အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

မြန်မာ့သမိုင်းတွင် ဂုဏ်သိက္ခာအမဲ့ဆုံး သမိုင်းဝင်မည့် အတုအယောင် ရွေးကောက်ပွဲ (အပိုင်း ၂)

စစ်တပ်ပါတီအနိုင်ရစေမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်လည်း အမတ်အရေအတွက် များများ ထွက်ပေါ်လာစေရန် မြို့နယ်အများအပြားတွင် မဲပုံး စတိထောင်နိုင်ရန် စီစဉ်ထားသည်ကို တွေ့ရသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ကျင်းပခဲ့သော ရွေးကောက်ပွဲ ပထမပိုင်းသည် မည်သည့်အတွက်ကြောင့် တရားမဝင်ခြင်း နှင့် အတုအယောင်ဖြစ်ခြင်းကို မြန်မာ့သမိုင်းတွင် ဂုဏ်သိက္ခာအမဲ့ဆုံး သမိုင်းဝင်မည့် အတုအယောင် ရွေးကောက်ပွဲ ဆောင်းပါးဖြင့် Myanmar Now က လေ့လာသုံးသပ် တင်ပြခဲ့ပြီး ဖြစ်သည်။ 

အဆိုပါ ရွေးကောက်ပွဲရလဒ်များကို စစ်ကော်မရှင်က ထုတ်ပြန်ကြေညာလာချိန်တွင် ရွေးကောက်ပွဲကျင်းပနိုင်ခြင်း မရှိသော မြို့နယ်များမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အဆင့် ကိုယ်စားလှယ်လောင်းများကို အချိုးကျ ကိုယ်စားပြုစနစ် (PR စနစ်) ဖြင့် ရွေးချယ် တင်မြှောက်ခဲ့သော စစ်ကော်မရှင်၏ လုပ်ရပ်သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း ရွေးကောက်ပွဲမရှိဘဲ PR စနစ်ဖြင့် ရွေးချယ်ခံခဲ့ရသော ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ ဆောင်းပါးဖြင့် သုံးသပ်တင်ပြခဲ့သည်။ 

ယခုတစ်ဖန် ဇန်နဝါရီ ၁၁ ရက်နေ့ ကျင်းပမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် မြို့နယ်ပေါင်း (၁၀၀) အနက် မြို့ပေါ်ရပ်ကွက် အနည်းငယ်တွင်သာ မဲပုံးထောင်နိုင်ပြီး ကျေးလက်ဒေသတွင် မဲပုံးထောင်နိုင်ခြင်း လုံးဝမရှိသော ၇ မြို့နယ် အပါအဝင် မဲဆန္ဒရှင်ပြည်သူအများစု နေထိုင်ရာ ကျေးလက်ဒေသအများစုတွင် ရွေးကောက်ပွဲ မကျင်းပ နိုင်သော ၃၁ မြို့နယ်၏ အခြေအနေကို အုပ်စု (၄) စုခွဲ၍ အချက်အလက်အခြေပြု ခွဲခြမ်းစိတ်ဖြာလေ့လာ သုံးသပ် တင်ပြသွားပါမည်။

အုပ်စု (၁) – ကျေးလက်ဒေသ ၁၀၀% တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော ၇ မြို့နယ်

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲတွင် မြို့ပေါ်ရပ်ကွက် အနည်းငယ်တွင်သာ မဲပုံးထောင်နိုင်ပြီး၊ ကျေးလက်ဒေသအားလုံးတွင် ၁၀၀ ရာခိုင်နှုန်းပြည့် မဲပုံးမထောင်နိုင်သော မြို့နယ် ၇ ခုရှိ ကြောင်း လေ့လာတွေ့ရှိသည်။ အဆိုပါမြို့နယ်အများစုမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင် လက်နက်ကိုင်တော်လှန် ရေး အားအကောင်းဆုံး စစ်ကိုင်းတိုင်းထဲမှ ကလေးဝ၊ မြင်းမူ၊ ချောင်းဦး၊ ဘုတလင်၊ အရာတော်နှင့် မော်လိုက် ၆ မြို့ နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မိုင်းယန်းမြို့နယ်တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။

