အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းလေကြောင်းတိုက်ခိုက်မှု လူ ၉၀ နီးပါးသေဆုံး

လက်နက်ကိုင်တော်လှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းကို ယခင်လအတွင်း အရှိန်မြှင့် လေကြောင်းတိုက်ခိုက်ခံရပြီး ၁၆ မြို့နယ်ထက် မနည်းတွင် သေဆုံးသူ ၉၀ နီးပါးနှင့် ဒဏ်ရာရသူ ဒါဇင်နှင့်ချီနေသည်။

နိုင်ငံအလယ်ပိုင်း တော်လှန်ရေးအားကောင်းရာ စစ်ကိုင်းတိုင်းကို စစ်ကော်မရှင်က ဒီဇင်ဘာတစ်လလုံး လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့ရာ သေဆုံးသူ ၉၀ နီးပါးရှိပြီး ၁၇၀ ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းတွေ့ရှိရသည်။

နှစ်ကုန်သည့် ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းရှိ စစ်ကိုင်း၊ ရွှေဘို၊  မုံရွာ၊ ချောင်းဦး၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊  ရေဦး၊ ဘုတလင်၊ ဝက်လက်၊ ဒီပဲယင်း၊ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကသာနှင့် ဗန်းမောက် စသော မြို့နယ် ၁၆  ခုတို့တွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း သေဆုံးသူ  ၈၈ ဦး နှင့် ဒဏ်ရာရသူ ၁၇၀ ဦး အထိ ရှိနေသည်။

စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်သည့် နေရာအများစုသည် အရပ်သားအများစုနေရာ ကျေးရွာများနှင့် လူစည်ကားရာနေရာများ ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းများ၊ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများလည်း ပါဝင်နေသည်ဟု ဒေသခံများနှင့် ဒေသကာကွယ်ရေးအဖွဲ့များကို ကိုးကား၍ သိရသည်။

အရပ်သားများကိုပါ စစ်ရေးပစ်မှတ်အဖြစ်တိုက်ခိုက်လာပြီး အရပ်သားပြည်သူများအား လေကြောင်း အန္တရာယ်ကာကွယ်ရေးကြိုတင်အသိပေးမှုများ လုပ်ဆောင်နေကြောင်း ကောလင်းမြို့နယ် လေကြောင်း ကင်းထောက်အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

“အခုက စစ်ရေးပစ်မှတ်တွေတင်မဟုတ်တော့ဘဲ အရပ်သားတွေကို ပစ်မှတ်အဖြစ် သတ်မှတ်ပြီး တိုက်နေ တာတွေ့ရတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပြည်သူကိုတော့ ကြိုတင်အသိပေးမှုတွေ လုပ်တဲ့အခါမှာ ရာနှုန်းပြည့် မဟုတ်တောင် ၈၀ ရာခိုင်နှုန်းလောက်တော့ အသိပေးနိုင်ပါတယ်” ဟု အထက်ပါအဖွဲ့ဝင်က ဆိုသည်။ 

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကို အရှိန်မြှင့်ခဲ့ပြီး အချို့ရက်များတွင် တစ်ရက်အတွင်း သုံး၊ လေး မြို့နယ်အထိ တိုက်ခိုက်သည်ကို တွေ့ရသလို အချို့မြို့နယ်များကို ပစ်မှတ်ထားကာ အဓိကတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ 

ဝက်လက်မြို့နယ်တစ်ခုတည်းတွင်ပင် မန္တလေးတိုင်းနှင့် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်ကမ်းဘေးမြို့နယ် အရှေ့ခြမ်းကို တစ်လအတွင်း လေကြောင်းတိုက်ခိုက်ခဲ့မှု ၁၄ ရက်ထက်မနည်းရှိခဲ့ပြီး အချို့နေရာများကို ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ 

ဝက်လက်ဒေသ လေကြောင်းတိုက်ခိုက်မှုများအတွင်း သံဃာနှစ်ပါး ပျံလွန်တော်မူသည့်အပြင် အရပ်သား ၂၆ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရရှိပြီး နေအိမ်၊ ကားများ ပျက်စီးမီးလောင်ခဲ့ကြောင်း ဒေသတွင်း စစ်ရေးနှင့် လေကြောင်းသတင်းများ မျှဝေပေးနေသည့် Welet Informational Network မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“သတိပေးချင်တာက ဒီ စကစ စစ်ရှုံးကောင်စီက လေကြောင်းနဲ့ အမြဲတိုက်ခိုက်နေတော့ ပြည်သူတွေအနေနဲ့ လေကြောင်း အသိ၊ သတိရှိကြဖို့ အသိပေးချင်ပါတယ်” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်း လေကြောင်းပျံသန်းမှုများ ဆက်တိုက်ရှိနေပြီး ကင်းထောက် လေယာဉ်များ၊ Spy Balloon များ ၊ ဒရုန်းများက နေ့ညမပြတ် ပျံသန်းနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ပြည်သူများအား လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ အစီအမံများ ပိုမိုလုပ်ဆောင်ပေးစေလိုကြောင်း အထက်ပါ ကောလင်းမြို့နယ် လေကြောင်းကင်းထောက်အဖွဲ့ဝင်က ပြောသည်။

