လှိုင်မြို့နယ်မှ အသက် (၃၅)နှစ်အရွယ် မအေးမြမိုးက ဇွန် ၁၈ ညနေကတည်းက စျေးသို့သွား၍ အနီ၊ အဖြူနှင့် အဝါရောင် နှင်းဆီပန်းများ ဝယ်ယူခဲ့သည်။
အနီက ရဲရင့်မှု၊ အဖြူက ဖြူစင်မှုနှင့် အဝါက ပျော်ရွှင်မှုတို့ ပေးစွမ်းသည်ဟူသော အဓိပ္ပာယ်ဖြင့် ချစ်ခင်လေးစားရသူ၏ ယနေ့ကျရောက်သော မွေးနေ့ရှင်အတွက် တစ်ရက်ကြိုဝယ်ယူခဲ့ခြင်း ဖြစ်သည်။ မွေးနေ့ရှင်အတွက် လတ်ဆတ်သောပန်းများဖြင့် ဂုဏ်ပြုချင်သော်လည်း စစ်ကောင်စီတပ်သားများက ပန်းရောင်းချမှုကို တားမြစ်နိုင်သလို ပန်းစျေးလည်း ရုတ်တရက်တက်နိုင်သောကြောင့် တစ်ရက် ကြိုတင်ဝယ်ခဲ့ခြင်းဖြစ်သည်။
မအေးမြမိုးဂုဏ်ပြုမည့် မွေးနေ့ရှင်က သူ၏ မိသားစု၊ ချစ်သူ၊ သူငယ်ချင်း၊ မိတ်ဆွေ မဟုတ်ပေ။ သူနှင့် မရင်းနှီးသလို တစ်ကြိမ်တစ်ခါမှ အနီးကပ်မတွေ့ဆုံဖူးပေ။
ထိုသူက လူထု၏ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပင်။
“ဝယ်ထားတဲ့ပန်းတွေကလည်း ရိုးရိုးနှင်းဆီပန်းမဟုတ်ဘူး၊ တော်လှန်ရေးပန်းတွေ”ဟု မအေးမြမိုးက ဖွင့်ဟသည်။ မွေးနေ့ရှင်သည် နှင်းဆီပန်းကြိုက်သူဖြစ်ပြီး ပြင်ဦးလွင်မြို့ရှိ နှင်းဆီးပန်းခြံတစ်ခြံမှ မှာယူ ပန်ဆင်လေ့ရှိသည်ဟု သတင်းစာတစ်စောင်တွင် ဖတ်ရှုဖူးကြောင်း မအေးမြမိုးက ပြောသည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေးထက် သုံးနှစ်ကြီးသည့် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၄၅ ဇွန်လ ၁၉ရက်တွင် မွေးဖွားခဲ့ပြီး ယနေ့သည် ၎င်း၏ (၇၆)နှစ်တင်းတင်းပြည့်မြောက်သော မွေးနေ့ဖြစ်၏။
လွန်ခဲ့သည့် ၁၀နှစ်အတွင်း ပြီးခဲ့သည့်နှစ်အထိ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို နိုင်ငံတစ်ဝန်းရှိ မြန်မာပြည်သူအများအပြားက ပုံစံမျိုးစုံဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့ကြသည်။ မွေးနေ့ရှင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီး ၂၀၁၁ခုနှစ်တွင် ကျရောက်သည့် (၆၆)နှစ်ပြည့်မွေးနေ့မှစ၍ ၂၀၁၉ အထိ အခြံအရံများစွာဖြင့် ပျော်ရွှင်စွာဆင်နွှဲခဲ့သည်။ အဆိုပါနှစ်များအတွင်း ပြုလုပ်ခဲ့သည့် မွေးနေ့ပွဲများကတော့ မွေးနေ့ရှင်၏ အပျော်ရွှင်ရဆုံးအချိန်များဟု ဆိုနိုင်သည်။
ပြီးခဲ့သည့်နှစ် ၂၀၂၀တွင် ကျရောက်သည့် (၇၅)နှစ်ပြည့် မွေးနေ့တွင်တော့ ကိုဗစ်ကပ်ရောဂါကျရောက်နေ၍ လူစုလူဝေးမပါဝင်ဘဲ နေအိမ်တွင်သာ ပြုလုပ်ခဲ့သည်။
သို့သော် ယနေ့ကျရောက်သည့် မွေးနေ့ကိုတော့ မွေးနေ့ရှင်က နေပြည်တော်ရှိ လျှို့ဝှက်သည့်နေရာတစ်ခုတွင် ထိန်းသိမ်းခံဘဝဖြင့် တိတ်တဆိတ် ကျော်ဖြတ်ရဖွယ်ရှိနေသည်။