အောက်ဖော်ပြပါဇယားအရ ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ဘေးတွင် တည်ရှိသော မော်လိုက်နှင့် ကလေးဝမြို့များ တွင် မြို့ပေါ်ရပ်ကွက် ၂ ခု နှင့် ၃ ခု တို့၌သာ မဲပုံးထောင်နိုင်ပြီး၊ မဲဆန္ဒရှင်ပြည်သူ အများစုနေထိုင်ကျသော ကျေးရွာ အုပ်စု ၂၈ ခုနှင့် ၃၆ ခုတို့တွင် ရာနှုန်းပြည့် မဲပုံးထောင်နိုင်ခြင်းမရှိပါ။ ထို့အတူ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ဆုံ မြစ်ဝှမ်းဒေသတွင် တည်ရှိသော အရာတော်၊ ဘုတလင်၊ မြင်းမူနှင့် ချောင်းဦး ၄ မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် အသီးသီးတွင်သာ မဲပုံးထောင်နိုင်ပြီး၊ ကျေးရွာအုပ်စုအားလုံးတွင် မဲပုံးမထောင်နိုင်ပါ။ ရှမ်းပြည်နယ်အရှေ့ပိုင်းက တရုတ်နယ်စပ်အနီးရှိ NDAA ထိန်းချုပ်နယ်မြေ မိုင်းလားမြို့နှင့်ကပ်လျက် မိုင်းယန်းမြို့တွင်လည်း မြို့ပေါ်ရပ်ကွက် ၁၃ ခုတွင် မဲပုံးထောင် နိုင်ပြီး၊ ကျေးရွာအုပ်စု ၁၅ ခုတွင် မဲပုံးမထောင်နိုင်ပါ။  

ရင်းမြစ်။ ။ စစ်တပ်၏ ရွေး/ကော် ထုတ်ပြန်ချက်များနှင့် Myanmar Information Management Unit (MIMU) အချက်အလက်များ

ထိုအချင်းအရာကို လေ့လာခြင်းအားဖြင့် တော်လှန်ရေးအင်အားစုများသည် အထက်ပါ စစ်ကိုင်းတိုင်း ၆ မြို့နယ် တွင် အလုံးစုံသိမ်းပိုက်နိုင်ခြင်း မရှိသေးသော်လည်း၊ ကျေးလက်ဒေသများကိုမူ စိုးမိုးထိန်းချုပ်ထားနိုင်စွမ်းရှိခြင်း ကို လေ့လာတွေ့ရှိရသည်။ အခြားတစ်ဖက်တွင် စစ်တပ်သည် မြို့ပေါ်ရပ်ကွက်များတွင်သာ စိုးမိုးအုပ်ချုပ်နိုင်စွမ်း ရှိပြီး၊ ကျေးလက်ဒေသများကို လက်လွှတ်ဆုံးရှုံးထားရကြောင်း ပေါ်လွင်ထင်ရှားသည်။  

စစ်ကော်မရှင်သည် နိုင်ငံတစ်ဝှမ်း နယ်မြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီး၊ ရွေးကောက်ပွဲများ ကျင်းပနိုင်ကြောင်း နိုင်ငံ တကာကို လှည့်ဖျားပြီး၊ ရွေးကောက်ပွဲတရားဝင်မှုရရှိရန်၊ မြို့နယ်အရေအတွက်များစေရန် အကြံအဖန်လုပ် ကျင်းပ နေခြင်းဖြစ်ပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တဖွဖွပြောနေသည့် သိက္ခာရှိသော ရွေးကောက်ပွဲ မဟုတ်ကြောင်း စစ်ကော်မရှင်ခန့် ရွေး/ကော် ၏ ထုတ်ပြန်ချက်များက သက်သေခံနေပါသည်။ 

အုပ်စု (၂) – ကျေးလက်ဒေသ ၉၀% ကျော်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော ၇ မြို့နယ်

အုပ်စု (၁) တွင် ဖော်ပြခဲ့သော အခြေအနေထက် အနည်းငယ်သား လျော့နည်းပြီး၊ ကျေးလက်ဒေသ ၉၀ ရာခိုင်နှုန်း ကျော်တွင် ရွေးကောက်ပွဲမကျင်းပနိုင်သော မြို့နယ် ၇ ခုရှိကြောင်း လေ့လာတွေ့ရှိရသည်။ အဆိုပါမြို့နယ်များမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက လက်နက်ကိုင်တော်လှန်ရေး အားကောင်းစွာ ပေါ်ပေါက်လှုပ်ရှားနေ သော စစ်ကိုင်းတိုင်းထဲက ဝန်းသို၊ ဖောင်းပြင်နှင့် ရေဦး မြို့နယ်များ၊ မကွေးတိုင်းထဲမှ ဂန့်ဂေါနှင့် ဆိပ်ဖြူမြို့နယ် များ၊ ကရင်ပြည်နယ်ထဲက ဖာပွန်မြို့နယ်နှင့် ကရင်နီပြည်နယ်ထဲက ဖရူဆိုမြို့နယ်တို့ ဖြစ်သည်။  

ရင်းမြစ်။ ။ စစ်တပ်၏ ရွေး/ကော် ထုတ်ပြန်ချက်များနှင့် Myanmar Information Management Unit (MIMU) အချက်အလက်များ

