အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရန်ကုန် – မန္တလေးမီးရထားလမ်း ဗုံးကွဲမှုအပြီး လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ 

ပဲခူးတိုင်း ကညွတ်ကွင်းမြို့နယ်တွင် ရန်ကုန်-မန္တလေးမီးရထားသံလမ်း ဗုံးပေါက်ကွဲမှုအပြီး လူငယ် ၁၀ ဦးထက်မနည်း ရိုက်နှက်ဖမ်းဆီးခံရကြောင်း ဒေသခံများက ပြောသည်။

ကညွတ်ကွင်းမြို့နယ် ဂုံးတဲရွာအဝင်၊ ဖိုးလောင်းတံတားပေါ်တွင် ဇွန် ၈ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သုံးရက်အကြာ ဇွန် ၁၁ ရက် ညပိုင်းမှစ၍ စစ်ကောင်စီ၏ တပ်နှင့် ရဲတို့က ကညွတ်ကွင်းမြို့ပေါ်ရှိနေအိမ်များကိုပါမချန် ဝင်ရောက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူအများစုမှာ အသက် ၂၀ ဝန်းကျင်လူငယ်များဖြစ်ပြီး ဖမ်းဆီးခံရသည့် အကြောင်းရင်းကိုမူ အတိအကျမသိရသေးကြောင်း ဒေသခံများက ပြောသည်။ 

အချို့သော ဖမ်းဆီးမှုများအတွင်း စစ်ကောင်စီက လက်နက်ကိုင်အင်အား ၅၀ နီးပါးခန့်သုံးပြီး အိမ်တံခါးကို ရိုက်ချိုးဖျက်ဆီး၍ ဝင်ရောက်ခြင်း၊ သေနတ်ပစ်ဖောက်စီးနင်းခြင်းများ ပြုမူခဲ့ကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“(ဇွန် ၁၁ ရက်) ညဦးပိုင်းကတည်းက ဟိုအိမ်ဝင်ဖမ်း၊ ဒီအိမ်ဝင်ဖမ်းနဲ့ ဖမ်းတာ”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ကညွတ်ကွင်းဒေသခံတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးဘဲ ၂၄ နာရီကျော်သည်အထိ အဆက်အသွယ်ပြတ်တောက်နေဆဲဖြစ်သည်ဟုလည်း မိသားစုဝင်အချို့က Myanmar Now ကို ပြောသည်။

ကညွတ်ကွင်းမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများ၊ အရုဏ်ဦးသပိတ်များ ယခင်က ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြပွဲများရပ်နားထားသည်မှာ တစ်လနီးပါးခန့်ရှိလာချိန်တွင် ပထမဆုံးအကြိမ်အဖြစ် လူငယ်အများအပြား ဝင်ရောက်ရိုက်နှက်ဖမ်းဆီးခံရခြင်းလည်းဖြစ်သည်။

“စိတ်အေးလက်အေးနဲ့ အိပ်လို့မရတဲ့ ဘဝကိုရောက်သွားတာ။ အရင်တုန်းကတော့ ကိုယ့်အိမ်မှာကိုယ် ရဲရဲဝံ့ဝံ့ အိပ်ရဲကြတယ်။ အခုတော့ နိုင်ငံရေးထဲမှာ မပါတဲ့သူတောင်မှ ကိုယ့်အိမ်မှာကိုယ်အိပ်တာ မလုံခြုံတော့သလို ဖြစ်ကုန်ပြီ။ ဘယ်အချိန် ကိုယ့်အိမ်ကိုလာပြီး ဘာပုဒ်မမှန်းမသိ၊ ဘာမှန်းညာမှန်းမသိ အဖမ်းခံရမယ့်ဘဝမျိုးဖြစ်နေတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ 

ရန်ကုန်-မန္တလေး မီးရထားလမ်းဗုံးပေါက်ကွဲမှုကြောင့် ရထားတွဲတစ်တွဲ လမ်းချော်သွားခဲ့သော်လည်း ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများ၌မူ ထိုအကြောင်းဖော်ပြထားသည်ကို မတွေ့ရပေ။

ဒေသခံတို့၏အဆိုအရ ကညွတ်ကွင်းမြို့နယ်အတွင်း ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဗုံးပေါက်ကွဲမှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး အများစုမှာ ရန်ကုန် -မန္တလေးမီးရထားလမ်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဇွန် ၄ ရက်နေ့က ကညွတ်ကွင်းမြို့နယ် မြောက်ခုံးကျော်တံတားအနီး ပေါက်ကွဲမှုတွင် စစ်ကောင်စီဘက်က တစ်ဦးဒဏ်ရာရသည်ဟု ဒေသခံတို့ကပြောသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်မှစ၍ ဇွန် ၁၁ ရက်အထိ အရပ်သားပြည်သူ ၄၈၀၀ ကျော် ဖမ်းဆီးချုပ်နှောင်ခံထားရပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၁၇၆ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်သည်။

AAPP သည် တရားမဝင်အဖွဲ့အစည်းဖြစ်ကြောင်း ပြောဆိုထားသည့် စစ်ကောင်စီကမူ ၎င်းတို့ဖမ်းဆီးထားသည့် အရပ်သားပြည်သူအရေအတွက်ကို အမြဲတစေထုတ်ပြန်လေ့ မရှိပေ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button