မွေးနေ့ရှင်သည် ထိန်းသိမ်းခံဘဝဖြင့် မွေးနေ့ပွဲဆင်နွှဲခဲ့ရသည်မှာ ပထမဆုံးအကြိမ်တော့ မဟုတ်ပေ။၂၀၁၁ မတိုင်မီအထိ မွေးနေ့ပေါင်းများစွာကို ထိန်းသိမ်းခံဘဝဖြင့် တိတ်တဆိတ်ဖြတ်သန်းခဲ့ဖူးသူဖြစ်ပါသည်။
တရားဥပဒေစိုးမိုးရေး၊ အဂတိကင်းစင်ရေး၊ ပြည်တွင်းစစ်ကို အပြီးတိုင်ချုပ်ငြိမ်းရေး ကြိုးပမ်းနေသည့် မွေးနေ့ရှင်ကို စစ်အာဏာရှင်က ဖေဖော်ဝါရီ ၁ရက်တွင် ထိန်းသိမ်းလိုက်ပြီး အဂတိအမှုအပါအဝင် ပုဒ်မများစွာဖြင့် အမှုဖွင့်ထားသည်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် ဒီချုပ်အစိုးရလက်ထက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမေရိကန်ဒေါ်လာ ၆ သိန်းနှင့် အကယ်ဒမီ ရွှေ ၇ ပိဿာ ပေးအပ်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများပေါ်ပေါက်ခဲ့ကြောင်း အာဏာသိမ်းဗိုလ်ချုပ်ကြီးများက စွပ်စွဲထားသည်။
ထိုသို့ထိန်းသိမ်းခံရပြီး လေးလအကြာတွင်တော့ လက်ထဲတွင် သုံးစရာငွေကြေး၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပြတ်လပ်နေ၍ ကူညီပေးရန် ၎င်း၏ ရှေ့နေအဖွဲ့ထံ မွေးနေ့ရှင်က အကူအညီတောင်းခံခဲ့သည်။
အဂတိကင်းစင်ရေးဆောင်ရွက်မည်ဟု ကြွေးကြော်ထားသည့် မွေးနေ့ရှင်ကို အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အဂတိအမှုဖြင့် စွဲဆိုခြင်းမှာ တမင်သက်သက် လုပ်ကြံလိုက်ခြင်းဖြစ်သည်ဟု စင်ကာပူနိုင်ငံတွင် နေထိုင်အလုပ်လုပ်ကိုင်နေသော အသက် ၄၅အရွယ် ကိုကောင်းပြည့်က ပြောသည်။
“လက်ထဲမှာ သုံးဖို့ငွေပြတ်နေပြီလို့ ပြောတဲ့သတင်းကြားတော့ မျက်ရည်တွေ အလိုလိုကျလာတယ်ဗျာ။ တိုင်းပြည်ကို လမ်းမှန်ပေါ်ရောက်အောင် လုပ်ပေးနေတဲ့နေတဲ့ အမေအိုကြီးကိုဗျာ။ သူတို့မို့ ဒီလိုပုဒ်မနဲ့ လုပ်ရက်တယ်”ဟု ကိုကောင်းပြည့်က ဖွင့်ဟသည်။ ကိုကောင်းပြည့်သည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဒီချုပ်ပါတီကိုသာ မဲပေးခဲ့သည်ဟု ဆိုသည်။
ထို့အပြင် မွေးနေ့ရှင်ကြိုးပမ်းနေသည့် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးမှာလည်း ပျက်စီးသွားပြီး လက်ရှိ တိုင်းပြည်နေရာအနှံ့ပြားတွင် ပြည်တွင်းစစ်မီးတောင်လောင်နေပြီဟု ကိုကောင်းပြည့်က ပြောသည်။
“အခုက တကယ့်ကို ဆီးရီးယား၊ အာဖကန်လို ဖြစ်နေပြီ”ဟု ၎င်းက ဖွင့်ဟသည်။ ထို့ကြောင့် မွေးနေ့ရှင်၏ စိတ်ဆန္ဒအတိုင်း တစ်နေ့ဖြစ်စေရန် ယနေ့ကျရောက်သည့် မွေးနေ့တွင် ဆုတောင်းပေးမည်ဟု ကိုကောင်းပြည့်က ပြောသည်။