မြို့နယ်တစ်ခုချင်းစီ၏ အခြေအနေများကို လေ့လာမည်ဆိုလျှင် ဂန့်ဂေါမြို့နယ်၏ ရွေးကောက်ပွဲအခြေအနေသည် မြို့ပေါ်ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၇၀   ရှိသည့်အနက် ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၁ခု၌သာ မဲပုံးထောင် နိုင်သည့် အခြေအနေရှိသည်။ စင်စစ် ဂန့်ဂေါသည် ခရိုင်မြို့ဖြစ်ပြီး၊ ခရိုင်အတွင်း ဆောနှင့် ထီးလင်းမြို့နယ်များပါ ဝင်သည်။ 

ထိုဒေသကို သမိုင်းကြောင်းအရ “ယောဒေသ” အဖြစ် လူသိများပြီး၊ စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် တော်လှန် သော ယောပြည်သူ့ကာကွယ်ရေးအဖွဲ့ (YDF) အင်အားကောင်းစွာ လှုပ်ရှားသော ဒေသလည်း ဖြစ်သည်။ ထို့ကြောင့် စစ်ကော်မရှင်သည် ဂန့်ဂေါမြို့နယ်တွင် ရွေးကောက်ပွဲကို ပုံပျက်ပန်းပျက် အတင်းအကျပ် လုပ်ဆောင်နေသော် လည်း၊ ထိုဒေသကို အမှန်တကယ် စိုးမိုးထိန်းချုပ်ထားသည်မှာ တော်လှန်ရေးအင်အားစုများ ဖြစ်သည်ကို လေ့လာ တွေ့ရှိရသည်။ 

စင်စစ် ဂန့်ဂေါ်မြို့နယ်သည် စစ်တပ်ပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွဲ့ဖြိုးရေးပါတီ (USDP) ၏ နေပြည်တော် ကောင်စီနယ်မြေ ဥက္ကဌ တာဝန်ယူထားသူ အမျိုးသားရေးအစွန်းရောက်ဝါဒီ “ဘူးလက်လှဆွေ” ဟု အမည်ဆိုးဖြင့် ကျော်ကြားသော ဦးလှဆွေ၏ မဲဆန္ဒနယ်မြေဖြစ်သည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ရှုံးနိမ့်ခဲ့၍ ထိုအချိန်ကတည်းက မကျေမနပ်ဖြစ်နေခဲ့သော ဘူးလက်လှဆွေသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို လက်မခံဆန့်ကျင်ရန် အမျိုးသားရေးအစွန်းရောက်များကို ဦးဆောင်၍ ဆန္ဒပြ ခဲ့သူလည်း ဖြစ်သည်။ သို့သော် စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်သော ဘူးလက်လှဆွေသည် ၎င်း၏ မဲဆန္ဒနယ်မြေ ဂန့်ဂေါက ဝင်ရောက်ယှဉ်ပြိုင်ရန် သတ္တိဗျတ္တိ အလျင်းမရှိဘဲ ရွေးကောက်ပွဲပထမပိုင်းတွင် စစ်တပ်မဲဖြင့် သေချာ ပေါက်နိုင်မည့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်မှ ယှဉ်ပြိုင်အနိုင်ရခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်အကြား တည်ရှိသော မူးမြစ်ကမ်းဘေးက ရေဦးမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၆၂ ခုတို့ဖြင့် ဖွဲ့စည်းထားပြီး၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ (PDF) အင်အားကောင်းစွာ လှုပ်ရှားနေသော မြို့နယ်ဖြစ်သည်။ ထိုမြို့နယ်တွင် စစ်ကော်မရှင်သည် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၂ ခုတွင်သာ မဲပုံးထောင်နိုင်သော အခြေအနေရှိသည်။ 

ဤဆောင်းပါးရေးနေချိန်တွင် PDF များနှင့် စစ်တပ်အကြား တိုက်ပွဲများဖြစ်ပွားနေသော ဝန်းသိုမြို့နယ်၏ အခြေ အနေမှာ မြို့ပေါ်ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၃၈ ခုရှိသည့်အနက် ၂ ခုတွင်သာ မဲပုံးထောင်နိုင်မည် ဖြစ်သည်။ ကျန်ရှိသော ကျေးရွာအုပ်စု ၃၆ ခုကို တွင် မဲပုံးမထောင်နိုင်သော အခြေအနေနှင့် လက်ရှိမြေပြင်တွင် တိုက်ပွဲဖြစ်ပွား နေသော အခြေအနေများအရ ဝန်းသို မြို့နယ်၏ ဇန်နဝါရီလ ၁၁ ရက်နေ့ ရွေးကောက်ပွဲသည် မရေရာမှုများ လွှမ်းမိုး လျက်ရှိသည်။ 

