သတင်း

ဒီပဲယင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီး ၂ ဦး အသတ်ခံရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ၌ စစ်ကောင်စီမှ ခန့်ထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး၏ သမီးနှစ်ဦး ယမန်နေ့ (ဇွန် ၁၃) တွင် ဓားဖြင့် ထိုးသတ်ခံရကြောင်း ဒေသခံများက ပြောသည်။ 

ယမန်နေ့ ညနေ ၆ နာရီခွဲခန့်က ရွာမူးချောင်းနံဘေးတွင် ကြည် အ.ထ.က(ခွဲ)မှ အသက် ၃၀ ကျော်အရွယ် ကျောင်းဆရာမ ဒေါ်သန်းသန်းဆင့်၊ အသက် ၄၀ ကျော်အရွယ် ဒေါ်စံတို့သည် ဓားဒဏ်ရာများနှင့် လဲကျနေသည်ကို ဒေသခံတို့ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“ဆိုင်ကယ်က မူးချောင်းဘေး လဲနေတယ်လို့ပဲ ထင်တာ။ အနီးသွားကြည့်ကျမှ သေနေမှန်း သိကြရတာ၊ ဘယ်သူဘယ်ဝါ လက်ချက်တော့ မသိရသေးဘူး။ သူတို့က တပ်မတော်ထောက်ခံသူတွေ။ ရွာထဲမှာ မခံချင်အောင်တွေ ဆွတယ်ပြောတယ်ဆိုတော့ သေတာတောင် ဝမ်းသာနေကြတာ”ဟု ဒီပဲယင်းကြည်ရွာမှ ဒေသခံတစ်ဦးက ဆိုသည်။

“ရွာက တစ်ခုခုဆို သူတို့က စစ်တပ်ကို သတင်းပေးတာ။ တစ်မိသားစုလုံးက ဒလန်တွေ” 

၎င်းတို့အသတ်ခံရပြီးနောက် ဖခင် အုပ်ချုပ်ရေးမှူးနှင့် ကျန်မိသားစုဝင်များ တိမ်းရှောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရုပ်အလောင်းများကို ညတွင်းချင်း ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်စစ်ဆေးနေကြောင်း၊ ရွာသားတစ်ဦး လူသတ်မှုသံသယဖြင့် ဖမ်းဆီးခံထားရကြောင်း အမည်မဖော်လိုသည့် ရွာခံတစ်ဦးက ပြောသည်။

“ဘာမှမဆိုင်တဲ့လူကို ဖမ်းထားတာ၊ လူရိုးလူအေးကြီး။ သူမဟုတ်တော့ ပြန်လွတ်လာမှာပါ”ဟု ဆိုသည်။

ယမန်နေ့ညနေပိုင်း၌ ကြည်ရွာနှင့် ၁၂ မိုင်အကွာ တောင်အင်ပင်ရွာတွင် အသက် ၅၀ ကျော် အုပ်ချုပ်ရေးမှူးဟောင်း ဦးဗိုလ်တင့်သည် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးခဲ့သည်။

၎င်းသည် စစ်တပ်အသိုင်းအဝိုင်းမှဖြစ်ပြီး ရပ်ရွာ၏ အကြီးစားဒလန်အဖြစ် သတ်မှတ်ခံထားရသူဖြစ်ကြောင်း၊ ညနေ ၆ နာရီကျော်ခန့်တွင် နေအိမ်မှ ရွာထဲသို့ လမ်းလျှောက်ထွက်စဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတချို့က ဆိုသည်။

ထိုဖြစ်ရပ်များအပြီး ယနေ့ (ဇွန် ၁၄) နံနက်ပိုင်းမှစ၍ ကြည်ရွာနှင့် တောင်အင်ပင်တို့တွင် စစ်ကား ၁၆ စီးဖြင့် လုံခြုံရေးချထားပြီး ကြည်ရွာ၏အနောက်ဘက် ၂ မိုင်အကွာ ဆပ်ပြာကျင်းနှင့် ဘုတ်ရွာတို့တွင်လည်း စစ်တပ်က ယနေ့ညနေပိုင်းတွင် ပစ်ခတ်နေကြောင်း ရွာခံများက ပြောသည်။ 

ဒလန်ဟူသော ပြောဆိုချက်နှင့် ပတ်သက်ပြီး သေဆုံးသူတို့၏ မိသားစုများနှင့် ဒီပဲယင်းမြို့မရဲစခန်းထံမှ တုံ့ပြန်ချက်မရရှိသေးပေ။

ကြည်ရွာသည် အိမ်ခြေ ၃၀၀ ကျော်ရှိပြီး ရွာ၏လူဦးရေ ၃၀ ရာခိုင်နှုန်းသည် တပ်မတော်ကို ထောက်ခံကြသူများဖြစ်သည်ဟု ရွာခံတချို့က ပြောသည်။

ဒီပဲယင်းလမ်းမကြီးအနီးရှိ ကြည်ရွာသည် ၂၀၀၃ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသည့်ယာဉ်တန်း တိုက်ခိုက်ခံခဲ့ရသည့်နေရာဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း ဤမြို့နယ်သည် အာဏာသိမ်းစစ်ကောင်စီ ဆန့်ကျင်ရေးဆန္ဒပြပွဲများ အားကောင်းခဲ့သည့်နေရာလည်းဖြစ်သည်။ 

ဇွန် ၈ တွင် ဒီပဲယင်းမြို့နယ် ယဉ်ကျေးရွာဘုန်းကြီးကျောင်းကို စစ်သင်တန်းပေးသည်ဟု စွပ်စွဲ၍ စစ်တပ်က အကြမ်းဖက်စီးနင်းခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသည်။ 

မတ် ၁၈ ကလည်း ဒီပဲယင်းမြို့နယ်တွင် တည်တောနှင့် သပြေကုန်းရွာအနီး ကားလမ်းမတွင် ရဲနှင့် ရပ်ရွာလူထု ထိပ်တိုက်တွေ့ဆုံခဲ့ရာ ရဲနှစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိပြီးနောက် စစ်တပ်က ၎င်းရွာများတွင် တပ်စွဲလိုက်ရာ ဒေသခံအများအပြား ထွက်ပြေးခဲ့ရသည်။ 

Show More

Related Articles

Back to top button