တစ်နိုင်ငံလုံးရှိပြည်သူများက ယနေ့ကျရောက်သည့် မွေးနေ့တွင် ထူးထူးခြားခြားအဖြစ် မွေးနေ့ရှင်အတွက် ပန်းသပိတ်ပြုလုပ်ရန် ပြီးခဲ့သည့်သုံးရက်ကတည်းက စတင်လှုံ့ဆော်ခဲ့ကြသည်။
ထိုသို့လှုံ့ဆော်သူများထဲတွင် မန္တလေးမှ နွေဦးတော်လှန်ရေး ဦးဆောင်သူတစ်ဦးဖြစ်သည့် ကိုတေဇာစန်းလည်း ပါဝင်သည်။
“ဒီပန်းသပိတ်ရဲ့ အဓိပ္ပာယ်က ကျွန်တော်တို့လူထုက ဒီစစ်အာဏာရူးတွေရဲ့ ရက်စက်ယုတ်မာ အကြမ်းဖက်မှုတွေကြောင့် ကြောက်ရွံ့၊ သွေးပျက်၊ ချောက်ချားပြီး တော်လှန်ရေးကို နောက်ဆုတ်သွားမှာ မဟုတ်ဘူး၊ ဇွဲလျှော့သွားမှာ မဟုတ်ဘူး၊ သွေးအေးသွားမှာ မဟုတ်ဘူး။ ကျွန်တော်တို့ဟာ အာဏာရူးတွေကို ဆက်လက်ပြီးတော့ အစွန်းကုန် ရင်ဆိုင်တိုက်ပွဲဝင်သွားကြမှာ ဖြစ်တယ်၊ ကြောက်သွားမှာ မဟုတ်ဘူး၊ ကျွန်တော်တို့ ပြည်သူတွေဟာ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲမျိုးစုံကို ခံနေရပါစေ၊ အာဏာရူးကို မောင်းထုတ်ဖို့အတွက်ဆို ကြံ့ကြံ့ခံလျက်ပဲ၊ ပန်းပန်လျက်ပဲဆိုတာကို ဖော်ညွှန်းခြင်းပဲ ဖြစ်ပါတယ်”ဟု ကိုတေဇာစန်းက ပြည်သူများကို အသိပေးထားသည်။
မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ကမ္ဘာနှင့် မြန်မာပြည်သူများကပါ ပန်းနှင့်တွဲပြီး ရှုမြင်တတ်ကြကြောင်း ကိုတေဇာစန်းက ဆိုသည်။ ထို့ကြောင့် ပန်းသပိတ်တွင် ပါဝင်သည့် ပြည်သူများက ဘုရားပန်းအိုးအသစ်တင်ခြင်း၊ အိမ်တွင်းအိမ်ပြင်တွင် ပန်းထိုးခြင်း၊ ပန်းအလှချိတ်ဆွဲခြင်းနှင့် အင်တာနက်လူမှုကွန်ရက်တွင်ပါ ပန်းသပိတ်ကမ်ပိန်းများဆောင်ရွက်ကြရန် ကိုတေဇာစန်းက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် တိုက်တွန်းထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ ကိုထိန်လင်းကလည်း နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံတွင် ဇွန်လ၁၆ရက်ကပြုလုပ်သည့် မွေးနေ့အကြိုအခမ်းအနားသို့ မွေးနေ့သဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာတွင် “မြန်မာပြည်သူတွေနှင့်အတူ အမေရင်ဆိုင်နေရသည့် အခြေအနေကြားမှာ အကောင်းဆုံးသော မွေးနေ့ဖြစ်ပါစေ၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်ရဖို့ စည်းစည်းလုံးလုံးနဲ့ ပြည်လည်ကြိုးစားနေကြတဲ့ မြန်မာပြည်သူတွေနဲ့လည်း တစ်သားတည်းအတူရှိနေပါတယ်”ဟု ဆုမွန်တောင်းရေးသားထားသည်။
“အမေစု အမြန်ဆုံးပြန်လွတ်ပါစေ။ လွတ်လာရင်လည်း ဒီနိုင်ငံမှာ မနေတော့ဘဲ သူ့သားသမီးတွေ၊ မြေးတွေရှိတဲ့နေရာမှာပဲ ဘဝကို အေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းရပါစေလို့ ဒီနေ့မှာ ဆုတောင်းပေးမယ်”ဟု အသက်(၃၀) အရွယ် မပိုးဆုမွန်က ဖွင့်ဟသည်။
