သတင်း

ပြည်သူများကျန်းမာစေရန် ဒေါ်အောင်ဆန်းစုကြည်ဆုတောင်း

အာဏာသိမ်းစစ်ကောင်စီ၏ အန္တရာယ်ကိုမမှုဘဲ ၎င်း၏ အသက်၇၆နှစ်ပြည့်မွေးနေ့ကို သောင်းသောင်းဖြဖြဆုတောင်းပေးခဲ့ကြ၊ တခမ်းတနားကျင်းပပေးခဲ့ကြသည့် ပြည်သူများကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်သည်။

နေပြည်တော်ကောင်စီဝင်းအတွင်း ယနေ့(ဇွန်၂၁) ပြုလုပ်သည့် အထူးတရားရုံး တရားခွင်မစမီ ရှေ့နေအဖွဲ့နှင့် မိနစ် ၂၀ ခန့်တွေ့ရချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူများအပေါ် ထိုသို့ဆုတောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ရှေ့နေအဖွဲ့ဝင် ဒေါ်မင်းမင်းစိုးက ပြောသည်။

“အမေ့(ဒေါ်အောင်ဆန်းစုကြည်) မွေးနေ့နဲ့ ပတ်သက်ပြီး ပြည်သူတွေက ဆုတောင်းပေးနေကြပါတယ်လို့ သတင်းစကားပါးလိုက်တဲ့အခါမှာ ပြည်သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောပါတယ်ရှင့်၊ ပြည်သူတွေကျန်းမာပါစေလို့လည်း ဆုတောင်းပေးပါတယ်ရှင့်”ဟု ၎င်းက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး အမှုတစ်ခုပြီးတစ်ခု တပ်ခံနေရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန် ၁၉ ရက်တွင် အသက် ၇၆နှစ်ပြည့်ခဲ့သည်။

ယင်းနေ့တွင် မြန်မာတစ်နိုင်ငံလုံးနှင့် ကမ္ဘာ့နိုင်ငံအချို့၌ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော ပြည်သူအများအပြားက ပန်းများကိုင်ဆောင်၊ ပန်ဆင်ပြီး မွေးနေ့ဆုမွန်ကောင်းတောင်းကာ မွေးနေ့ပွဲများ ကျင်းပခဲ့ကြသည်။

ကျန်းကျန်းမာမာရှိနေသော မွေးနေ့ရှင်၏ ယနေ့ရုံးချိန်းတွင် စစ်ကောင်စီက စွဲဆိုထားသည့်အမှုများအနက် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန်ဥပဒေတို့နှင့် သက်ဆိုင်သည့်အမှုများကို သုံးနာရီနီးပါးကြာ စစ်ဆေးခဲ့သည်ဟု ဒေါ်မင်းမင်းစိုး၏ ပြောပြချက်အရ သိရသည်။

“အမှုတိုင်းအပေါ်မှာ စိတ်ပါဝင်စားစွာနဲ့ နားထောင်ပြီးပြောပါတယ်”ဟု ၎င်းကပြောသော်လည်း အသေးစိတ်ကိုမူ မသိရသေးပေ။

အထူးတရားရုံးတွင် မနက်ဖြန် (ဇွန်၂၂) ၌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ထပ်မံစစ်ဆေးမည်ဟု ဆိုသည်။

အထက်ပါ နိုင်ငံတော်အကြီးအကဲသုံးဦးစလုံးကို စစ်ကောင်စီက နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီးပုဒ်မ ၅၀၅ – ခဖြင့် အမှုတွဲအဖြစ် တရားစွဲဆိုထားခြင်းဖြစ်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေဖြင့်ပင် နေပြည်တော်၊ လယ်ဝေးမြို့နေ ဦးထွန်းမြင့်အောင်(ခ) ဦးညီညီ၏ တရားစွဲဆိုထားမှုကိုလည်း ရင်ဆိုင်နေရသည်။

ဇွန် ၂၃ရက်၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဆင့်ခေါ်ထားသော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုခံရမှု၊ မည်သည့်တရားရုံးတွင် တရားစွဲဆိုမည်ကို မသိရသေးသည့် အဂတိလိုက်စားမှုတို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည် ဖြေရှင်းရန်ရှိသေးသည်။

Show More

Related Articles

Back to top button