“ NUG ကို ဘာထောက်ပြချင်လဲဆိုတော့ အဓိကက လေကြောင်းရန်ကာကွယ်ရေးစနစ် (Early Warning System) ကို ဘယ်လောက်ထိ ထိထိရောက်ရောက် လုပ်ပေးနိုင်မလဲပေါ့။ အဲဒါကို ဦးစားပေးအဆင့် သတ်မှတ်ပြီး လုပ်ပေးစေချင်တာ။ ဒါက ခေတ်မီနည်းပညာမျိုးမဟုတ်ဘဲ ကုန်ကျစရိတ်နည်းနည်းနဲ့ ပြည်သူကို ဘယ်လောက်ထိ လုပ်ပေးနိုင်မလဲပေါ့”  ဟု ၎င်းက မှတ်ချက်ပြုသည်။

စစ်ကိုင်းတိုင်း၌ စစ်ကော်မရှင်တပ်သည် လေကြောင်းတိုက်ခိုက်မှုများအပြင် မြေပြင်စစ်ကြောင်းများ အင်အား ရာချီသုံးကာ မြို့နယ် ၁၅ ခုထက်မနည်းကို ၂၀၂၅ ခုနှစ် သြဂုတ်လတွင် တကျော့ပြန် စစ်ကြောင်းထိုးလာပြီး နယ်မြေအချို့ ပြန်လည်ရယူနိုင်သကဲ့သို့ အရေးကြီးလမ်းပိုင်းများကိုလည်း ပြန်လည်ထိန်းချုပ်နိုင်လာသည်။

အာဏာသိမ်းစစ်တပ်သည် ၎င်းတို့ စိုးမိုးထိန်းချုပ်နိုင်စွမ်းမရှိသော နယ်မြေတို့တွင် အကြမ်းဖက်နှိမ်နှင်းမှု စစ်ဆင်ရေးဟု ခေါင်းစဉ်တပ်ကာ လေကြောင်း၊ လက်နက်ကြီးများအသုံးပြုပြီး ကာကွယ်ရေးအဖွဲ့ဝင်နှင့် အရပ်သားပြည်သူဟု  ခွဲခြားမှုမရှိဘဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ ကျူးလွန်သည်။ 

၂၀၂၃ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနေ ပြည်သူများကို လေကြောင်းမှပင် တိုက်ခိုက်ရာမှ  ၁၇၀ ခန့် အစုအပြုံလိုက် သေဆုံးခဲ့ပြီး ထိုလမ်းစဉ်ကို ကျင့်သုံးနေကြောင်း စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထပ်မံအတည်ပြုခဲ့သည်။ 

ပဇီကြီးရွာတိုက်ခိုက်မှုတွင် လူအစုလိုက်အပြုံလိုက် သေဆုံးပြီးနောက် စစ်ကော်မရှင်ပြောခွင့်ရသူက ထိုအခြေအနေ ရှင်းလင်းချက်ထုတ်ပြန်ရာတွင် သေဆုံးသူများသည် PDF ဝန်းရံသူများဖြစ်ကြောင်း ၎င်းက စွပ်စွဲ ပြောဆိုခဲ့သည်။

“ဒီလိုတိုက်ခိုက်တဲ့နေရာမှာ ကျွန်တော်ပြောသလို  သူတို့ရဲ့လက်နက်ခဲယမ်းတိုက် ယမ်းတွေသိုလှောင် ထားတဲ့နေရာ  ထိမှန်ခဲ့တာရှိတယ်။ အဲ့ဒီကနေပေါက်ကွဲခဲ့တာရှိတယ်။ အဲ့ဒီကနေ ပေါက်ကွဲခဲ့တဲ့ အတွက်ကြောင့်မို့လို့ ခုနပြောတဲ့ သူတို့အတင်း ဝန်းရံခိုင်းထားတဲ့သူတွေပေါ့၊ PDF ထောက်ခံသူတွေ၊ ဒါမှမဟုတ် သူတို့ကိုကြောက်လို့ ဝန်းရံနေရတဲ့သူတွေရဲ့ ထိခိုက်ဒဏ်ရာရရှိမှုတော့ ရှိကောင်းရှိနိုင်တယ်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်”  ဟု ၎င်းက ထည့်သွင်းပြောခဲ့သည်။

