်း

ကလေးမြို့မှ ၄ ဦးကို လက်နက်ကိုင်တို့ ပစ်သတ်ပြီး ပစ္စည်းလုယက်

ဇွန် ၁၉ ၊ ည ၈ နာရီခွဲဝန်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ညောင်ပင်သာရပ်ကွက်တွင် နေအိမ်တစ်အိမ်ကို စစ်တပ်က ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ မိသားစုဝင်လေးဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

စစ်ယူနီဖောင်းဝတ် ၁၀ ဦးခန့်က အိမ်ထဲမှ ထွက်လာသည့် ဦးဝင်းဇော်ဦးနှင့် သားဖြစ်သူကို ပစ်ခတ်ခဲ့ပြီး နေအိမ်အတွင်း ဝင်ကာ ၎င်း၏ ဇနီးနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးကိုလည်း ပစ်သတ်ခဲ့သည်။  

ထိုသို့ပစ်ခတ်ပြီး နာရီဝက်ခန့်အကြာ Mark II တစ်စီး၊ Surf တစ်စီးနှင့် စစ်ကား (FAW ကား) တစ်စီးအပါအဝင် ကား ၆ စီး ရောက်ရှိလာပြီး ရုပ်အလောင်းများ၊ ပစ္စည်းများကို ခေါက်တုံ့ခေါက်ပြန်သယ်ယူခဲ့ကာ ည ၁၂ နာရီခွဲဝန်းကျင်တွင် ထွက်ခွာသွားကြကြောင်း ရပ်ကွက်တွင် နေထိုင်သူများက ပြောသည်။

“ ၈ နာရီခွဲလောက်မှာ ဖြစ်စဉ်ဖြစ်ပြီး နာရီဝက်လောက်ပဲကြာတယ် ထင်တယ်။ ကားတွေရောက်လာတော့တာ။ ကားတွေနဲ့ အလောင်းတွေရယ်၊ ဆန်အိတ်တို့၊ စားအုန်းဆီတို့၊ ပရိဘောဂတွေတချို့တစ်ဝက်ယူသွားတယ်။ CCTV နဲ့ ကင်မရာတွေ အကုန်ရိုက်ခွဲဖျက်ဆီးထားတယ်” ဟု ညောင်ပင်သာရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။ 

”လည်ပင်းမှာ ချည်ထားတဲ့ အစအမှတ်အသားတွေရယ်၊ စစ်အဝတ်အစားရယ်၊ နောက်လာတဲ့အဖွဲ့နဲ့ ပူးပေါင်းတာကို ကြည့်ခြင်းအားဖြင့် စစ်တပ်ကလို့ ပြောလို့ရတယ်” 

ဇွန် ၂၁ ထုတ် စစ်ကောင်စီအာဘော်သတင်းစာတွင်မူ ဦးဝင်းဇော်ဦးတို့မိသားစုကို NLD ပါတီထောက်ခံသူများနှင့် ဆူပူအကြမ်းဖက်သမားများက လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးနိုင်ရေး လုပ်ဆောင်သွားမည်ဟု ဖော်ပြထားသည်။ 

အသက် ၅၀ အရွယ် ဦးဝင်းဇော်ဦးသည် နေအိမ်ရှေ့လမ်းဘေးတွင် ဝဲဘက်ရင်အုံ ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး ဇနီး အသက် ၄၈ နှစ်အရွယ် ဒေါ်စန်းစန်းမော်၊ သားဖြစ်သူ အသက် ၂၃ ဝန်းကျင် ကိုသီဟအောင်နှင့် ယောက်ဖဖြစ်သူ အသက် ၃၅ နှစ်အရွယ် ကိုဇော်ဇော်တို့မှာ မျက်နှာ၊ နောက်ကျော၊ ရင်အုံတို့တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

သမီးဖြစ်သူ မစန်းရွှေဦးတွင် ဝမ်းဗိုက်ကျည်ထိမှန်ဒဏ်ရာ၊ မျက်ခုံးဖူးရောင်ဒဏ်ရာများ ရရှိထားပြီး တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသထားရကြောင်း ပါရှိသည်။

ဒေသခံများကမူ အဆိုပါမိသားစုသည် သစ်ခွဲစက်လုပ်ငန်းလုပ်ကိုင်သူများဖြစ်ပြီး ကလေးမြို့ပေါ်ရှိ စစ်ကောင်စီအာဏာပိုင်များနှင့် စီးပွားရေးပူးပေါင်းလုပ်ဆောင်နေသူများဖြစ်သော်လည်း ရပ်ကွက်နှင့် အဆင်ပြေကြသူများဖြစ်ကြောင်း ပြောသည်။

ပစ်ခတ်သတ်ဖြတ်ခံရသည့် မိသားစုဝင်လေးဦး၏ ရုပ်အလောင်းများကို ဇွန် ၂၀ မနက် ၁၀ နာရီဝန်းကျင်၌ နေအိမ်သို့ ပြန်လည်သယ်ယူကာ ယင်းနေ့ညနေမှာပင် ကလေးမြို့၊ ဒိုးဝိုင်းချောင်သုသာန်တွင် သင်္ဂြိုဟ်သည်။ 

Show More

Related Articles

Back to top button