“(၇၆)နှစ်ပြည့်မွေးနေ့မှာ နေအိမ်အကျယ်ချုပ်ဖြစ်နေတာပေါ့။ ဒါက သူ့အတွက်တော့ ပထမဆုံးမဟုတ်ပေမဲ့ နိုင်ငံရေးအရရော တိုင်းပြည်အတွက်ရော ပြည်သူတွေနဲ့တစ်သားတည်းရှိပြီးနေတယ်။ တိုင်းပြည်ကို မစွန့်လွှတ်ဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ကလည်း သူနဲ့တစ်သားတည်းရှိကြောင်း ပြနေကြတယ်။ အဲဒါကြောင့် သူအပါအဝင် ဖမ်းဆီးခံရသူအားလုံး ပြည်သူတွေဆီကို အမြန်ဆုံးပြန်လာနိုင်ဖို့ ဆုတောင်းတယ်”ဟု တကသကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ကိုဇေယျာလွင်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်သူတို့၏ မေတ္တာကို နားလည်တတ်သူဖြစ်သည်။
“ရာစုနှစ် (၁)စုရဲ့ လေးပုံသုံးပုံကို ဖြတ်ကျော်ခဲ့ပြီဆိုတော့ မေတ္တာ၊ သစ္စာ၊ ကျေးဇူးတို့ရဲ့ တန်ဖိုးကို ကောင်းစွာ နားလည်နိုင်ခဲ့ပါပြီ။ ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ်ကြိုးစားသွားပါမယ်။ အားလုံး တစ်နေ့ထက်တစ်နေ့ တိုးပြီးမေတ္တာပွားးခြင်းဖြင့် နှလုံးစိတ်ဝမ်း အေးချမ်းမှုရကြပါစေ…”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့် (၇၅)နှစ်ပြည့်မွေးနေ့တွင် မြန်မာပြည်သူများအား ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် ဆုတောင်းစကားပါးခဲ့သည်။
ယနေ့ ဇွန်လ၁၉ရက်တွင်တော့ လူမှုကွန်ရက်စာမျက်နှာနှင့် သတင်းဌာနအသီးသီးတွင် မွေးနေ့ရှင်အတွက် ပန်းသပိတ်ပြုလုပ်သည့် ရုပ်ပုံများ ဝေဝေဆာဆာဖြင့် ပျံ့နှံ့နေပါသည်။ ဦးခေါင်းထက်တွင် နှင်းဆီပန်းဆင်မြန်းသူများ၊ ဘုရားပန်းအိုးထိုးသူများ၊ လမ်းမထက်တွင် ပန်းများဖြင့် မွေးနေ့ရှင်အတွက် အလှပုံဖော်မှုများ ပြုလုပ်ပေးနေကြခြင်းဖြစ်သည်။ ထို့အပြင် ‘အမေစု ကျန်းမာပါစေ’ဟု လူမှုကွန်ရက်သုံးစွဲသူများက ဆုတောင်းရေးသားနေကြသည်။
အနုပညာရှင်အချို့ကလည်း ၎င်းတို့၏လူမှုကွန်ရက်မှတစ်ဆင့် မွေးနေ့ရှင်အတွက် ဆုတောင်းစကားများ ရေးသားထားကြသည်။
မြန်မာပြည်သူများကတော့ သူတို့ချစ်သည့် ခေါင်းဆောင်၏ မွေးနေ့ကို မမေ့ဘဲ နှစ်စဉ်နှစ်တိုင်း ကျင်းပသွားကြအုံးမည်မှာ ဧကန်မုချမလွှဲပေ။
ရန်ကုန်၊ လှိုင်မြို့နယ်မှ မအေးမြမိုးက မွေးနေ့ရှင်ဒေါ်အောင်ဆန်းစုကြည်သည် ဆရာဇော်ဂျီ၏ ‘ပန်းပန်လျက်ပါ’ ကဗျာထဲမှ ဗေဒါပင်ကဲ့သို့ဖြစ်သည်ဟု ရည်ညွှန်းပြောဆိုသည်။
“ဘဲအုပ်က တစ်ရာ နှစ်ရာ
မဗေဒါက တစ်ပင်တည်း
အယက် အကန်ခံလို့
ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ”