
ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)၊ KNU/KNLA−PC (ငြိမ်းချမ်းရေးကောင်စီ)၊ ကရင်နယ်ကြားစောင့်တပ်ဖွဲ့ (BGF) တို့ KNU ဗဟိုဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဇွန် ၁၅ ရက်တွင် စတင်မည့် ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့၏ နှစ်ရက်ကြာတွေ့ဆုံမှုအတွင်း ဆွေးနွေးမည်ဖြစ်ကြောင်း KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်လက်နက်ကိုင်များ ပထမဆုံးအကြိမ်တွေ့ဆုံခြင်းဖြစ်ပြီး အဆိုပါ လေးဖွဲ့အနက် ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (BGF) သည် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
တွေ့ဆုံပွဲတွင် ကရင်လေးဖွဲ့အကြား နားလည်မှုရရှိရေး၊ တပ်ပိုင်းဆိုင်ရာ ထိပ်တိုက်တွေ့ဆုံထိတွေ့မှုများမဖြစ်ရေး ဆွေးနွေးသွားရန်ရှိသည်ဟု KNU တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ပြင် မေလအတွင်းက KNU တပ်မဟာ(၅) နှင့် BGF အကြား တိုက်ပွဲဖြစ်ပွားမှုကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိသည်ဟု ဆိုသည်။
“တပ်မဟာ (၅) မှာဖြစ်တာက သူတို့နေရာပဲနေတယ်ဆို ပဋိပက္ခကမဖြစ်ဘူး။ ဒါပေမဲ့ အခုက စစ်ကောင်စီရဲ့လက်အောက်မှာ နေတဲ့အခါကျတော့ စစ်ကောင်စီက ခိုင်းတဲ့အခါကျတော့ သူတို့ (BGF) လည်း မလွဲမသွေလိုက်ပါတဲ့အခါကျတော့ ဖြစ်သွားတာ”ဟု အဆိုပါ KNU တာဝန်ရှိသူက ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာနယ်မြေများတွင် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး KNU တပ်မဟာ(၅) ထိန်းချုပ်ရာနယ်မြေဖြစ်သည့် ကရင်ပြည်နယ် ဖာပွန်ဒေသ၌ အများဆုံးဖြစ်ပွားခဲ့သည်။
အာဏာသိမ်းပြီး လေးလကျော်ကာလအတွင်း ၎င်းတို့နှင့် ထိတွေ့တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၃၅၀ ထက်မနည်း သေဆုံးခဲ့သည်ဟုလည်း KNU က သတင်းထုတ်ပြန်ခဲ့သည်။
ကရင်လက်နက်ကိုင်အဖွဲ့လေးဖွဲ့၏ တွေ့ဆုံပွဲနှင့် ပတ်သက်၍ အခြားသတင်းရင်းမြစ်တစ်ဦးကလည်း “အခုလောလောဆယ် သိရတာက DKBA ဘက်ကတော့ ဒုစစ်ဦးစီးချုပ်တက်မယ်ကြားတယ်။ BGF ကတော့ ဗိုလ်ချစ်သူတို့ တက်မယ်ထင်တယ်။ KNU ကတော့ စစ်ဦးချုပ်တို့ဘာတို့ တက်မှာပေါ့။ ဘာတွေထူးမလဲဆို လက်ရှိအခြေအနေတွေ ဆွေးနွေးမှာပေါ့” ဟု ပြောသည်။