အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဖမ်းဆီးခံရ

စစ်တပ် ဦးဆောင်ကျင်းပသော ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးကို တော်လှန်ရေးအဖွဲ့များက ဖမ်းဆီးသွားပြီး မည်သည့်အဖွဲ့က ခေါ်ဆောင်သွားသည် မသိရသေးပေ။

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ဦးကို ရွေးကောက်ပွဲ အပိုင်း (၂) အပြီး လေးရက်အကြာတွင် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားကြောင်း သိရသည်။  

ချောင်းဦးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဖြစ်သူ ဦးတင်လှရွှေသည် ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲဝန်းကျင်တွင် ချောင်းဦးမြို့နယ်တောင်ပိုင်း၌ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်က အတည်ပြုသည်။ 

“သူ နေတာက မြို့ပေါ် ရွှေတောင်ရပ်ကွက်မှာနေတာပေါ့။ နေအိမ်ကနေ အနှိပ်သည်ခေါ်ပြီးတော့ အနှိပ်ခံ ပြီးတော့ အနှိပ်သည်ကို ပြန်လိုက်ပို့တဲ့အချိန်မှာ ချောင်းဦးတောင်ဘက်ကို ရောက်သွားတယ်လို့ ပြောတယ်။ ချောင်းဦးတောင်ရပ်ကွက်ထဲမှာ ခေါ်သွားတာ” ဟု ချောင်းဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဒုတိယ ဦးစီးမှူးက ပြောသည်။ 

ထိုသို့ ဖမ်းဆီးခံရပြီးနောက် စစ်တပ်က ရွေးကောက်ပွဲကော်မရှင်ဝန်ထမ်းများကို  လုံခြုံရေးအတွက် မြို့နယ်ထွေအုပ်ရုံးအတွင်း ပို့ထားခဲ့ကြောင်း ၎င်းက ဆိုသည်။ 

နောက်တစ်နေ့ (ဇန်နဝါရီ ၁၆ ရက်နေ့) တွင် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ရုံးအကူဝန်ထမ်းတစ်ဦး ရွာသို့ ပြန်သွားရာ ၎င်း၏ရွာတွင်ပင် ဖမ်းဆီးခံရသည်ဟု ကြားသိရသဖြင့် ဖမ်းဆီးခံရသူသည် နှစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ 

အဆိုပါဖမ်းဆီးခံရသူနှစ်ဦးလုံးနှင့် လက်ရှိအချိန်ထိ အဆက်အသွယ်ပြတ်တောက်နေပြီး မည်သည့်သတင်းမျှ ကြားသိရခြင်းမရှိသေးဟု အထက်ပါ ရွေးကောက်ပွဲကော်မရှင် ဒုဦးစီးမှူးက ဆက်ပြောသည်။ 

မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်နှင့် ရုံးဝန်ထမ်းတို့ ဖမ်းဆီးခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး ချောင်းဦးမြို့နယ်တော်လှန်ရေးအင်အားစုများက  ယနေ့အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးသော်လည်း  မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးထားသည်ဟု ကြားသိရကြောင်း တော်လှန်ရေး အဖွဲ့အချို့က Myanmar Now ကို ပြောထားသည်။

စစ်တပ်ဝါဒဖြန့်မီဒီယာအချို့ကမူ ချောင်းဦးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အသက် ၆၉ နှစ် အရွယ် ဦးတင်လှရွှေ ဖမ်းဆီးခံထားရကြောင်း ယမန်နေ့က ဖော်ပြထားကြသည်။ 

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အခြေစိုက်ရာ မုံရွာတောင်ဘက်ကပ်လျက် ချောင်းဦးမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းပြီး ကျေးလက်ဒေသအများစုကို နယ်မြေစိုးမိုးထားကာ စစ်တပ်က မြို့ပေါ်ရပ်ကွက်များတွင်သာ ထိန်းချုပ်ထားနိုင်သည်။ 

ရွေးကောက်ပွဲမတိုင်မီရက်ပိုင်းအလိုကပင် ချောင်းဦးမြို့နယ်တွင် စစ်အင်အားတိုးချထားပြီး မြို့အနီး ဝန်းကျင်ကျေးရွာများကိုလည်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကို မျက်ကွယ်ပြုကာ အာဏာသိမ်းခဲ့ပြီး ငါးနှစ်နီးပါးကြာမြင့်လာချိန် နယ်မြေအများပြား လက်လွှတ်ထားရပြီးနောက် နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်ကစ၍ အပိုင်းလိုက်ခွဲပြီးကျင်းပနေသည်။

အပိုင်း (၁) နှင့် အပိုင်း (၂) ကို ကျင်းပထားပြီး နောက်ဆုံးပိုင်းဖြစ်သည့် အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက်နေ့တွင်မြို့နယ် ၆၃ ခုတွင် ကျင်းပမည် ဖြစ်သည်။ 

တော်လှန်ရေးအင်အားစုများက စစ်တပ်၏ရွေးကောက်ပွဲသည် လူထုဆန္ဒကိုကိုယ်စားမပြုဘဲ အတုအယောင် ရွေးကောက်ပွဲဟု သတ်မှတ်၍ ကန့်ကွက်ထားပြီး ပူးပေါင်းပါဝင်ခြင်းမပြုရန် တိုက်တွန်းထားသည်။ 

အပိုင်း (၂) မတိုင်မီ ဇန်နဝါရီလ ၆ ရက်နေ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တတိယအကြီးဆုံး ရွေးကောက်ပွဲအရာရှိ ဦးအောင်လွင်ဦး လိုက်ပါလာသည့် ယာဉ်တန်းကို မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ရွှေပန်းရွာအနီး တော်လှန်ရေးတပ်ဖွဲ့များက စောင့်ကြိုတိုက်ခိုက်ရာ ၎င်း၏ ကိုယ်ရေးအရာရှိနှင့် ရဲအရာရှိ တစ်ဦးသေဆုံးကာ ‌အခြားရဲတပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင်အဖွဲ့များကို အကြမ်းဖက်အဖွဲ့များအဖြစ် ကြေညာထားပြီး ပါဝင်သူ များကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အရေးယူဆောင်ရွက်သွားမည်ဟု အမျိုးသား ညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောသည်။

“လောလောဆယ်တော့ အကြမ်းဖက်စစ်တပ်ရဲ့ရွေးကောက်ပွဲကော်မရှင်အမည်ခံ အဖွဲ့တွေကို ကျွန်တော်တို့က အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားတာရှိတယ်။ အဲ့ဒီအဖွဲ့ဝင်တွေမှာ ပါဝင်တဲ့သူတွေကိုလည်း အကြမ်းဖက်သမားတွေအဖြစ် ကြေညာထားတာရှိတယ်။ အဲ့ဒါကြောင့်အခုလောလောဆယ် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးနေဘုန်းလတ်က ဆိုသည်။

စစ်တပ်ကလည်း ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ပြဌာန်းထားပြီး ရွေးကောက်ပွဲကော်မရှင် ရုံး၊ မဲရုံ၊ မဲပုံးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပစ္စည်းများကို လူစုလူဝေးဖြင့်ဖျက်ဆီးခြင်း၊ မဲဆန္ဒရှင်နှင့် မဲရုံဝန်ထမ်းများ၊ ကော်မရှင်အဖွဲ့ဝင်များကို ခြိမ်းခြောက်ဟန့်တားခြင်း၊ အပြင်းအထန် နာကျင်စေခြင်းတို့ ကျူးလွန်လျှင် ထောင်ဒဏ် သုံးနှစ်မှ ထောင်ဒဏ်တစ်သက်အထိ ချမှတ်နိုင်သည်။ 

ထိုဥပဒေဖြင့် ၂၀၂၆ ဇန်နဝါရီလ ၅ ရက်နေ့အထိ အရေးယူဆောင်ရွက်မှု ၂၄၀ ရှိပြီး အမျိုးသား ၂၇၅ ဦးနှင့် အမျိုးသမီး ၆၀ ကို အရေးယူထားကြောင်း ဇန်နဝါရီလဆန်းက နေပြည်တော်၌ ပြုလုပ်သည့် ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ထုတ်ဖော်ပြော ကြားထားသည်။ 

Related Articles

Back to top button