ဝန်းသိုမြို့နယ်နှင့် နယ်နိမိတ်ထိစပ်နေသော ပတ်ဝန်းကျင်မြို့နယ်များဖြစ်သည့် ဗန်းမောက်မြို့နယ်ကို ၂၀၂၅ ခုနှစ် စက်တင်ဘာလ၊ အင်းတော်မြို့နယ်ကို ဧပြီလနှင့် ပင်လယ်ဘူးမြို့နယ်ကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ အသီးသီး တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသလက်အောက်ခံ PDF တပ်ဖွဲ့ များက မဟာမိတ် ERO ဖြစ်သော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းထိုးစစ်ဆင်သိမ်းပိုက် ထားသော မြို့များ ဖြစ်သည်။ ကျန်နယ်နိမိတ်ထိစပ်သော ကောလင်းမြို့နယ်သည် ယခင်က NUG  သိမ်းပိုက်နိုင်ခဲ့သော်လည်း ပြန်လည်လက်လွှတ်ဆုံးရှုံးထားရသော မြို့နယ်ဖြစ်သည်။ ထို့ကြောင့် ထိုဒေသရှိ စစ်ကော်မရှင်၏ လက်ကျန် အုပ်ချုပ်ရေးယန္တရားများသည် တော်လှန်ရေးအင်အားစု၏ အဓိက ပစ်မှတ်များဖြစ်ပြီး၊ ရွေးကောက်ပွဲကာလနှင့် ထိုကာလအလွန်အခြေအနေမှာ စစ်ကော်မရှင် လုံးဝ လက်လွှတ်ဆုံးရှုံးနိုင်ခြေများသော ဒေသဖြစ်သည်။

အလားတူ အိန္ဒိယနယ်စပ် တမူးမြို့နှင့်ကပ်လျက် အရှေ့ဘက် ချင်းတွင်းမြစ်အထက်ပိုင်း မြစ်ကမ်းဘေးတွင် တည်ရှိ သော ဖောင်းပြင်မြို့နယ်သည် ၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းက တော်လှန်ရေးအင်အားစုများ မြို့သိမ်းတိုက်ပွဲဆင်နွှဲဖူး သော မြို့နယ်ဖြစ်သည်။ လက်ရှိအခြေအနေမှာ မြိုပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာအုပ်စု ၄၀ခု ရှိသည့်အနက် ၄ ခုတွင် သာ မဲပုံးထောင်နိုင်ပြီး၊ ကျေးရွာအုပ်စု ၃၆ ခုတွင် မဲပုံးမထောင်နိုင်ပါ။ 

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ၏ အင်အားအတောင့်တင်းဆုံး တပ်မဟာ ၅ တည်ရှိရာ ကရင်ပြည်နယ် ဖာပွန်မြို့နယ်၏ အခြေအနေမှာ မြို့ပေါ်ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စု ၃၃ ခုရှိသည့်အနက်၊ ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၂ ခုတွင်သာ မဲပုံးထောင်နိုင်သည်။ မြို့ပေါ်ရပ်ကွက်ထက်ဝက်ဖြစ်သော  အခြားရပ်ကွက် ၄ ခုတွင် မဲပုံးမထောင်နိုင်သောအခြေအနေက ဖာပွန်မြို့နယ်၏ စစ်ရေးအခြေအနေကို ခန့်မှန်းနိုင်သည်။ ရွေးကောက်ပွဲ ပထမပိုင်း ကျင်းပနေသော ဒီဇင်ဘာလ ၂၈ ရက်နေ့တဝိုက်မှစတင်၍ KNLA ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များသည် စစ်တပ်၏ အကြီးဆုံး ဖာပွန်ဗျူဟာ ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အဆိုပါ ဗျူဟာကုန်း ကို လက်လွှတ်ဆုံးရှုံးရပါက ဖာပွန်မြို့နယ်သည် KNLA ထိန်းချုပ်မှုအောက် လုံးဝရောက်ရှိသွားပေလိမ့်မည်။

ကရင်နီတော်လှန်ရေးအင်အားစုများ ကာလရှည် သိမ်းပိုက်ထားသော ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်ကို ၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်ဖွဲ့များ ပြန်လည်ထိုးစစ်ဆင်နိုင်ခဲ့သော်လည်း၊ မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာ အုပ်စု ၁၄ ခုရှိသည့်အနက် တစ်ခုတွင်သာ မဲပုံးထောင်နိုင်မည်ဖြစ်သည်။ ဖရူဆိုမြို့နယ်အခြေအနေမှာ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ အချိန်မရွေး  ပြန်လည်သိမ်းပိုက်နိုင်သော အခြေအနေတွင် ရှိနေပါသည်။

