သတင်း

အင်းစိန်ထောင်ရောက် ကျောင်းသားလူငယ် ၇ ဦး ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံနေရ 

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုဖြင့် ဖမ်းဆီးခံရပြီးနောက် ရန်ကုန် အင်းစိန်ထောင်တွင် ထိန်းသိမ်းခံထားရသည့် ကျောင်းသားလူငယ် ၇ ဦးမှာ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံနေရသည်ဟု မိသားစုဝင်များက ဆိုသည်။

ကျောင်းသားလူငယ် ၅ ဦးနှင့် အလွတ်တန်းသတင်းထောက်နှစ်ဦးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေစဉ်၊ သတင်းရယူနေစဉ် ဖမ်းဆီးခံခဲ့ရသူများဖြစ်ကာ အင်းစိန်ထောင်၌ တစ်လကျော်ကြာ တိုက်ပိတ်ခံရပြီးနောက် တစ်ဦးချင်းစီခွဲကာ ရာဇဝတ်မှုဖြင့် ထောင်ကျနေသော အကျဉ်းသားနှင့် ရောနှောထားသဖြင့် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း မိသားစုဝင်များက ပြောသည်။

“သူတို့ကို နိုင်ငံရေးအကျဉ်းသားတွေလို မဆက်ဆံဘဲ ရာဇဝတ်သားတွေလို ဆက်ဆံနေတယ်။ နေရတာက အဆင်မပြေဘူး။ စိတ်ရော၊ လူရော ပင်ပန်းတယ်ပေါ့”ဟု ဆန္ဒပြစဉ် ဖမ်းဆီးခံရသူ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ပညာရေးတာဝန်ခံ ကိုဘုန်းထက်နောင်၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ထိုကျောင်းသားလူငယ် ၇ ဦးအနက် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တွင် ပန်းပုဘာသာရပ် ပထမနှစ်သင်တန်းကို တက်ရောက်နေသူ ကိုဝေယံဖြိုးမိုးလည်း ပါဝင်သည်။ 

အခြားသူများမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ သုတေသနရေးရာတာဝန်ခံ ကိုအောင်ဖုန်းမော် (နောက်ဆုံးနှစ်၊ သင်္ချာဘာသာရပ်)၊ ကျောင်းသားထုအခွင့်အရေးတာဝန်ခံ ကိုလေပြေစိုးမိုး (တတိယနှစ်၊ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာမှုပညာ)၊ ကိုသုတစိုး(ရန်ကင်းပညာရေးကောလိပ်) နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွင် သတင်းယူရင်းဖမ်းဆီးခံရသော အလွတ်တန်းသတင်းထောက်များဖြစ်ကြသည့် ကိုစိုးရာဇာထွန်းနှင့် ကိုဗညားဦးတို့ဖြစ်သည်။

“သူတို့ကတော့ အမှန်တရားအတွက် လုပ်နေတာပေါ့။ သူတို့လိုကျောင်းသားခေါင်းဆောင်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတယ်။ သူတို့ကို မဆန့်ကျင်ရဲတော့အောင် ဖိနှိပ်နေတဲ့သဘောပဲ။ ငါတို့ကို ဆန့်ကျင်ရင် မင်းတို့ဒီလိုမျိုးပဲခံရမယ်ဆိုတဲ့ ပုံစံနဲ့ ဖိနှိပ်နေတာ။ နိုင်ငံရေးအရ ဖိနှိပ်နေတာပဲ”ဟု ကိုဘုန်းထက်နောင်၏ မိသားစုဝင်က မှတ်ချက်ပြုသည်။

ကိုဝေယံဖြိုးမိုးနှင့် ကိုဘုန်းထက်နောင်၏ ရှေ့နေဖြစ်သူ ဦးသက်နောင်ကလည်း ၎င်း၏အမှုသည်များအပါအဝင် ၇ ဦးအကြား အချင်းချင်းစကားပြောသည်ကိုပင် ထောင်အာဏာပိုင်များက မနှစ်မြို့ဟု ကြားသိရကြောင်း ပြောသည်။

“ရာဇဝတ်သားတွေနဲ့ နေရတာဖြစ်တဲ့အတွက် သူတို့ရဲ့လုံခြုံရေးကို စိုးရိမ်တယ်လို့ (ရုံးချိန်းတစ်ခုတွင်) ကျွန်တော့်ကို ပြောသွားတယ်” ဟု ကိုသက်နောင်က ပြောသည်။

အဆိုပါ လူငယ် ၇ ဦးမှာ ထောင်အာဏာပိုင်များ၏ ထောင်စည်းကမ်းများဖတ်ရန်ခိုင်းစေမှုကို ငြင်းဆန်ခဲ့သဖြင့် ဧပြီ ၂၂ ရက်မှစ၍ သီးသန့်ခွဲကာ တစ်ပတ်ကြာတိုက်ပိတ်ခဲ့သည်ဟု ကိုဝေယံဖြိုးမိုး၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“ကျပ်ကျပ်သိပ်သိပ်နေရတယ်” ဟု ၎င်းက ပြောသည်။

ယင်းနောက် ၎င်းတို့ ၇ ဦးကို အင်းစိန်ထောင်အတွင်း နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် ရာဇဝတ်သားအများအပြားရှိရာ အဆောင်သို့ ပို့ဆောင်ခံခဲ့ရပြီး အကျပ်ကိုင်ငွေတောင်းခံရခြင်း၊ အလုပ်ကြမ်းခိုင်းစေခြင်းနှင့် အသက်အန္တရာယ်ဖြစ်စေနိုင်လောက်သည့် ခြိမ်းခြောက်မှုများပင် ကြုံတွေခဲ့ရသဖြင့် ထောင်အာဏာပိုင်ပင် လာရောက်ဖြေရှင်းခဲ့ရသည်ဟု မိသားစုဝင်များက ဆိုသည်။ 

နိုင်ငံရေးပုဒ်မဖြင့် အကျဉ်းကျနေသူများနှင့်အတူ ထားပေးရန် တောင်းဆိုမှုကို ထောင်အာဏာပိုင်များက လျစ်လျူရှုခဲ့ပြီး ရာဇဝတ်အကျဉ်းသားများရှိရာအဆောင်သို့ တစ်ဦးချင်းစီခွဲကာ ပို့ဆောင်ခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။ 

“ရာဇဝတ်သား ၁၀၀ ကျော်လောက်နဲ့ တစ်ခန်းတည်းအတူနေနေရတယ်။ ခိုးဆိုးလုနှိုက်သူတွေ အခြား ဆိုးသွမ်းတဲ့ ရာဇဝတ်သား၊ နှစ်ကြီးသမားတွေနဲ့ အတူနေနေရတယ်။ အခုထိ သူတို့ ၇ ယောက်က တစ်ယောက်တစ်နေရာစီမှာပဲ။ မတွေ့ရတော့ဘူး”ဟု ကိုဘုန်းထက်နောင်၏ မိသားစုဝင်က ပြောသည်။

အဆိုပါ လူငယ် ၇ ဦးလုံးကို အာဏာသိမ်းစစ်ကောင်စီက ထောင်သုံးနှစ်အထိချနိုင်သည့် မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့်ကာ အင်းစိန်ထောင်အတွင်း ဖွင့်လှစ်ထားသည့် အထူးတရားရုံးဖြင့် စစ်ဆေးနေပြီး မိသားစုဝင်များအနေဖြင့် တွေ့ခွင့်မရသေးပေ။ 

Myanmar Now က အဆက်အသွယ်ရခဲ့သည့် ကိုဝေယံဖြိုးမိုး၊ ကိုဘုန်းထက်နောင်၊ ကိုလေပြေစိုးမိုးတို့၏ မိသားစုဝင်များက အကျဉ်းကျနေသည့် ကာယကံရှင်များသည် ကြုံလာသမျှအရာများကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်မည်မှာ သေချာကြောင်းပြောကြသည်။

“စစ်တပ်ကလဲ သူတို့ကို ဆန့်ကျင်နေတဲ့သူတွေကို ထောင်ထဲထည့်ပြီး အသက်မသေတာပဲရှိတယ်၊ သူတို့ရဲ့ဘဝတွေကို အသေသတ်နေတာပဲ။ သူ့အသတ်သေတဲ့အထိကို သူက တော်လှန်နေမှာဆိုတာကို ယုံကြည်တယ်။ သူက စိတ်ဓာတ်မာသလို ရပ်တည်ချက်လဲ ခိုင်မာတယ်။ အသတ်သေသည်ထိ သူက အသေခံပြီး တိုက်သွားမယ်လို့ ကျမယုံတယ်”ဟု ကိုဝေယံဖြိုးမိုး၏ မိခင်ဖြစ်သူက ပြောသည်။

Show More

Related Articles

Back to top button