ဒီဇင်ဘာလ တတိယပတ်အထိ သေဆုံးသူ ၆၀ နီးပါးရှိခဲ့ပြီး စစ်ကိုင်းတိုင်းဒေသတွင်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်ခဲ့မှုများကိုဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များကို ကိုးကား၍ Myanmar Now က စာရင်းပြုစုထားခြင်း ဖြစ်သည်။

အခင်းဖြစ်ပွားစဉ် သတင်းအချက်အလက်ရရှိမှု အခြေအနေများသာဖြစ်သကဲ့သို့ နောက်ဆက်တွဲ အခြေအနေများတွင် သေဆုံးသူဦးရေသည် ယခုထက် ပိုမိုများပြားနိုင်သည်။

ဘုတလင်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ဖွဲ့တစ်ခုမှ ဒုရင်းမှူးတစ်ဦးက စစ်တပ်က စစ်ကိုင်းတိုင်းကို ဖိနှိပ်နေသော်လည်း ၎င်းတို့က နောက်ဆုတ်မည်မဟုတ်ကြောင်းဆိုသည်။

“စစ်ကိုင်းကို ဖိတယ်ဆိုတာ တော်လှန်ရေး အားကောင်းသလို၊ လက်နက်ကိုင်တော်လှန်ရေးရဲ့ စတင်ရာဖြစ်တယ်။ မီးရှို့ဖျက်ဆီးတာဆိုလည်း အများဆုံးပဲ။ စစ်ရေးပစ်မှတ်မဟုတ်ဘဲ ပြည်သူတွေရဲ့ အသက် အိုးအိမ်ကို ထိခိုက်ပျက်စီးအောင် လူမဆန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်လည်း စစ်ကိုင်းတိုင်းသားတွေက တော်လှန်ရေးကို နောက်ဆုတ်မှာ မဟုတ်ဘူး။ အဆုံးအစွန်ထိသွားကြမှာပဲ” 

စစ်ကိုင်းတိုင်းအတွင်း အင်းတော်၊ မော်လူး၊ ပင်လည်ဘူး၊ ခမ်းပတ်၊​ မြို့သစ်နှင့် ရွှေပြည်အေး၊ ဗန်းမောက် မြို့များကို NUG က သိမ်းပိုက်ထားပြီး မန္တလေးတိုင်းအတွင်း စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့ကို လက်လွှတ်လိုက်ရကာ တကောင်းတစ်မြို့သာ ကျန်ရှိသည်။

လက်ရှိ စစ်ကိုင်းတိုင်းအတွင်း ဘုတလင်တွင် တိုက်ပွဲပြင်းထန်နေသလို စစ်ကိုင်းတိုင်းနှင့်ကချင်ပြည်နယ် နယ်စပ် ကသာမြို့နယ်တွင်လည်း မြို့သိမ်းတိုက်ပွဲပြင်းထန်နေသည်။ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း ဆက်သွယ်ထားရာ လမ်းကြောင်းပေါ်ရှိ ဗန်းမောက်မြို့အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

အလားတူခင်ဦးနယ်အတွင်း  ယခင်လက နှစ်ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲခံထားရသော ရွှေဘို-မြစ်ကြီးနားလမ်းတစ်လျှောက် စစ်ရေးတင်းမာနေသည်။ ကလေးနှင့် တမူးမြို့နယ်များတွင် စစ်တပ်က နယ်မြေပြန်စိုးမိုးရေး ဆက်တိုက်စစ်ကြောင်းထိုးနေပြီး ဝက်လက်ဒေသတွင်လည်း စစ်ကြောင်းထိုးနေသည်။

တန့်ဆည်နှင့် ကန့်ဘလူနယ်  သဖန်းဆိပ်ဆည်အနား ကျေးရွာအချို့ကို တော်လှန်ရေးအဖွဲ့များ သိမ်းလိုက်သောကြောင့် လက်ရှိအခြေအနေသည် စစ်ရေးတင်းမာနေသည်ဟု ဒေသကာကွယ်ရေးအဖွဲ့များထံက သိရသည်။ 

NUG ၏ ၂၀၂၆ ဇန်နဝါရီလ ၁ ရက်နေ့က ထုတ်ပြန်သော ၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာတွင် အညာနှင့်စစ်တောင်းမြစ်ဝှမ်းဒေသတို့၌ တိုက်ပွဲပေါင်း ၃၀၀၀ နီးပါး ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။ 

Related Articles

Back to top button