ခြုံ၍လေ့လာသုံးသပ်ရမည်ဆိုလျှင် အထက်ပါ အုပ်စု (၁) နှင့် (၂) တွင် ပါဝင်သော ၁၄ မြို့နယ်တွင် စစ်ကော်မရှင်၏ နယ်မြေထိန်းချုပ်နိုင်စွမ်းနှင့် အုပ်ချုပ်နိုင်စွမ်းသည် မြို့ပေါ်ရပ်ကွက် အနည်းငယ်သာရှိပြီး၊ ပြည်သူအများစုနေထိုင် ရာ နယ်မြေကျယ်ပြန့်သော ကျေးရွာအုပ်စုအများအပြားတွင် အုပ်ချုပ်နိုင်စွမ်းမရှိကြောင်း လေ့လာတွေ့ရှိရသည်။ သို့သော် ထိုမြို့နယ်များအားလုံးကို အပြည့်အဝ ထိန်းချုပ်စိုးမိုးထားနိုင်သယောင်ဖြင့် စစ်ကော်မရှင်သည် ကျားဖြန့် ရွေးကောက်ပွဲကို ဂုဏ်သက္ခာကင်းမဲစွာ အတင်းအကျပ် ကျင်းပရန် ကြိုးပမ်းနေကြောင်း ပေါ်လွင်ထင်ရှားသည်။

အုပ်စု (၃) – ကျေးလက်ဒေသ ၈၀% – ၉၀% အကြား ရွေးကောက်ပွဲ မကျင်းပနိုင်သော ၅ မြို့နယ်

အတုအယောင် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ကျေးလက်ဒေသ၏ ၈၀ နှင့် ၉၀ ရာခိုင်နှုန်းအကြား မဲပုံးမထောင်နိုင် သော မြို့နယ် ၅ ခုရှိကြောင်း လေ့လာတွေ့ရှိရသည်။ ထိုမြို့နယ်များမှာ ကရင်နီပြည်နယ်ရှိ ဒီးမော့ဆိုမြို့နယ်၊ စစ်ကိုင်းတိုင်းရှိ မင်းကင်းမြို့နယ်၊ ပဲခူးတိုင်းရှိ ထန်းတပင်မြို့နယ်နှင့် မကွေးတိုင်းရှိ စလင်းနှင့် မင်းတုန်းမြို့နယ်တို့ ဖြစ်သည်။  

ရင်းမြစ်။ ။ စစ်တပ်၏ ရွေး/ကော် ထုတ်ပြန်ချက်များနှင့် Myanmar Information Management Unit (MIMU) အချက်အလက်များ

ကရင်နီသမိုင်းတွင် ဒဏ္ဍာရီဆန်ဆန် ထင်ရှားသော ငွေတောင်ဆည်တည်ရှိရာ ဒီးမော့ဆိုမြို့နယ်သည် စစ်အာဏာ သိမ်းမှုကို ဆန့်ကျင်လျက်ရှိသော ကရင်နီတော်လှန်ရေးတပ်များက သိမ်းပိုက်ထိန်းချုပ်ထားခဲ့ ရာမှ ၂၀၂၅ ခုနှစ် ဩဂုတ်လတွင် စစ်တပ်က ပြန်လည်ထိုးစစ်ဆင်သိမ်းပိုက်ခဲ့သည်။ မြို့ပျက်ကြီးဖြစ်နေပြီး မြို့နေ ပြည်သူများ စစ်ပြေးဒုက္ခသည်အဖြစ် မြို့ကို စွန့်ခွာထွက်ပြေးနေရသော အခြေအနေတွင် စစ်တပ်သည် ဒီးမော့ဆိုကို ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် အတင်းအကျပ် ထည့်သွင်းကျင်းပလာခြင်းဖြစ်သည်။ 

ဒီးမော့ဆိုမြို့နယ်တွင် ၂၀၁၇ ခုနှစ်က ရပ်ကွက် ၄ ခုဖြင့် မြို့အဆင့်တိုးချဲ့သတ်မှတ်ခဲ့သော နန်းမယ်ခုံမြို့လည်း ပါဝင်သည်။ မြေပြင်အခြေအနေအရ ဒီးမော့ဆိုမြို့ပေါ်ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၃ ခုတွင်သာ မဲပုံးထောင်နိုင် ပြီး၊ နန်းမယ်ခုံမြို့ ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၂၂ ခုတွင် မဲပုံးထောင်နိုင်ခြင်းမရှိပါ။ ကရင်နီမြို့တော် လွိုင်ကော် မှ ၉ မိုင်ကျော်သာ ကွာဝေးသော ဒီးမော့ဆိုမြိုနယ်သည် ကရင်နီပြည်နယ်၏ အခြားမြို့များနှင့် ဆက်သွယ်ရေး အချက်အချာကျသောနေရာတွင် တည်ရှိပြီး၊ ကရင်နီတော်လှန်ရေးတပ်များ  အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်နိုင် သော အခြေအနေတွင်ရှိနေသည်။

ယခုအခါ ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် မင်းကင်းမြို့နယ်ပါဝင်လာသည်။ မင်းကင်းမြို့နယ်တွင် မြို့ပေါ် ရပ်ကွက် ၃ ခုနှင့် ကျေးရွာအုပ်စု ၆၁ ခုရှိသည့်အနက်၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၈ ခုတွင်သာ မဲပုံးထောင်နိုင် သည်။ စစ်တပ်ပါတီ USDP ၏ အဓိက ခေါင်းဆောင်တစ်ဦးဖြစ်သူ၊ စစ်ဗိုလ်ဟောင်း “မင်းကင်း မောင်မြင့်” ဟု လူသိများသူ၏ မဲဆန္ဒနယ်ဖြစ်သော မင်းကင်းမြို့နယ်သည် တော်လှန်ရေးအင်အားစု အားကောင်းသဖြင့်၊ မောင်မြင့်သည် ကိုယ့်မဲဆန္ဒနယ်မြေသို့ ခြေချရဲသော သတ္တိမရှိဘဲ နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်မှ ရွေးကောက်ပွဲ ပထမပိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်၍ စစ်တပ်မဲများဖြင့် သေချာပေါက် အနိုင်ရရန် ကြိုးပမ်းခဲ့သည်။ 

စစ်တပ်ပါတီသာ အနိုင်ရရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စိတ်ကြိုက်စီစဉ်ထားသော ရွေးကောက်ပွဲ၌ပင် စစ်ဗိုလ်ဟောင်းများဖြစ်သော မင်းကင်းမောင်မြင့်နှင့် ဘူးလက်လှဆွေတို့သည် ယခင် ရွေးကောက်ပွဲများတွင် ၎င်းတို့ယှဉ်ပြိုင်ခဲ့ဖူးသော မဲဆန္ဒနယ်များတွင် သွားရောက်ယှဉ်ပြိုင်ရဲသော သတ္တိဗျတ္တိကင်းမဲ့ပုံ ဇာတိရုပ်ကို လှစ်ဟ ပြသခဲ့သော အကောင်းဆုံး သက်သေသာဓက ဖြစ်သည်။

မြန်မာ့ပြည်တွင်းစစ်သမိုင်းတွင် ပဲခူးရိုးမသည် စစ်တပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့၏ စစ်တလင်းပြင် ဖြစ်ခဲ့ဖူးသည်။ ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း စစ်အာဏာရှင်ဟောင်း နေဝင်းသည် ဗကပတို့ကို ပဲခူးရိုးမမှ အပြီး ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ပြီးနောက်ပိုင်း၊ ဆယ်စုနှစ်များစွာ တိုက်ပွဲကင်းစင်နေခဲ့သော ပဲခူးရိုးမသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့များစွာ ခြေကုပ်ယူလှုပ်ရှားလာသော နယ်မြေဖြစ်လာ ပါသည်။

ပဲခူးတိုင်းထဲက ထန်းတပင်မြို့နယ်သည် စစ်ခေါင်းဆောင် အခြေစိုက်ရာ နေပြည်တော်၏ တောင်ဖက်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် တည်ရှိသော မြို့နယ်တစ်ခုဖြစ်သည်။ ယခုအခါ ရွေးကောက်ပွဲ ဒုတိယပိုင်းကို ထန်း တပင်မြို့နယ်တွင် ကျင်းပမည်ဖြစ်ရာ၊ မြိုနယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာအုပ်စု ၂၉ ခုရှိသည့်အနက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၄ ခုတွင်သာ မဲပုံးထောင်နိုင်သည့် အခြေအနေရှိသည်။ တောင်ငူမြို့နှင့် ၁၀ မိုင်ပတ်ဝန်းကျင်သာ ကွာလှမ်းသော ထန်းတပင်မြို့နယ်၏ ကျေးလက်ဒေသအများစုကို စစ်ကော်မရှင် အုပ်ချုပ်နိုင် စွမ်းမရှိကြောင်း အထင်ရှားဆုံး ပြသနေသည့် အခြေအနေတစ်ခုလည်း ဖြစ်သည်။

အုပ်စု (၃) တွင်ပါဝင်သော မကွေးတိုင်းထဲမှ စလင်းနှင့် မင်းတုန်းမြို့နယ်များ၏ အခြေအနေမှာလည်း အလားတူပင် ဖြစ်သည်။ စလင်းမြို့နယ်တွင် ရပ်ကွက် ၁၁ ခုနှင့် ကျေးရွာအုပ်စု ၉၉ ခုရှိသည့်အနက်၊ ကျေးရွာအုပ်စု အများစုဖြစ် သော ၈၅ ခုတွင် မဲပုံးထောင်နိုင်ခြင်းမရှိကြောင်း တွေ့ရှိရသည်။ ထို့အတူ မင်းတုန်းမြို့နယ်တွင် ရပ်ကွက် ၄ ခုနှင့် ကျေးရွာအုပ်စု ၇၂ ခုရှိသည့်အနက်၊ ကျေးရွာအုပ်စု ၅၉ ခုတွင် မဲပုံးထောင်နိုင်ခြင်းမရှိပါ။ ထို့ကြောင့် အုပ်စု (၃) အတွင်းရှိ မြို့နယ် ၅ ခု၏ ရွေးကောက်ပွဲအခြေအနေမှာ ထိုမြို့နယ်များရှိ ပြည်သူအများစု၏ ဆန္ဒမဲများမပါဝင်သော ရွေးကောက်ပွဲများသာ ဖြစ်ပေလိမ့်မည်။

အုပ်စု (၄) – ကျေးလက်ဒေသ ၅၀% – ၈၀% အကြား ရွေးကောက်ပွဲ မလုပ်နိုင်သော ၁၂ မြို့နယ်

ဤရွေးကောက်ပွဲ ဒုတိယပိုင်းတွင် ပါဝင်သောမြို့နယ်များမှ ပြည်သူအများစုနေထိုင်သော ကျေးလက်ဒေသ၏ ၅၀ နှင့် ၈၀ ရာခိုင်နှုန်းအကြား မဲပုံးမထောင်နိုင်သော မြို့နယ် ၁၂ ခုကို အုပ်စု (၄) တွင် လေ့လာတင်ပြမည် ဖြစ်သည်။ ကျေးလက်ဒေသ၏ ၇၀ ရာခိုင်နှုန်းကျော် မဲပုံးမထောင်နိုင်သော မြိုနယ် ၈ ခုရှိပြီး၊ ၎င်းတို့မှာ မွန်ပြည်နယ်မှ ရေး မြို့နယ်၊ စစ်ကိုင်းတိုင်းမှ ကျွန်းလှမြို့နယ်၊ တနင်္သာရီတိုင်းမှ ရေဖြူနှင့် တနင်္သာရီမြို့နယ်၊ မန္တလေးတိုင်းမှ မတ္တရာ နှင့် တံတားဦး မြို့နယ်၊ ကချင်ပြည်နယ်မှ ဝိုင်းမော်မြို့နယ်၊  မကွေးတိုင်းမှ နတ်မောက်မြို့နယ် တို့ဖြစ်သည်။ ကျန် ၄ မြို့နယ်ဖြစ်သော မကွေးတိုင်း မင်းလှမြို့နယ်၊ ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ်၊ မွန်ပြည်နယ် ဘီးလင်းမြို့နယ်နှင့် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်တို့တွင် ကျေးလက်ဒေသ၏ ၅၀ ရာခိုင်နှုန်းအထက် မဲပုံးထောင်နိုင်ခြင်း မရှိကြောင်း အောက်ပါ ဇယားတွင် လေ့လာနိုင်ပါသည်။

ရင်းမြစ်။ ။ စစ်တပ်၏ ရွေး/ကော် ထုတ်ပြန်ချက်များနှင့် Myanmar Information Management Unit (MIMU) အချက်အလက်များ

အုပ်စု (၄) အတွင်းရှိ မြို့နယ်များထဲမှ ထူးခြားသော အခြေအနေရှိသည့် မြို့နယ်များကို ရွေးချယ်သုံးသပ်တင်ပြရလျှင်၊ ကချင်ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အရှေ့ဘက်၊ ဧရာဝတီမြစ်ခြား၍ တည်ရှိသော ဝိုင်းမော်မြို့သည် KIA  ထိန်းချုပ်ထားသော နယ်မြေများရှိပြီး၊ လက်ရှိကာလတွင် စစ်ရေးတင်းမာနေသော အခြေအနေဖြစ်သည်။ ဝိုင်းမော် မြို့နယ်အတွင်း တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ထားသော ကန်ပိုက်တီမြို့နှင့် ဆဒုံးမြို့တို့ ပါဝင်သည်။ ထိုမြို့နှစ်ခုလုံးကို KIA က သိမ်းပိုက်ထိန်းချုပ်ထားသဖြင့် ဝိုင်းမော် မြို့ပေါ်ရပ်ကွက် ၁၃ ခုရှိသည့်အနက် ဆဒုံးမြို့မှ ရပ်ကွက် ၅ ခုနှင့် ကန်ပိုက်တီမှ ရပ်ကွက် ၃ ခု မပါဝင်ဘဲ၊ ဝိုင်းမော်မြို့ပေါ်ရပ်ကွက် ၅ ခုတွင်သာ မဲပုံးထောင်နိုင်မည် ဖြစ်သည်။ ထို့အတူ ကျေးရွာအုပ်စု ၄၀ ရှိသည့်အနက် ၁၀ ခုတွင်သာ မဲပုံးထောင်နိုင်မည် ဖြစ်သည်။ စစ်ကော်မရှင် သည် ဝိုင်းမော်မြို့နယ်၏ ဧရိယာအနည်းစုကိုသာ ထိန်းချုပ်နိုင်သော အခြေအနေတွင်ရှိကြောင်း ပေါ်လွင်ထင်ရှား သည်။

တနင်္သာရီတိုင်းအတွင်း အဓိကမြစ်ကြီးဖြစ်သော တနင်္သာရီမြစ် ၏ မြစ်ဝှမ်းဒေသတွင် တည်ရှိသည့် တနင်္သာရီမြို့ နယ်တွင် တနင်္သာရီမြို့နှင့် ထိုင်းနိုင်ငံနှင့်နယ်စပ်ဂိတ်ရှိသော မောတောင်နယ်စပ်မြို့တို့ ပါဝင်သည်။   ရွေးကောက်ပွဲမကျင်းပမီ တစ်လခန့်အလို ၂၀၂၅ ခုနှစ် နိုဝင်ဘာလထဲတွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ များသည် မောတောင်မြို့ကို ထိုးစစ်ဆင်ပြီး၊ နယ်စပ်မြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့ကြောင့် တနင်္သာရီမြို့ နယ်တွင် မြို့ပေါ်ရပ်ကွက် ၅ ခု (မောတောင် မြို့ပေါ်ရပ်ကွက် ၃ ခု အပါအဝင်) ရှိသည့်အနက်၊ တနင်္သာရီမြို့ပေါ် ရပ်ကွက် ၂ ခုတွင်သာ မဲပုံးထောင်နိုင်ပြီး၊ ကျေးရွာအုပ်စု ၂၁ ခုရှိသည့်အနက် ၅ ခုတွင်သာ မဲပုံးထောင်နိုင်သည့် အခြေအနေ ရှိသည်။ ကျန်ရှိသော မြို့နယ် ၁၀ မြို့နယ်တွင်လည်း အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်မှု များ အင်အားကောင်းစွာ ရှိနေသော မြို့များ ဖြစ်သည်။

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းကို ခြုံငုံသုံးသပ်ရလျှင် မြို့နယ်ပေါင်း ၁၀၀ ကျင်းပမည့် အနက် သုံးပုံတစ်ပုံခန့်သော မြို့နယ်များ၏ လူဦးရေသည် ကျေးလက်ဒေသတွင် အဓိက နေထိုင်ကြပြီး၊ စစ်တပ် အုပ်ချုပ်မှုအောက်တွင် ရှိမနေသော မြို့နယ်များဖြစ်သည်။ သို့သော် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်း၏ ထိန်းချုပ်မှုအောက်တွင် မြို့နယ်အများအပြား ရှိနေဟန်ဖြင့် အတုအယောင်ရွေးကောက်ပွဲကို အဆိုပါမြို့နယ်များ တွင် အတင်းအကျပ် ကျင်းပပြီး၊ ရွေးကောက်ခံကိုယ်စားလှယ် အရေအတွက်များများ ထွက်ပေါ်စေရန် ကြံစည်ဖန်တီးနေခြင်းသာ ဖြစ်ကြောင်း ၎င်းတို့ ထုတ်ပြန်ခဲ့သည့် အချက်အလက်များအပေါ် အခြေပြု၍ လေ့လာသုံးသပ် တွေ့ရှိရသည်။

အလားတူ အခြေအနေတွင်ရှိသော ရွေးကောက်ပွဲ ပထမပိုင်းတွင် ပါဝင်ခဲ့သော ၂၇ မြို့နယ်နှင့်ပေါင်းလျှင်၊ စုစုပေါင်း ၅၈ မြို့နယ်သည် တော်လှန်ရေးအင်အားစုများ အလုံးစုံသိမ်းပိုက်ထိန်းချုပ်နိုင်ခြင်း မရှိသေးသော်လည်း၊ ကျေးလက် ဒေသအများစုကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ကြောင်း ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များမှတစ်ဆင့် ထင်ရှားစွာ ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။ ယင်းအခြေအနေသည် ရွေးကောက်ပွဲအလွန်တွင် စစ်အုပ်စု အတွက် အကြီးမားဆုံး စစ်ရေးစိန်ခေါ်မှုကြီးအဖြစ် ဆက်လက်ရှိနေမည် ဖြစ်သည်။ 

တော်လှန်ရေးအင်အားစုများ ပေါင်းစည်းနိုင်ပြီး၊ နိုင်ငံအနှံ့ ဟန်ချက်ညီထိုးစစ်များ ဖော်ဆောင်နိုင်မည်ဆိုလျှင် ရွေးကောက်ပွဲအလွန် ပေါ်ပေါက်လာမည့် စစ်ဝတ်စုံချွတ်ပြီး အရပ်သားဟန်ဆောင်မည့် အစိုးရ၏ တရားဝင်မှုကို ထိထိရောက်ရောက် ထိုးနှက်နိုင်မည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရသည်။

Related Articles

Back to top button